Sunday, January 29, 2017

သက်သေ အထောက်အထား မရှိသဖြင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟု ယူဆရသည့် လူ ၁၃ ဦး မီဇိုရမ် တရားရုံးက ပြန်လွှတ်

ADMIN


ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟုယူဆကာ မသင်္ကာမှုဖြင့် အဖမ်းခံခဲ့ရသည့် ရခိုင်လူမျိုး ၁၃ ဦးကို သက်သေအထောက် အထားမရှိ၍ မီဇိုရမ်တရားရုံးက ပြန်လွှတ်လိုက်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Aizawl Post သတင်းစာ၏ ဖော်ပြချက်အရသိရသည်။

အဆိုပါ ၁၃ ဦးတို့သည် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ Arakan Liberation Army (ALA) များဟု ယူဆကာ ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ် လောင်တလိုင်ရဲတပ်ဖွဲ့များက ၇ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်း ငယ်အကြာတွင် ၆ ဦးကို ထပ်မံဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်တာဝန်ရှိရဲတစ်ဦးက “လက်နက်ကိုင်တပ်ဖွဲ့ဟုတ်မဟုတ် မသိရဘူး၊ သူတို့ဘက်ကလည်း ဘာတစ်ခုမှ မပြောတော့ Foreigner case(နိုင်ငံခြားသားမှု) နဲ့ တရားရုံးမှာ ဆွဲချက်တင်ပြီး ရှုပီး ၅၀၀ စီ ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်လိုက်တယ်’’ ဟု Aizawl Post သတင်းစာတွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ဆိုင်ဟားမြို့ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့ကလည်း ပူးတွဲစစ်စင်ရေး ပြုလုပ်ရာတွင် ဆိုင်ဟားခရိုင် Lomasu ကျေးရွာမှ ၅ ကီလိုမီတာအကွာ ကုလားတန်မြစ်ဘေးတွင် စခန်းချ နေထိုင်ကြသော ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဟု ယူဆထားသူ ၈ ဦးနဲ့အတူ လက်နက်အမြောက်အများကို ဖမ်းဆီးခဲ့ပြီးဖြစ်သည်။

အဆိုပါဒေသတ၀ိုက်သည် ရခိုင်လွတ်မြောက်ရေးတပ်မတော် Arakan Liberation Army (ALA) နှင့် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့တို့ ခြေကုပ်ယူလှုပ်ရှားသည့်နေရာဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA/ALP သည် အစိုးရနှင့် ငြိမ်းချမ်းရေးရယူထား သည့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ရက္ခိုင့်တပ်မတော် AA သည် ယခုလက်ရှိ မြန်မာ့တပ်မတော် တိုက်ပွဲများဖြစ်ပွားနေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်။

No comments: