Sunday, January 29, 2017

ရခိုင်အကြံပေးကော်မရှင်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်

RiA

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် အချို့သည် ပြည်နယ်အတွင်း ကြုံတွေ့နေရသည့် အခြေအနေများနှင့် ပတ်သက်၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမြင်များကို လေ့လာနိုင်ရန် သွားရောက်နေကြောင်း သိရသည်။

“ အိမ်နီးချင်းနိုင်ငံတွေရဲ့ အမြင်သဘောတွေကို သိရဖို့အတွက် ကျွန်မတို့ ဒေသတွင်း နိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

အဲဒီထဲမှာ မလေးရှားကို သွားပြီးပါပြီ။ ခု ဘင်္ဂလားဒေ့ရှ်ပေါ့နော်။ နောက်ပြီးတော့ အင်ဒိုနီးရှားကို သွားဖို့ စီစဉ်ထားပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောသည်။

ယခု ခရီးစဉ်ကို ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းမြနှင့် ဦးအေးလွင်တို့က သွားရောက်နေခြင်း ဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ၂၉ ရက်တွင် နယ်စပ်အနီး ကော့ဘဇားရှိ မြန်မာနိုင်ငံမှ ရောက်ရှိလာသော ဘင်္ဂလီဒုက္ခသည်စခန်းများကို သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ရောက်ရှိလာသူ ၄ သိန်း အပါအဝင် အောက်တိုဘာ ၉ ရက်တိုက်ခိုက်မှု နောက်ပိုင်း ထပ်မံ ဝင်ရောက်လာသည့် ဒုက္ခသည် ၆၅၀၀၀ ခန့်တို့သည် နိုင်ငံအတွင်း ရောက်ရှိနေကြောင်း ၎င်းတို့ဘက်မှ ပြောထားသည်။

No comments: