Saturday, January 28, 2017

ကားမှတ်တိုင်များတွင် ယာဉ်လိုင်းနံပါတ်နှင့် ခရီးစဉ်များအား စည်ပင်မှ တာဝန်ယူတပ်ဆင်မည်ဟု ရန်ကုန်မြို့တော်ဝန် ပြော

ဒေါင်းလူ၊ ဇေယျာမော်

YBS ကားမှတ်တိုင်များတွင် ယာဉ်လိုင်းနံပါတ်များနှင့် ဘတ်စ်ကားခရီးစဉ်များအား မြို့တော်စည်ပင်မှ တာဝန်ယူတပ်ဆင်သွားမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခေတ်မီအမှိုက်သိမ်းယာဉ်များအား မြို့တော်ခန်းမ၌ ယမန်နေ့က ပြုလုပ်သည့် လက်တွေ့ပြသပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

"ဘတ်စ်ကားမှတ်တိုင်တွေမှာ ရည်ညွှန်းချက်တွေပဲ တပ်ထားတယ်။ ဘယ် ဘတ်စ်ကားရပ်မလဲ။ ဘယ်ကို သွားရမလဲဆိုတာ မသိဘူး။ အဲဒီအားနည်းချက်တွေ ရှိတဲ့အခါကျတော့ YCDCက ဒါကို တာဝန်ယူသွားမယ်။ မှတ်တိုင်တွေမှာ ဘယ်နံပါတ်တွေ ရပ်တယ်။ဘယ်ကိုသွားမယ်ဆိုတာတွေ ရေးသွားမယ်" ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၁၆ ရက်ကတည်းက တောင်းဆိုထားကြောင်း ကျောက်တံတားမြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

"ဒီကိစ္စက အစ်မတို့ ၁၆ ရက်နေ့ ၀န်ကြီးချုပ်နဲ့ တွေ့ကတည်းကိုက တောင်းဆိုထားတဲ့ဟာပါ။ မှတ်တိုင်တွေမှာ ရှိသမျှလိုင်းတွေအကုန်ရေးထားတာထက်စာရင် ဒီမှတ်တိုင်ကို ကား သုံးမျိုးရောက်ရင် သုံးမျိုးပဲ ရေးပြီးတော့ ဘယ်အထိသွားလဲဆိုတဲ့ မြေပုံလေးပါ ထည့်ပေးပါလို့ ပြောထားတယ်။ တခြားနိုင်ငံတွေမှာလည်း မှတ်တိုင်တွေမှာ မြေပုံလေးပါ ပြပေးထားတာလေ။ အဲ့ဒါကို အခုထိမလုပ်ရသေးတာပေါ့။ အစ်မတို့က တစ်နေ့တုန်းကလည်း YBS အဖွဲ့တွေနဲ့ ထပ်တွေ့တယ်၊ YBS က ပြောရရင် လုံးဝကို အဆင်မပြေသေးဘူး၊ ဆိုတော့ လျှပ်တပြက်ဖြေရှင်းပေးရမယ့်ကိစ္စမျိုးဆိုရင် မြန်မြန်လေးလုပ်ပေးစေချင်တယ်" ဟု ဒေါ်ကြည်ပြာက ပြောသည်။

မြို့တော်စည်ပင်မှ အဆိုပါ ယာဉ်လိုင်းအမှတ်များနှင့် မှတ်တိုင်ခရီးစဉ်များကို ကားမှတ်တိုင်တွင် တပ်ဆင်ရန် လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ မှတ်တိုင်စာရင်းများ တောင်းခံထားပြီး၊ စာရင်းများရသည်နှင့် ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အမြန်ဆုံးဆောင်ရွက်ပေးစေချင်ကြောင်းကို " တစ်နေ့တုန်းက YBS ဗော်လန်တီယာတွေ တစ်ခေါက်တွေ့ပြီးတော့ အကြံပြုချက်တွေ ထပ်ပြီးတော့ ရထားတာတွေရှိတယ်။ မဖြစ်မနေ အရင်ဆုံးလုပ်ပေးရမယ့်ဟာတွေတော့ အမြန်ဆုံးလုပ်ပေးမှပဲ အဆင်ပြေမယ်။ မဟုတ်ရင် လူတွေ နေ့တိုင်းခရီးသွားနေရတာ ဒုက္ခရောက်တယ်"ဟု ဒေါ်ကြည်ပြာက ပြောသည်။

လက်ရှိတွင် YCDCက ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ မြို့နယ် ၃၃ ခု၏ လမ်းပြုပြင်ခြင်းများကို ဆောင်ရွက်လျှက်ရှိသည်။

ဇန်နဝါရီလ ၁၆ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ယခင် မထသယာဉ်လိုင်းစနစ်ကို ဖျက်သိမ်း၍ အများပိုင်ကုမ္ပဏီကြီး ၈ ခုဖြင့် YBS ဘတ်စ်ကားစနစ်သစ်ကို စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

No comments: