ရွှေဉာဏ်ဇော်
အမရပူရ မြို့တော်သစ်ကို ဘိုးတော် ဗဒုံမင်း တည်ခဲ့ပါတယ်။ ခရစ်နှစ် ၁၇၈၂ က တည်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်မှာ တည်ခဲ့တယ်ဆိုတဲ့အကြောင်းကို ရှေးပညာရှိများက “အင်းအိုင် ဝိုက်လည်၊ ဘိုးတော်တည် ရွှေပြည်အမရ၊ သာမောစွ” လို့ ဆိုခဲ့ပါတယ်။
ဥရောပနဲ့အာရှကို လှည့်လည်နေတဲ့ မိုက်ကယ်ဆိုင်း၊ အမရပူရကို ရောက်ခဲ့တုန်းက တောင်သမန် ဝန်းကျင်ကို တွေ့သွားပြီး တောင်သမန်ဝန်းကျင်လောက် သာယာကြည်နူးဖွယ်ကောင်းတဲ့ နေရာမျိုး မတွေ့ခဲ့သေးဘူးလို့ မှတ်တမ်းမှာ ရေးခဲ့ပါသတဲ့။ တကယ်လည်း အင်းတွေ၊ အိုင်တွေ ပတ်လည်ဝိုင်း နေတဲ့မြို့ဖြစ်ပါတယ်။ မြို့တော်အနီးမှာရှိတဲ့ တောင်သမန်အင်းနဲ့ တက်သေးအင်းဟာ ဒီကနေ့အထိ ထင်ရှားနေပါသေးတယ်။
ဒီနှစ်သင်္ကြန်အပြီးမှာ တောင်သမန်အင်း အလှပျက်၊ အကျည်းတန်ခဲ့ရပြီ ဖြစ်ပါတယ်။ တောင်သမန် အင်းအတွင်းမှာ ငါးတွေအစုလိုက် အပြုံလိုက်သေနေတဲ့ ပုံတွေကို ဂျာနယ်၊ သတင်းစာတွေမှာ တွေ့ခဲ့ကြပြီး ဖြစ်ပါမယ်။
ငါးတွေ ဘာကြောင့် သေတာလဲ။
(၁) ငါးရောဂါကြောင့် သေတာလား၊ (၂) ဆေး (အဆိပ်) ချခံရလို့ သေတာလား၊ (၃) လျှပ်စစ်ဝါယာ ရှော့တိုက်လို့လား၊ (၄) ရေဆိုးတွေကြောင့် သေတာလား၊ (၅) အင်းအရွယ်၊ အင်းအကျယ်၊ ရေပမာဏနဲ့ ငါးအကောင်ရေမမျှလို့ သေတာလား စတဲ့ စတဲ့ အကြောင်းရင်းတွေကို တွေ့အောင်ရှာရမှာ ဖြစ်ပါတယ်။
မေလ ၁၅ ရက်နေ့ထုတ် မန္တလေး နေ့စဉ်သတင်းစာမှာ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ကို တွေ့ရပါတယ်။ “၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၂ ရက် နှင့် ၃၀ ရက်များတွင် တောင်သမန်အင်းအတွင်း ရေဆိုးများ ဝင်ရောက်၍ ရေထုညစ်ညမ်းလျက် ငါးများ၏နေထိုင်မှု ပတ်ဝန်းကျင် ထိခိုက်ခဲ့ပြီး အောင်စီဂျင် ပြတ်တောက်မှုကြောင့် ငါးများအစုလိုက် အပြုံလိုက် အမြောက်အမြား သေဆုံးမှုများ ဖြစ်ပွားခဲ့ပါသည်” လို့ ဆိုထားတာ တွေ့ရပါတယ်။
ရေဆိုးလို့ဆိုရာမှာ အရက်ချက်စက်ရုံ၊ သားရေ စက်ရုံ၊ သကြားစက်ရုံ၊ စက္ကူစက်ရုံ စတဲ့ စက်ရုံတွေက စွန့်ပစ်တဲ့ ရေဆိုးနဲ့ လူနေအိမ်များက စွန့်ပစ်တဲ့ မိလ္လာရေဆိုးများကို ဆိုလိုကြောင်း တွေ့ရပါတယ်။
တခြားထောင့် တထောင့်က စဉ်းစားကြည့်ရင် တောင်သမန်အင်းထဲကို ဆေး (အဆိပ်) ပစ်ချခဲ့တာ မျိုးဆိုရင်လည်း အလွန်ပြင်းတဲ့ရေဆိုး ဖြစ်သွားနိုင်ပါတယ်။ ငါးမွေးမြူရေး ကန်ပိုင်ရှင်များဟာ ဆေးပစ်ခံရမှာကို အလွန်ကြောက်ကြပါတယ်။
အင်ဒရင်းဆိုတဲ့ ပိုးသတ်ဆေးဟာ ထိရင်လည်း သေတယ်၊ စားရင်လည်းသေတယ်။ အရေပြားကနေတဆင့် ဆေးဝင်ပြီးသေနိုင်တယ်၊ ငါးအတွက် အလွန်ပြင်းတဲ့ အဆိပ်ဖြစ်ကြောင်း ပိုးသတ်ဆေး စာအုပ်တအုပ်မှာ ဖတ်ရဖူးပါတယ်။
ဒါကြောင့် သူတို့ရဲ့ငါးကန်တွေကို လူအများ သွားတဲ့လမ်းနဲ့ ခဲတပစ်စာမကဝေးတဲ့ ဝင်းခြံကြီးများရဲ့အလယ်မှာ ငါးကန်တူးပြီး နေ့အစောင့်၊ ညအစောင့်တွေနဲ့ ငါးမွေးမြူရေးလုပ်ကြတာ ဖြစ်ပါတယ်။
တောင်သမန်အင်းကတော့ လူအများ လွတ်လွတ်လပ်လပ် သွားနိုင်တဲ့နေရာဖြစ်တယ်။ ကျယ်တဲ့ အင်းလည်းဖြစ်တယ်။ ဒါကြောင့် ထိန်းသိမ်းစောင့်ရှောက်မှုမှာ အားနည်းနိုင်ပါတယ်။
ပိုးသတ်ဆေးကြောင့်ဖြစ်တဲ့ ရေဆိုးလာရာကို မပြောနိုင်ပေမယ့် စက်ရုံတွေက ထွက်လာတဲ့ ရေဆိုးလာရာ လမ်းကြောင်းကိုတော့ ပြောနိုင်ပါတယ်။
စက်မှုဇုန်ကနေ ၆၇ လမ်းအတိုင်း တောင်ဘက်တလျှောက် တောင်အင်း၊ မြောက်အင်းရောက်အောင် ရေဆိုးပို့ လွှတ်တာကို တွေ့ရပါတယ်။ တောင်အင်း မြောက်အင်း နာရေးပို့ဖူးတဲ့သူတိုင်း ရေဆိုးအနံ့ကို ခံစားသိရှိကြပြီးဖြစ်မှာပါ။ တောင်အင်း မြောက်အင်း ဝန်းကျင်ရွာတွေက ရေဆိုးနံ့ ခံနေရတဲ့အကြောင်း၊ ရေဆိုးနံ့ကို ဖြေရှင်းမပေးရင် ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်ကို တရားစွဲမယ်ဆိုတဲ့အကြောင်း သတင်းစာမှာ ဖတ်ခဲ့ကြရပြီးဖြစ်မှာပါ။ ဒါဆိုရင် စက်မှုဇုန်ကထွက်တဲ့ ရေဆိုးဟာ တောင်အင်း မြောက်အင်းနဲ့ပဲ ပတ်သက်ပြီး တောင်သမန်အင်းနဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောရမှာဖြစ်ပါတယ်။
နောက်ထပ်ရေလမ်းကြောင်းက ပရံတော်ချောင်းနဲ့ လက်ခုတ်ပင်ချောင်း ဖြစ်ပါတယ်။ စက်မှုဇုန်နဲ့ တောင်သမန်အင်းကို ပတ်သက်စေတဲ့ ချောင်းများ ဖြစ်ပါတယ်။
ပရံတော်ချောင်းဟာ ရေတံခွန်တောင်အနီး အိုင်ကြီးဆိုတဲ့နေရာက စပါတယ်။ အောင်ပင်လယ်ကန်တွင်း၊ မြို့သစ်၊ အင်းခရုတံတား၊ ငွေတော်ကျီ ကုန်းတံတား၊ ရန်ကုန်-မန္တလေးလမ်း တံခွန်တိုင် တံတား၊ ရတနာပုံတက္ကသိုလ် မြောက်ပေါက် ဦးရွှေ တောင်တံတားကနေ တောင်သမန်အင်းထဲကို စီးဝင်တာ ဖြစ်ပါတယ်။
စက်ရုံတွေကထွက်တဲ့ ရေဆိုးတွေနဲ့ မကင်းပါဘူး။ ဒါပေမယ့် ပရံတော်ချောင်း တလျှောက်မှာထွက်တဲ့ ရေဆိုးနံ့ဟာ တောင်အင်း မြောက်အင်းကထွက်တဲ့ ရေဆိုးနံ့နဲ့ယှဉ်ရင် အနံ့သိပ်မရှိသလိုပါပဲ။ အနံ့သိပ်ဆိုးရင် ရေဆိုးပြင်းအား များတယ်လို့ ဆိုပါတယ်။ ပရံတော်ချောင်း ရေထုတ်အားကောင်းတာကြောင့် ရေဆိုးပြင်းအား လျော့တာလည်း ဖြစ်နိုင်ပါတယ်။
တမုဆိုး ရေပစ်မြောင်းကလည်း တမုဆိုး၊ ကန်ရိုး၊ ပေါက်ချိုင်ကုန်း၊ မယ်တော်စု၊ စည်ပင်၊ နတ်ရေကန်၊ ငါးမွေးမြူရေးကနေ လက်ခုပ်ပင်ချောင်းထဲ စီးဝင်တာဖြစ်ပါတယ်။ အဲဒီကမှ နတ်ရေကန်၊ ထိန်ကုန်း ရတနာပုံတက္ကသိုလ် အရှေ့ပေါက်တံတားကိုဖြတ်ပြီး ပရံတော်ချောင်းထဲ ဝင်ပေါင်းပါတယ်။ ဦးရွှေတောင် တံတားကနေ တောင်သမန်အင်းထဲ စီးဝင်ပါတယ်။
ပရံတော်ချောင်း၊ လက်ခုပ်ပင်ချောင်းနဲ့ တမုဆိုး ရေပစ်မြောင်းများဟာ စက်မှုဇုန်ရေဆိုးများနဲ့ မကင်းပေမယ့် တောင်သမန်အင်း အဝင်ဝ၊ ရတနာပုံတက္ကသိုလ် ဝန်းကျင်မှာ ရေဆိုးနံ့ မပြင်းတာကြောင့်၊ တက္ကသိုလ်ကျောင်းသားများ အသံမထွက်တာဖြစ်ပါမယ်။
နောက်ထပ်အမြင် ထောင့်တခုကနေ စဉ်းစားကြည့်ရင် ငါးမွေးမြူရေးကန်တွေမှာ ကန်ရဲ့အရွယ်၊ ကန်ရဲ့အကျယ်၊ ရေဝင်ပမာဏ၊ ငါးအရွယ်နဲ့ အကောင်ရေကိုတွက်ပြီး ငါးထည့်ကြတယ်။
တောင်သမန်အင်းထဲမှာ သေခဲ့တဲ့ ငါးအကောင်ရေ ဘယ်လောက်ရှိသလဲလို့ မေးခဲ့ရင်၊ တော်တော် များတယ်လို့ပဲ ဖြေနိုင်မယ်၊ အကောင်ရေ အတိအကျ မသိနိုင်ဘူး။ ငါးအကောင်ရေသိမှ၊ အင်းအကျယ်၊ ရေအနက်နဲ့တွက်ချက်ပြီး ငါးနေနိုင်သလား၊ သေနိုင်သလားဆိုတဲ့ အဖြေကို ထုတ်ရမှာဖြစ်ပါတယ်။
တောင်သမန်အင်းဟာ မန္တလေးမြို့ရဲ့ သမိုင်းဝင် ကမ္ဘာကျော်အင်းဆိုတာ လူအများသိပါတယ်၊ လူအများ သိပြီးဖြစ်တဲ့ တောင်သမန်အင်းကို တောင်သမန်ကန်လို့ အမည်ပြောင်းခဲ့တာမျိုး ရှိခဲ့ဖူးတယ်၊ တကယ်တော့ တောင်သမန်အင်းဟာ တောင်သမန်အင်းပါပဲ။
နန္ဒာကန်၊ အောင်ပင်လယ်ကန်၊ ဇောင်းကလောကန်၊ တမုဆိုးကန် ဆိုတာတွေကလည်း ကန်အဖြစ်နဲ့ ရှိနေပြီးသားပါ။ တက်သေးအင်းကိုလည်း၊ ကန်တော်ကြီးအဖြစ် ပြောင်းခဲ့တယ်၊ အင်းရဲ့သဘာဝ မရှိတော့တာမို့ ကန်အဖြစ် ပြောင်းနိုင်ပါတယ်။ ရှေးမြေပုံတွေထဲမှာ တောင်သမန်အင်းလို့ ရေးထားတာကို အသေအချာ တွေ့ရပါတယ်။ အင်းရဲ့သဘောနဲ့ ကန်ရဲ့သဘော မတူကွဲပြားတယ်ဆိုတာ သိကြရမှာ ဖြစ်ပါတယ်။
မန္တလေးနန်းရှေ့ သရက်ကုန်း ငါးမွေးမြူရေးနဲ့ ငါးသားဖောက်လုပ်ငန်းကြီးရှိတယ်။ မန္တလေးဘီယာနဲ့ အရက်ချက်စက်ရုံရဲ့ အရှေ့ဘက်၊ မြောက်ဘက်၊ အနောက်ဘက်မှာ ငါးမွေးမြူရေးကန်တွေရှိတယ်။ ကံပိုင်၊ တောင်ပြုံး၊ ရွှေတချောင်း မြောင်းဘေးမှာ ငါးမွေးမြူရေးကန်တွေ ရှိတယ်။ မန္တလေးမြို့ တောင်ဘက်အထွက် ရန်ကုန်-မန္တလေး ကားလမ်းရဲ့ အရှေ့ဘက်မှာ နတ်ရေကန် ငါးမွေးမြူရေး လုပ်ငန်းကြီး ရှိတယ်။
တည်ထားပုံစနစ်အလွန်ကောင်းတယ်။ ရေကြည်ရေသန့် ဆိုရင်လည်း နတ်ရေကန် ငါးမွေးမြူရေး လုပ်ငန်း စတည်ကတည်းက တမုဆိုး ရေပစ်မြောင်း (နံပါတ် ၆ မြောင်း) က ရတဲ့ရေကိုပဲ ငါးကန်တွေအတွက် အသုံးပြုခဲ့တယ်။
တမုဆိုး ရေပစ်မြောင်းဟာ ဆည်မြောင်းဌာနရဲ့ ထိန်းသိမ်းမှုရှိခဲ့တဲ့ မြောင်းဖြစ်ပါတယ်။ အခုတော့ လယ်ကွင်းတွေထဲမှာ လူနေအိမ်နဲ့ စက်ရုံတွေရောက်နေပြီမို့ ဆည်မြောင်းစောင့်ရှောက်မှု မရှိသလိုဖြစ်နေတဲ့ တမုဆိုး ရေပစ်မြောင်း ဖြစ်နေပါပြီ၊ ရေသန့်စင်မှုလည်း နည်းပါးလာပြီဖြစ်ပါတယ်။
အမရပူရမြို့ကို ဝိုင်းပတ်နေတဲ့ အင်းတွေလို့သာ ပြောရတာ၊ တကယ်တော့ အမရပူရမြို့ မတည်မီကတည်းက မြို့တည်မယ့်နေရာ ဘေးပတ်ပတ်လည်မှာ သဘာဝအတိုင်းဖြစ်နေတဲ့ အင်းတွေက ရှိပြီးသားပါ။
မြို့တော်ရဲ့မြောက်ဘက် တက်သေးအင်းက စပြီးပြောရရင် မြောက်ဘက်တလျှောက် မတ္တရာနယ်အရောက် ဧရာဝတီမြစ်နဲ့ ရွှေတချောင်းမြောင်းကြားမှာ အင်းတွေရှိပါတယ်။
တက်သေးအင်း၊ ရွှေကြာအင်း၊ သင်္ဂဇာချောင်း၊ တံတွေးအင်း၊ ပဂိုးအင်း၊ ပင်းယအင်း၊ အင်းဘဲ၊ ရင်းပြင်း အင်း၊ ပုဂံတပ်၊ ဇီးကုန်း၊ အာကြမ်း၊ ကျီးပင်၊ ဖန့်ငယ်၊ လုံးတော်၊ ကက်ကု၊ ချောင်းပေါက်၊ ညောင် ကွဲအင်း၊ မြစ်တိမ်အင်း၊ မြောက်အင်း၊ ခူဆွဲအင်း၊ ကြံခင်း၊ ရေဝန်း၊ ပေါက်မြိုင်၊ ဆင်ရွာ၊ တောင်ညောင် ကုန်း၊ မြောက်ညောင်ကုန်း၊ ဒုန်းကုန်းအင်း၊ စိန်နိုင် ချောင်း၊ ဝမ်းဘဲလူး၊ ဝင်းခြံကင်း၊ ဆူးကား၊ မြစ်ဆယ်၊ မြစ်စွတ်၊ ကျားမီး၊ မရင်းမ၊ ဇေတဝန် စတဲ့ချောင်းတွေ အင်းတွေဟာ ဧရာဝတီမြစ်ကြီးနဲ့ ဆက်စပ်နေပါတယ်။
ဧရာဝတီမြစ်ရေ တက်လာပြီ ဆိုရင်တော့ ချောင်းတွေ အင်းတွေ ရေလျှံပြီး မြစ်ရိုး၊ ချောင်းရိုး၊ အင်းကွက်ဆိုတာ ပုံဖော်လို့မရတော့ပါဘူး၊ ကိုင်းမြေ ကွက်တွေလည်း ရေအောက် ရောက်သွားပါတယ်။ အဲဒီအချိန်မှာ ရွှေတချောင်းမြောင်းနဲ့ မင်းဝံတောင်ရိုး အကြားမှာ ရေပြင်ကျယ်ကြီး ဖြစ်နေပါပြီ။
အောက်ပိုင်းကနေ အထက်ဘက်ကို ဆန်တက် လာကြတဲ့ ငါးကြီး၊ ငါးငယ်၊ အရွယ်စုံ၊ အမျိုးစုံဟာ ရေပြင်ကျယ်ကြီး နေရာအနှံ့မှာ ရောက်နေကြပြီ ဖြစ်ပါတယ်။ ရေတက်၊ ရေနေ၊ ရေကျအချိန်မြန်တဲ့ အခါရှိသလို၊ ကြာတဲ့အခါလည်း ရှိပါတယ်၊ သဘာဝအတိုင်း ဖြစ်တာပါ။
ဧရာဝတီမြစ်ရေ ဆုတ်ပြီဆိုတာနဲ့ နေရာအနှံ့မှာ ရောက်နေတဲ့ ငါးတွေလည်း မြစ်ရေနဲ့အတူ ပြန်ဆုတ်ပါတယ်။ တချို့ငါးတွေက ဒုန့်ကောင်းတဲ့ အင်းတွေထဲမှာ နေရစ်ပါတယ်။ အချိန်ကိုက် အင်းပိတ်နိုင်မှ ငါးရပါမယ်။ ကိုယ့်အင်းထဲ ငါးမရောက်မီမှာ အင်းပိတ်မိတာမျိုး၊ ရေကျနဲ့အတူ ငါးတွေဆုတ်သွားပြီးမှ အင်းပိတ်မိတာမျိုးတွေဖြစ်ခဲ့ရင် ငါးမရနိုင်တော့ပါဘူး။
အင်းပိတ်တယ် ဆိုတာကလည်း မြစ်နဲ့ချောင်းနဲ့ အင်းနဲ့ ရေဝင်ရေထွက် အဆက်ပြတ်သွားအောင် ပိတ်ရတာမျိုး မဟုတ်ပါဘူး၊ ရေဝင်နိုင်၊ ထွက်နိုင်တဲ့ ယင်းလိပ်တွေကာပြီး ပိတ်ရတာဖြစ်ပါတယ်။ ငါး မထွက်နိုင်ဖို့ဘဲ ပိတ်ရတဲ့ဆည်ဖြစ်ပါတယ်။ အင်းထဲ ပိတ်မိတဲ့ ငါးတွေထဲက ပြန်ဆုတ်တဲ့ငါးတွေကို မြုံး ထောင်ဖမ်းတယ်၊ မြောင်းဝင်းခံပြီး ဖမ်းယူပါတယ်။ ပြန်မဆုတ်ဘဲ အင်းထဲမှာပဲနေတဲ့ ငါးတွေကိုတော့ ကွန်ပစ်ပြီး ဖမ်းယူရတာ ဖြစ်ပါတယ်။
အဲဒီလို ဆည်ပိတ်ခွင့်၊ ငါးဖမ်းခွင့်ရဖို့အတွက်၊ တနှစ်တခါ အင်းလေလံဆွဲယူရတာ ဖြစ်ပါတယ်။ အစိုးရက လေလံကြေး ဝင်ငွေရတယ်၊ အင်းသူကြီးနဲ့ အင်းလုပ်သားတွေ အလုပ်ရကြတယ်၊ အများပြည်သူအတွက် ငါးရိက္ခာ ရကြတယ်။
အင်းတွေကို စိတ်ဝင်စားပေမယ့် ကျွန်းထဲကိုင်းထဲ ချောင်းရိုးတလျှောက်မို့ အလွယ်နဲ့မရောက်နိုင်ဘူးဆိုရင် အမရပူရ မန္တလေးမြို့အနီးက အင်းတွေကို လေ့လာလို့ရနိုင်ပါတယ်။ ဒီကနေ့အထိ ရှိနေသေးတဲ့ အင်းတွေကို တွေ့မြင်နိုင်ပေမယ့်၊ လုံးဝပျောက်သွားပြီ ဖြစ်တဲ့ အင်းတွေကိုတော့ ရှာရတာ နည်းနည်းခက်ပါမယ်။
ဧရာတီမြစ်နဲ့ တဆက်တစပ်တည်း ရှိခဲ့ဖူးတဲ့ တက်သေးအင်း၊ သင်္ဂဇာချောင်း၊ တံတွေးအင်း၊ ပရိုးအင်း၊ ပင်းယအင်း၊ အင်းဘဲ စတဲ့အင်းတွေထဲက တံတွေးအင်းဆိုတာ ပျောက်ခဲ့ပါပြီ။
ပြည်ကျော်ဈေး (ဦးတာရဲဈေး) အနီး သင်္ဂဇာချောင်း အရှေ့ဘက်မှာရှိခဲ့တဲ့ အင်းဖြစ်ပါတယ်။ အင်းဘဲဆိုတဲ့ အင်းကတော့ ၈၇ လမ်းအနောက် ဘက်၊ ၂၂ လမ်းနဲ့ နေပြည်တော်ရုပ်ရှင်ရုံ (ဆိုင်းတန်း ရုပ်ရှင်ရုံ) ကြားမှာရှိခဲ့တဲ့ အင်းဖြစ်ပါတယ်။
အဲဒီအင်းထဲကို တောင်မြောက်ဖြတ်ပြီးထိုးထားတဲ့ သစ်သားတံတားကြီး တစင်းရှိခဲ့တယ်၊ တံတားအလယ်မှာ နားနေဖို့ ဇရပ်ကြီးတဆောင်လည်းပါတယ်။ ၂၂ လမ်းနဲ့ ဆိုင်းတန်း ရပ်ကွက်ဘက်ကို ဖြတ်ကူးနိုင်ဖို့ ထိုးထားခဲ့တဲ့ အင်းကူးတံတား ဖြစ်ပါတယ်။ အခုတော့ တံတားမရှိ အင်းပျောက်၊ တိုက်ခန်းတွေရောက်နေပြီ ဖြစ်ပါတယ်။
ကျွဲစွန်းအနီး ၂၂ လမ်းရဲ့ မြောက်ဘက်မှာရှိတဲ့ ပရိုးအင်းလည်း ပျောက်ခဲ့ပါပြီ၊ ၂၂ လမ်းတောင်ဘက်မှာရှိတဲ့ ပင်းယအင်းလည်း ကျဉ်းသည်ထက် ကျဉ်းကျဉ်းနေပါပြီ။ ၂၂ လမ်းနဲ့ ချမ်းသာကြီး ဘုရားဘက်ကို ကူးဖို့ ပင်းယအင်းကို ဖြတ်ထိုးထားတဲ့ သစ်သား တံတားကြီး(အလယ်ဘောင်တံတား) လည်း မကြာမီမှာ အနားယူဖို့ ပင်းယအင်းကိုကြည့်ပြီး စောင့်နေရသလို ဖြစ်နေပါတယ်။
အင်းတွေပျောက်သွားရတဲ့ အကြောင်းရင်းကတော့ ဧရာဝတီမြစ်နဲ့ သင်္ဂဇာချောင်း ရေဝင်ရေထွက် အဆက်ပြတ်သွားတာက စခဲ့တာ ဖြစ်ပါတယ်။
၂၂ လမ်း အနောက်ထိပ် ကျွဲစွန်းနေရာ၊ ၂၆ လမ်း ပိုက်ကျုံးနေရာ၊ ချမ်းသာရတံတား ထိပ်နေရာတွေဟာ ဧရာဝတီမြစ်နဲ့ သင်္ဂဇာချောင်း ဆက်စပ်တဲ့ ရှေးရှေးက ရေဝင်ပေါက်တွေ ဖြစ်ခဲ့ပါတယ်။
သင်္ဂဇာချောင်းနဲ့ တက်သေးအင်း (ကန်တော်ကြီး) ကတော့ မြို့တွင်းက ရေပိုရေလျှံကို အားပြုပြီး ဒီကနေ့အထိ တည်ရှိနေပါသေးတယ်။ အင်းရဲ့ သဘာဝပျောက်ပြီး ကန်အဖြစ် လုံးဝ ပြောင်းသွားခဲ့ပါပြီ။ ကန်အဖြစ်ပါ ပျောက်မသွားဖို့ လိုပါတယ်။
တောင်သမန်အင်းဟာ အခြားအင်းတွေလိုပဲ ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတာကို တွေ့နိုင်ပါတယ်။ ဧရာဝတီမြစ်၊ ရွှေကြက်ယက်၊ မိုးကောင်းချောင်းကနေ တောင်သမန်အင်းထဲဝင်တဲ့ ရေလမ်းကြောင်းရှိနေပါ သေးတယ်။
အဲဒီရေလမ်းကြောင်း ကောင်းပါမှ ဧရာဝတီ မြစ်ရေနဲ့အတူ ရေတက်၊ ရေနေ၊ ရေကျ ရှိမှာပါ။ တက်ငါး၊ ဆုတ်ငါးတွေကို မြှုံးထောင်၊ မြောင်းဝင်းခံ၊ ကွန်ပစ်ပြီး ဖမ်းရမှာပါ။ သုံးရာသီ တောင်သမန်အလှ ဆိုတာလည်း ပေါ်လာမှာပါ။ တောင်သမန်အင်း ဆိုတာ ဆက်လက် ထင်ရှားရှိနေမှာပါ။
အင်းထဲကို ငါးထည့်အစာ ကျွေးမွေးနေဦးမယ်ဆိုရင် ရေတက်၊ ရေနေ၊ ရေကျလည်း မရှိနိုင်၊ တောင်သမန် သုံးရာသီအလှလည်း မရှိနိုင်ဘဲ ကမ္ဘာ ကျော် တောင်သမန်အင်းအဖြစ်က လျော့ကျသွားပြီး သားတိုးငါးတွေ အစာကျွေးပြီးမွေးနေတဲ့ မွေးမြူရေး ငါးကန်ကြီးပဲ ဖြစ်သွားတော့မှာပါ။ ရှေးဟောင်းအမွေအနှစ်၊ မြန်မာ့ယဉ်ကျေးမှု၊ အမှတ်တရနေရာ ဆိုတာတွေကို ထိခိုက်လာတော့မှာပါ။

No comments:
Post a Comment