Saturday, January 28, 2017

သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ရန် ကန်ဒေါ်လာ ၅ဒဿမ ၅သန်းကျော် သုံးမည်

မင်းမင်း

သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းမှုမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချမည့် အမျိုးသားအဆင့် အစီအစဉ်အဖြစ် နော်ဝေနိုင်ငံအစိုးရ၏ ထောက်ပံ့မှုဖြင့် အမေရိကန်ဒေါ်လာ ၅ဒဿမ၅သန်းကျော်(USD ၅,၅၅၄,၃၇၀) သုံးစွဲသွားမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။

“မြန်မာနိုင်ငံဟာ အမျိုးသားအဆင့် UN-REDD အစီအစဉ်ပံ့ပိုးမှုအတွက် ၂၀၁၆ခုနှစ်ကနေ ၂၀၂၀ခုနှစ်အထိ စုစုပေါင်း ဘက်ဂျက် အမေရိကန်ဒေါ်လာ ၅ဒသမ၅သန်းကျော်ကို ရရှိထားပြီးဖြစ်ပါတယ်။ အစီအစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ UNFCC အောက်က REDD+ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အမျိုးသားအဆင့် စွမ်းဆောင်ရည်မြင့်တင်ပေးဖို့နဲ့ သက်ဆိုင်ရာ နည်းပညာ၊ ဥပဒေရေးရာနဲ့ လူမှုရေးစနစ်စနစ်တွေကို တည်ထောင်ပေးဖို့ ဖြစ်ပါတယ်”ဟု ဦးအုန်းဝင်းက ပြောသည်။

ဇန်နဝါရီလ ၂၇ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံတွ င်သစ်တောများကို ကာကွယ်ရန်နှင့် ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းရေး တစ်ကမ္ဘာလုံးမှ ကြိုးပမ်းအားထုတ်နေမှုများတွင် ပါဝင်ကူညီရန်ုတို့အတွက် အမျိုးသားအဆင့် UN-REDD အစီအစဉ်အား စတင်မိတ်ဆက်ဖွင့်လှစ်သည့် အခမ်းအနားတွင် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကုန်းမြေဧရိယာ၏ ၄၃ရာခိုင်နှုန်းခန့်သည် သစ်တောများဖုံးလွှမ်းနေသော်လည်း သစ်တောပြုန်းတီးမှု အခြေအနေသည် ကမ္ဘာ့နိုင်ငံများအတွင်း တတိယအမြင့်ဆုံးသို့ ရောက်ရှိလျက် ရှိနေသည်။

သစ်တောဦးစီးဌာနက စုဆောင်းထားသည့် ကိန်းဂဏန်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ကုန်လွန်ခဲ့သည့် ၁၀နှစ်မှ ၁၅နှစ်အတွင်း နှစ်စဉ်သစ်တောများ ပြုန်းတီးနေမှု နှုန်းထားသည် ၁ဒဿမ ၂၂ရာခိုင်နှုန်းနှင့် ၁ဒဿမ ၉၆ရာခိုင်နှုန်းအကြား ရှိနေသည်။

ထို့ပြင် ရွက်အုပ်ပိတ်သစ်တောမှ ရွက်အုပ်ပွင့်သစ်တောနှင့် အခြားတောအုပ်မြေများအဖြစ် ပြောင်းလဲသွားမှုနှုန်းမှာ နှစ်စဉ် ၄ဒဿမ ၆၃ရာခိုင်နှုန်းမှ ၄ဒဿမ ၈၁ရာခိုင်နှုန်းအကြား ရှိနေကြောင်း သိရသည်။

No comments: