Friday, June 19, 2015

EU သို့ ဆန်တန်ချိန် တိုးမြှင့် တင်ပို့မည်

သစ်နေမိုး

ယခု ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂ (EU) နိုင်ငံများသို့ ဆန်တန်ချိန် တိုးမြှင့်တင်ပို့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

“အခုသူတို့နဲ့ ဆွေးနွေးပြီး လက်ရှိတန်ချိန် ၁ သိန်းလောက်ကနေ တန်ချိန် ၂ သိန်းလောက် EU ဈေးကွက် ပို့နိုင်တဲ့အထိ ဆောင်ရွက်သွားမယ်” ဟု ဦးရဲမင်းအောင်က EU ၏ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ဇွန်လ ၁၇ ရက် တွေ့ဆုံဆွေးနွေးမှု အပြီးတွင် ပြောဆိုသည်။

မြန်မာနိုင်ငံသည် EU မှ ဖွံ့ဖြိုးဆဲနိုင်ငံများကို ပေးသည့် အထူးအခွန်သက်သာခွင့် (GSP) ကို ရရှိထားပြီး ယင်း အထူးသက်သာခွင့်နှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်မှု ပိုမို ရှိ မရှိ အခြေအနေများကို ယခု တွေ့ဆုံမှု၌ EU အကြီးအကဲများက ဆွေးနွေးခဲ့ကြသည်ဟု ဦးရဲမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံက EU နိုင်ငံများသို့ တင်ပို့နိုင်သည့် ဆန်တန်ချိန် ၁ သိန်းဝန်းကျင်မှာ ပိုလန်၊ ဘယ်ဂျီယန်၊ ဒိန်းမတ် နိုင်ငံများသို့ အများဆုံး တင်ပို့ရကြောင်းနှင့် ထိုနိုင်ငံများက တန်းမြင့်ဆန်များကို ၀ယ်ယူကြောင်း သိရသည်။

မြန်မာ့ဆန်တင်ပို့မှုသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ စတင်ခဲ့ပြီး တန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့နိုင်ခဲ့ကာ တရုတ်နိုင်ငံက ဆန်တန်ချိန် ၈ သိန်းကျော် ၀ယ်ယူခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံမှ တန်ချိန် ၇ သိန်း နီးပါး ၀ယ်ယူခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံက ဆန်တန်ချိန် ၁ သန်းကျော် ၀ယ်ယူခဲ့သည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် စာရင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

တရုတ်တင်ပို့မှု အခြေအနေနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က “လောလောဆယ် မြန်မာ့ဆန်ဈေးကွက်က တရုတ်ကို မှီတည်နေတာထက် တရုတ်က ၀ယ်နေတဲ့ဟာက အကျိုးပြုနေတာ၊ ဒီတော့ ကန့်သတ်စရာ မရှိဘူးပေါ့။ တဖက်ကလည်း EU တို့ ဘာတို့ကို ပိုတိုးပို့နိုင်ဖို့ ကြိုးစားနေတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရာတွင် လယ်ယာကဏ္ဍသို့ ၀င်ရောက်မှုမှာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ စုစုပေါင်း၏ ၀ ဒသမ ၅ ရာခိုင်နှုန်းသာ ၀င်ရောက်မြှုပ်နှံကြပြီး ထိုသို့ ၀င်ရောက်မှု နည်းခြင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော မြေယာပြသနာများ၊ နိုင်ငံရေး မတည်ငြိမ်မှုတို့နှင့် အဓိက ဆက်စပ်နေသည်ဟု ဆန်စပါး လုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ပြီး စံချိန်တင်ခဲ့သည့်နှစ် ဖြစ်ခဲ့ကာ တရုတ်နိုင်ငံက အများဆုံး ၀ယ်ယူခဲ့ကြောင်း သိရသည်။

No comments: