ခင်ဦးသာ
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးပါက ဆက်လက် ဆောင်ရွက်မည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များကို ကြိုတင်ရေးဆွဲတော့မည် ဖြစ်ကြောင်း NCCT အဖွဲ့က ပြောသည်။
“NCA လက်မှတ်ထိုးဖြစ်ဖြစ်၊ မဖြစ်ဖြစ် နိုင်ငံရေး ဆွေးနွေးပွဲက လုပ်ရမှာဆိုတော့ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်၊ နိုင်ငံရေးပါတီ တချို့က နိုင်ငံရေး ဆွေးနွေးပွဲမှာပါမယ့် အချက်အလက်တွေကို ရေးဆွေးနေကြပြီဆိုတော့ ကျနော်တို့ ဘက်ကလည်း ကြိုတင်ပြင်ဆင်မှု လုပ်ရတော့မှာပါ” ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) တို့ မေလ ၂၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် နှစ်ဘက်စလုံးက နိုင်ငံရေး မူဘောင်အတွက် ကြိုတင် ပြင်ဆင်ကြတော့မည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကရင်ပြည်နယ် လော်ခီးလာ၌ ဇွန်လ ၂ ရက်မှ ၆ ရက်အထိ ပြုလုပ်ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး အပြီးတွင် NCA အား လက်မှတ် ရေးထိုးနိုင်မည်ဟု မျှော်လင့်နေကြသော်လည်း အစည်းအဝေးရလဒ် မည်သို့ ထွက်ပေါ်လာမည်ကို မသိနိုင်သေးကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်က ပြောသည်။
သို့သော် NCA စာချုပ်အား လာမည့် ဇွန်လကုန်တွင် လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိသည်ဟု နှစ်ဘက်စလုံးက မျှော်လင့်ထားကြသည်။ NCA လက်မှတ်ရေးထိုးပြီးပါက ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးမှုများ စတင်ရမည်ဟု NCA တွင် ပါရှိသည်။
ထို့ကြောင့် NCA လက်မှတ်ရေးထိုး ပြီးသည်နှင့် တပြိုင်နက် နိုင်ငံရေး လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်နိုင်ရေး အတွက် နိုင်ငံရေးမူဘောင်များ ကြိုတင်ရေးဆွဲရန် ပြင်ဆင်ခြင်းဖြစ်ပြီး ထိုသို့ မူဘောင်ရေးဆွဲရာတွင် နှစ်ဘက်အဖွဲ့မှ ပုဂ္ဂိုလ်များ ပါဝင်မည်ဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက သတင်းထောက်များကို ပြောဆိုသည်။
“NCA ထိုးပြီးရင် ပူးတွဲစောင့်ကြည့်ရေး ကော်မတီနဲ့ နိုင်ငံရေးမူဘောင် ရေးဆွဲရေး ကော်မတီ ဖွဲ့မယ်၊ အဲဒီအဖွဲ့တွေကပဲ ညှိနှိုင်းဆွေးနွေးကြပြီး မူဘောင်တွေ ရေးဆွဲမှာ ဖြစ်ပါတယ်၊ ကျနော်တို့ လူကြီးတွေ ကိုယ်တိုင်တော့ မပါပါဘူး” ဟု ၀န်ကြီး ဦးအောင်မင်းက ဆိုသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ NCCT အဖွဲ့မှ နိုင်ဟံသာ၊ ပဒို ကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် တခြားသော အဖွဲ့ဝင်များ၊ အစိုးရဘက်မှ ၀န်ကြီး ဦးအောင်မင်း၊ ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ၀န်ကြီး ဦးခင်မောင်စိုး၊ ၀န်ကြီး ဦးသန်းဌေးတို့နှင့် အတူ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
NCA လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်လက်မှတ် ရေးထိုးနိုင်ရန် NCCT က အစိုးရကို တင်ပြတောင်းဆိုသော်လည်း အစိုးရဘက်က လက်မခံကြောင်း သိရသည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ကတော့ NCA မှာ အဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုး စေချင်တယ်။ ဒါပေမယ့် အစိုးရက အဖွဲ့ ၁၆ ဖွဲ့နဲ့ပဲ အရင်လက်မှတ်ထိုးဖို့ ဆန္ဒရှိနေတယ်၊ အဲဒါကြောင့် လက်မှတ်မထိုးဖြစ်တဲ့ အဖွဲ့တွေကို စစ်ရေးအရ အနိုင်မယူဖို့၊ အဲဒီ အဖွဲ့တွေနဲ့ ဆက်လက် ဆွေးနွေးနိုင်မယ့် အာမခံချက်တွေကို တင်ပြကြတယ်၊ ဦးအောင်မင်း ပြောတာက အထက်လူကြီးတွေဆီ တင်ပြပေးမယ်လို့ ပြောသွားတယ်” ဟု ဆိုသည်။
NCA လက်မှတ်ရေးထိုးရာ၌ ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် မသေချာသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ပလောင် (တအောင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့တို့ ဖြစ်သည်။
သို့သော် အစိုးရ သတ်မှတ်ထားသည့် အဖွဲ့ ၁၆ ဖွဲ့တွင် TNLA ပါဝင်နေပြီး TNLA သည် ပဏာမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု၌ လက်မှတ် မထိုးရသေးသော်လည်း အစိုးရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် TNLA က မှီရာ အဆင့်မှပင် လိုက်ပါနိုင်သည်ဟု ၀န်ကြီး ဦးအောင်မင်းက သတင်းထောက်များကို ပြောဆိုခဲ့သည်။
ဝန်ကြီးဦးအောင်မင်းက ၎င်းတို့အဖွဲ့သည် NCCT အစည်းအဝေးကို လာရောက် အားပေးခြင်းဖြစ်ပြီး NCA တွင် ပါဝင်မည့် အချက်အလက်များအား ပြင်ဆင်လိုပါက ပြောဆိုဆွေးနွေးနိုင်ရန် လာရောက်ခြင်း ဖြစ်ကြောင်းနှင့် အစိုးရဘက်က NCA ပါ အချက်များ အားလုံးကို သဘောတူညီသည်ဟု ပြောဆိုသည်။
NCA ၌ အခန်း ၇ ခန်း ပုဒ်မ ၃၃ ခု ပါရှိသည့်အတွက် ပြင်ဆင်မည်ဆိုပါက အဆင့်ဆင့် လုပ်ဆောင်ရမည် ဖြစ်သဖြင့် အချိန် ကြာမြင့်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် NCCT အလုပ်အဖွဲ့ အနေဖြင့် ပြင်ဆင်မှု မလုပ်ဆောင်တော့ကြောင်း၊ သို့သော် လော်ခီးလာတွင် ကျင်းပမည့် ထိပ်သီး အစည်းအဝေး၌ ပြင်ဆင်နိုင်ဖွယ် ရှိ မရှိကို ထပ်မံညှိနှိုင်းရဦးမည် ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
မကြာမီ ကာလအတွင်း NCA လက်မှတ် ရေးထိုးနိုင်မည်ဟု ပြောဆိုနေကြသော်လည်း ပါဝင်လက်မှတ် ရေးထိုးကြမည့် အသိသက်သေများကို အတိအကျ ညှိနှိုင်းမှု မရရှိသေးကြောင်းနှင့် NCA လက်မှတ်ရေးထိုးရာ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အသိသက်သေ အများအပြား ပါဝင်စေလိုသော်လည်း အစိုးရအဖွဲ့က လူအနည်းငယ်သာ ပါဝင်စေလိုသဖြင့် ထပ်မံညှိနှိုင်း ရဦးမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

No comments:
Post a Comment