Saturday, January 28, 2017

Yangon Film Schoolမှ ရုပ်ရှင် ၃ ကား လစဉ် သောကြောနေ့တိုင်း လာရောက်ကြည့်ရှုနိုင်

ထွန်းလင်း (ပုသိမ်)၊ ထက်အောင်ဖြိုး

Yangon Film School (ရန်ကုန်ရုပ်ရှင်ကျောင်း)မှ လူငယ်များရိုက်ကူးထားသော ရုပ်ရှင် ၃ ကားကို ဘိုကလေးဈေးလမ်းရှိ ပန်သူရိယတွင် လစဉ်သောကြာနေ့တိုင်း ပြသသွားမည်ဖြစ်ပြီး လူငယ်များ၏ အနုပညာလက်ရာကို အခမဲ့ လာရောက်ကြည့်ရှုနိုင်သည်။

ရုပ်ရှင်ပြပွဲကို ဗိုလ်တစ်ထောင်မြို့နယ်၊ ဘိုကလေးဈေးလမ်းရှိ ပန်သူရိယ၌ ဇန်န၀ါရီ ၂၇ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများရိုက်ကူးထားသော ရုပ်ရှင် ၃ ကား ပြသခဲ့ပြီး “ကျွန်မအဖိုးအိမ်၊ အမှတ် ၆၂ ပန်းဆိုးတန်းလမ်းနှင့် အင်းစိန်စည်းချက် ”အမည်ရှိ ရုပ်ရှင် ၃ ကားတွင် ရန်ကုန်မြို့ရှိ အဆောက်အဦများနှင့် လူများအကြောင်း ၁၀ မိနစ်ကျော်ကြာ ရိုက်ကူးထားသည်။

ရုပ်ရှင်များပြပြီးနောက် ရိုက်ကူးမှုတွင်ပါခဲ့သော ကျောင်းသား၊ ကျောင်းသူ ၃ဦးနှင့် တက်ရောက်လာသူများမှ အမေးအဖြေပြုလုပ်ခဲ့ပြီး ရိုက်ကူးခဲ့စဉ်ကြုံတွေရသည့်အခက်အခဲများ၊ ရုပ်ကတ်ကောင်းများရရန် ရိုက်ခဲ့ပုံများ၊ အသံဖမ်းယူသည့် နည်းလမ်းများ၊ ဗီဒီယိုကင်မရာများအသုံးပြုခဲ့ပုံများ ပါဝင်သည်။

အဆိုပါ ရုပ်ရှင် ၃ ကားကို ဗိုလ်တစ်ထောင်မြို့နယ်၊ ဘိုကလေးဈေးလမ်းရှိ ပန်သူရိယ၌ လစဉ် နောက်ဆုံးရက်ဖြစ်သော သောကြာနေ့တိုင်း ည ၇ နာရီဝန်းကျင်တွင် ပြသသွားမည်ဖြစ်ပြီး အခမဲ့ကြည့်ရှုနိုင်သည်။

ပါရမီရှိတဲ့လူငယ်များရဲ့လက်ရာတွေကို ကြည့်ရှု့စေလိုကြောင်း ရန်ကုန်ရုပ်ရှင်ကျောင်းမှ Country Director ဖြစ်သူ Ms. Aleksandra Minkiewicz ကပြောခဲ့သည်။

“မြန်မာနိုင်ငံကလူတွေ လူငယ်တွေဖန်တီးထားတဲ့ အရမ်းကောင်းတဲ့လက်ရာတွေကို ကြည့်ဖို့လိုအပ်တယ်။ မြန်မာလူငယ်လေးတွေရိုက်ထားတဲ့၊ တကယ်ကောင်းတဲ့ရုပ်ရှင်မှတ်တမ်းတွေ ကမ္ဘာအနှံ့ ပြပြီးပြီ။ သူတို့ရိုက်ထားတွေကို ကမ္ဘာအနှံ့က ရုပ်ရှင်ပွဲတော် ၂၂၀ ကျော်လောက်မှာ ပြပြီးပြီ။ ဆုတွေလည်း ၄၀ ကျော်လောက်ရထားတယ်။ အခုဆိုရင် မြန်မာပြည်သူလူထုကို ပြဖို့ အချိန်ရောက်လာပြီ” ဟု သူမက ပြောခဲ့သည်။

အဆိုပါ ရုပ်ရှင်ပြပွဲသို့ နိုင်ငံခြားသားများပါ တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

No comments: