Saturday, January 28, 2017

မြန်မာဖူဆယ်အသင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်၊ ထိုင်းနှင့်ယှဉ်ပြိုင်ရမည်

လွှမ်းမိုးအောင်


ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွေကို ဇန်နဝါရီ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာနဲ့ထိုင်းအသင်းတို့ နိုင်ပွဲကိုယ်စီရပြီး ဗိုလ်လုပွဲတက်သွားပါတယ်။

အကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက အရှေ့တီမောအသင်းနဲ့ ကစားခဲ့တာဖြစ်ပြီး ပွဲစဉ်တလျှောက်လုံး အသားစီးနဲ့ကစားပြီး ၈ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အိမ်ရှင်ထိုင်းအသင်းက မလေးရှား နဲ့ တွေ့ဆုံခဲ့ပြီး နောက်ကျဂိုးတွေနဲ့အတူ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မြန်မာဖူဆယ်အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တာဟာ သမိုင်းတလျှောက် ပထမဆုံး အကြိမ်ဖြစ်ပြီး အမြင့်ဆုံး အောင်မြင်မူအနေနဲ့ စတင်ဝင်ပြိုင်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ပြိုင်ပွဲမှာ တတိယပဲ ရခဲ့ဖူးတာဖြစ်ပါတယ်။

မြန်မာဖူဆယ်အသင်းဟာ အုပ်စုပွဲစဉ်တွေမှာလည်း လာအိုကို ၆ ဂိုး ၁ ဂိုး၊ အင်ဒိုနီးရှားကို ၆ ဂိုး ၃ ဂိုး၊ မလေးရှားကို ၅ ဂိုး ၃ ဂိုး ရလဒ်တွေနဲ့ ပွဲတိုင်းအနိုင်ရခဲ့ပါတယ်။

ထိုင်းအသင်းကတော့ အရှေ့တီမောကို ၁၁ ဂိုး ၂ ဂိုး၊ ဘရှုနိုင်းကို ၁၇ ဂိုး ၂ ဂိုးရလဒ်တွေနဲ့ အနိုင်ယူခဲ့ပါတယ်။

မြန်မာနဲ့ ထိုင်းအသင်းတို့ရဲ့ ဗိုလ်လုပွဲကို ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီခွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မြန်မာ့အသံက တိုက်ရိုက်ပြသ သွားမှာဖြစ်ပါတယ်။

ဗိုလ်လုပွဲမတိုင်ခင်မှာ တတိယလုပွဲအဖြစ် မလေးရှားနဲ့ အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင်ကစား ကြမှာဖြစ်ပါတယ်။

No comments: