Sunday, January 29, 2017

ဒေါက်တာအေးမောင်အား ဆုပေးအပ်ပွဲတွင် နိုင်ငံတော်အကြီးအကဲများ ဂုဏ်သိက္ခာညှိုးနွမ်းစေသော ပြောဆို၊ ဖျော်ဖြေမှုများ မပြုရန် အမိန့်ထုတ်

RiA

ပြည်ပရောက်ရခိုင်များမှ ချီးမြှင့်သည့် ၂၀၁၆ ခုနှစ် ရခိုင်အမျိုးသားစွမ်းဆောင်ရည်ဆု ရရှိသူ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ယနေ့ဆုပေးအပ်ပွဲတွင် နိုင်ငံတော်နှင့် နိုင်ငံတော်အကြီးအကဲများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့် သီဆိုကပြဖျော်ဖြေ၊ ပြောဆိုမှုများမပြုရန် အမ်းမြို့နယ်အုပ်ချူပ်ရေးမှူးမှ အမိန့်ထုတ်ပြန်လိုက်သည်။

အမိန့်ထုတ်ပြန်ချက်တွင် နိုင်ငံတော်နှင့် နိုင်ငံတော်အကြီးအကဲများ၏ ဂုဏ်သိက္ခာညှိုးနွမ်းစေမည့် သီဆိုကပြ၊ ဖျော်ဖြေမှုများ မပြုလုပ်ရန်၊ သာသနာကို ညှိုးနွမ်းပုတ်ခတ်စေသည့် သီဆိုကပြဖျော်ဖြေမှုများ မပြုလုပ်ရန်၊ နိုင်ငံရးပါတီများ၊ အဖွဲ့အစည်းများအား ပုတ်ခတ်သည့် သီဆိုကပြဖျော်ဖြေမှုများ မပြုရန်၊ လူမျိုးရေးအား ပုတ်ခတ်သည့် အပြုအမှုပြောဆိုမှုများ မပြုရန်၊ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်မှု၊ ဖျော်ဖြေမှုများ မပြုလုပ်ရန်၊ လူမျိုးရေးအဓိကရုဏ်းဖြစ်ပေါ်စေသည့် သွေးထိုးလှုံ့ဆော်စေသည့် သီဆိုကပြဖျော်ဖြေမှုများ မပြုလုပ်ရန်၊ သတ်မှတ်နေ့ရက်၊ သတ်မှတ်အချိန်ထိသာ ကျင်းပရန် စသည့် စည်းကမ်းချက်များ ပါဝင်သည်။

ဆုပေးအပ်ပွဲအခမ်းအနားကို အမ်းမြို့နယ်၊ ရွှေအမ်းတောင်ခန်းမတွင် ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ မှ ညနေ ၅ နာရီထိ ပြုလုပ်ရန် ခွင့်ပြုထားခြင်း ဖြစ်သော်လည်း ပွဲကျင်းပရန် မိနစ်အနည်းငယ် အလို၌ ဒေသအာဏာပိုင်များမှ ခွင့်မပြုတော့ကြောင်း သတိပေး တားမြစ်လာခဲ့သည်။

ပြည်နယ်အထွေထွေအုပ်ချူပ်ရေးမှူး ဦးတင်မောင်ဆွေက “ ပုဂ္ဂိုလ်ရေးအခမ်းအနားဖြစ်တာကြောင့် ဒီခန်းမကို အသုံးပြုခွင့် မပြုတာပါ” ဟု ဖြေကြားခဲ့သည်။

အခမ်းအနား စီစဉ်သူများနှင့် အပြန်အလှန် ညှိနှိုင်းပြီးနောက် ယခုကဲ့သို့ စည်းကမ်းချက်များ ထုတ်ပြန်လာပြီး ခွင့်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။

အမ်းမြို့နယ်တွင် မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့်သူထဲတွင် ANP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်လည်း ပါဝင်နေပြီး မလိုလားအပ်သော မဲဆွယ်ပြောကြားမှုများ မဖြစ်ပေါ်စေရန် တားမြစ်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲဖြတ်များက သုံးသပ်ကြသည်။

“ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ပြီးမှ မဲဆွယ်ခဲ့တာတွေ ရှိပါတယ်။ ခုက ရွေးကောက်ပွဲကလည်း နီးနေလာပြီဆိုတော့ ချီးမြှင့်ပွဲကနေ အရင်ကလို ပြောဆိုမှုတွေ ရှိလာမှာကို တားမြစ်တဲ့ သဘောပါ” ဟု ရခိုင်နိုင်ငံရေးလေ့လာသူ ဦးဝေသာစိန်က ပြောသည်။

ပြည်ပရောက် ရခိုင်အမျိုးသားများမှ ၂၀၁၂ ခုနှစ်မှ စတင်ကာ ပြည်နယ်အတွင်း ရခိုင်အမျိုးသားနှင့် ပြည်နယ်၏ အကျိုးစီးပွားကို မြှင့်တင်ပေးသူတို့အား နှစ်စဉ်ချီးမြှင့်လာခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် ဒေါက်တာ အေးမောင် အပါအဝင် တက်ကြွလှုပ်ရှားသူ စာရေးဆရာ ဝေဟင်အောင်၊ AA နှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ ကျောက်ဖြူမြို့နယ်မှ ကိုမောင်အေးတို့ကို ရခိုင်အမျိုးသားစွမ်းဆောင်ရည်ဆု ရရှိသူများအဖြစ် ချီးမြှင့်ခံထားရခြင်းလည်း ဖြစ်သည်။

No comments: