ကျော်စိုးမိုး
ကမာရွတ်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမ ဘူတာရုံလမ်းမီးပွိုင့်အနီးတွင် ယာဉ်ရှစ်စီးဆင့်တိုက်မှု ဇွန် ၂ ရက်၊ နံနက် ၇ နာရီခွဲခန့် ကဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း၊ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးက ရဲအရာရှိတစ်ဦးကပြောသည်။
ရန်ကုန်-အင်းစိန်လမ်းအတိုင်း လှည်းတန်းဘက်မှ အင်းစိန်ဘက်သို့ မောင်းနှင်လာသည့် မင်္ဂလာဈေး-ရွှေပြည်သာ ပြေးဆွဲသည့် စစ်မှုထမ်းဟောင်း ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်သည် စံရိပ်ငြိမ် (၂) လမ်းထိပ်၊ ဘူတာရုံလမ်းမီးပွိုင့်အနီး မီးနီ၍ရပ်ထားသည့် ကာဒီနား အငှားယာဉ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယင်းကာဒီနားယာဉ်မှတစ်ဆင့် ကိုယ်ပိုင်ယာဉ်သုံးစီး၊ အငှားယာဉ်နှစ်စီး၊ ၄၈ ယာဉ်လိုင်းမှ ဟီးနိုးဘတ်စ် ခရီးသည်တင်ယာဉ်တစ်စီးကို တိုက်မိခဲ့သည်။ စုစုပေါင်း ယာဉ်ရှစ်စီးဆင့်တိုက်မှုဖြစ်ပွားခဲ့မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်များ၏ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးနေသည်ဟု အမှတ် (၂) ယာဉ်ထိန်းတပ် ဖွဲ့ခွဲရုံးက ရဲအရာရှိတစ်ဦးကဆိုသည်။
"မီးပွိုင့်မီးနီနေတာကို အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ၀င်တိုက်တာကနေ ရှစ်စီးဆင့်တိုက်မိတာပါ၊ ယာဉ်မောင်းကိုလည်းဖမ်းဆီး စစ်ဆေးနေပါတယ်၊ ယာဉ်မောင်းတွေအနေနဲ့ မီးပွိုင့်မီးနီတာကို မြင်ရင် အဝေးကတည်းက အရှိန်လျှော့မောင်းနှင်သင့်ပါတယ်" ဟု ၎င်းကပြောသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်မောင်းဦးခင်မြင့်ကို ကမာရွတ်မြို့မရဲစခန်း က ယာဉ် (ပ) ၂၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေသည်။
No comments:
Post a Comment