Saturday, January 28, 2017

မြန်မာတွင် တွေ့ရှိခဲ့ရသည့် သမိုင်းမတိုင်မီခေတ် အင်းဆက်၏ ဦးခေါင်းပုံစံက ဂြိုဟ်သားများနှင့် ဆင်တူနေ

IBT Times

နှစ်သန်းပေါင်း တစ်ရာသက်တမ်းရှိ အီးတီပုံစံ အင်းဆက်တစ်ကောင်ကို မြန်မာနိုင်ငံရှိ ပယင်းကျောက်အတွင်းမှ မပျက်မယွင်းအနေအထားအတိုင်း သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိထားခဲ့သည်။

ယင်း သမိုင်းမတိုင်မီခေတ်ကာလ အင်းဆက်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ခြင်းနှင့်အတူ ယင်း၏ သိပ္ပံပညာပိုင်းဆိုင်ရာ ဖွဲ့စည်းပုံစနစ်ကြောင့် လွန်စွာ ထူးခြားမှု ရှိနေသည်ကို တွေ့ရသည်။

ယင်းသေးငယ်သည့် အတောင်မပါ အင်းဆက်အမမှာ ပယင်းအတွင်း ပိတ်မိကာ ခဲသွားခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ထားပြီး အသက်ရှင်စဉ်က ယင်းမှာ သစ်ပင်သစ်ခေါက်များအတွင်း နေထိုင်ပြီး အခြားအင်းဆက်ပိုးကောင်ငယ်လေးများနှင့် ခြပလူကောင်များကို စားသုံးခဲ့မည်ဟု ယူဆနေကြသည်။

ယခုကဲ့သို့ ယင်း၏ မပျက်မယွင်း ကျန်ရှိနေသော ပုံစံအနေအထားကြောင့် သိပ္ပံပညာရှင်တို့အတွက် လေ့လာဆည်းပူးခွင့် ရရှိခဲ့ကြသည်။ ယင်းအင်းဆက်တွင် တြိဂံပုံ ခေါင်းတစ်လုံး ရှိနေပြီး ပြူးကားသည့် မျက်လုံးများလည်း ပါဝင်နေသည်။

" ဒီအင်းဆက်ကောင်မှာတော့ ကျွန်တော်တို့ သိထားတဲ့အခြား ဘယ်အင်းဆက်မျိုးစိတ်မှာမှာမှ မရှိသေးတဲ့အသွင်အပြင် ပုံစံတွေ အများကြီး ရှိနေတာတွေ့ရပါတယ်" ဟု အမေရိကန်နိုင်ငံ အော်ရီဂွန်းပြည်နယ်တက္ကသိုလ်မှ ပါမောက္ခ ဂျော့ ပွိုင်နာက ပြောသည်။

" သူ့ရဲ့ လည်ပင်းရှည်ပုံစံ၊ မျက်လုံးကြီးတွေနဲ့ အလျားရှည်တဲ့ခေါင်းတွေကြောင့် အီးတီကောင်နဲ့တောင် တူနေတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ၎င်းက ပြောသည်။

ယင်း၏ ဦးခေါင်းတည်ရှိပုံအနေအထားကြောင့် အင်းဆက်ဦးခေါင်းမှာ ဘယ်ညာလှည့်ခြင်းအားဖြင့် ၁၈၀ ဒီဂရီ နီးပါးထိ မြင်နိုင်စွမ်းရှိမည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်သည်။ Aethiocarenus Bumanicus ဟု အမည်ပေးထားသော ယင်းအင်းဆက်တွင် ရှည်လျားကျဉ်းမြောင်းသေးသွယ်သည့် ခန္ဓာကိုယ်ပုံစံနှင့်အတူ ရှည်လျားသေးသွယ်သော ခြေထောက်များလည်း ဖွဲ့စည်းတည်ရှိနေသည်။

ယင်းအင်းဆက် မည်သည့်အတွက်ကြောင့် မျိုးသုဉ်းခဲ့ရသည်နှင့်ပတ်သက်၍တော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယင်းတို့၏ နေထိုင်စားသောက်ရာနေရာများ ဆုံးရှုံးရခြင်းကြောင့် ပျောက်ကွယ် သွားရခြင်းဖြစ်နိုင်ကြောင်း ပညာရှင်များက ငြင်းခုံဆွေးနွေးကြသည်။

No comments: