Monday, January 30, 2017

လျှပ်စစ်ဌာနက ဖိတ်ကြားသည့် ဓါတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား SSPP/SSA အား ခိုလမ်စစ်တိုင်းမှူး တက်ခွင့်မပြု

ဟွမ်ဟိန်း

နှင့် ကျေးသီးမြို့ ဓါတ်အားခွဲရုံဖွင့်ပွဲတက်ရောက်ရန် လျှပ်စစ်ဝန်ကြီးဌာန ကျေးသီး၊ မိုင်းရှူး ရုံးအဖွဲ့တာဝန်ခံ၏ ဖိတ်ကြားမှုကြောင့် ဖွင့်ပွဲတက်ရောက်လာသည့် သျှမ်းပြည် တပ်မတော် SSPP/SSA အား အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပွဲတက် ခွင့်မပြုဟု သိရသည် ။

ဇန်နဝါရီ ၂၆ ရက် မွန်းတည့် ၁၂ နာရီအချိန် မိုင်းရှူးမြို့ အားကစားရုံ၌ ကျင်းပသည့် မိုင်းရှူးမြို့ ဓါတ်အား ခွဲရုံ ဖွင့်ပွဲသို့သော်လည်းကောင်း၊ မွန်းလွဲ ၃ နာရီ ကျေးသီးမြို့ ဓါတ်အားခွဲရုံဖွင့်ပွဲသို့ သော်လည်း ကောင်း တက်ရောက်ပေးပါရန် လျှပ်စစ်ဓါတ်အားခွဲရုံ ဖွင့်ပွဲ ဖြစ်မြောက်ရေး က သျှမ်းပြည်တပ်မတော် SSPP/SSA အား ဖိတ်ကြားထားသော်လည်း နမ့်စန်မြို့နယ် ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းမှူး က ခွင့်မပြုသည့်အတွက် SSPP/SSA ကိုယ်စားလှယ်များတက်ရောက်ခွင့် မရခဲ့ဟု ဆိုပါသည် ။

“အစိုးရ ဌာန က ကျနော်တို့အပေါ် ယုံကြည်လို့ ဖိတ်ကြားထားတယ်။ ကျနော်တို့လည်း ဒီဖိတ်ကြားမှုကို အလေးထားလို့ ယုံကြည်လို့ သွားတာ။ တိုင်းမှူးကဘယ်လိုသဘောထားကြောင့် ဘာအတွက်ကြောင့်ဟန့် တားလဲဆိုတာ ကျနော်တို့လဲ နားမလည်ဘူး။ ဒီလုပ်ရပ်က နိုင်ငံတော်က လုပ်လိုတဲ့ ငြိမ်းချမ်းရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးအတွက် အပြုသဘောမဆောင်ဘူး” – ဟု ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးဘုန်း ဟန် ကပြောသည် ။

လျှပ်စစ်ဓါတ်အားခွဲရုံ ဖွင့်ပွဲ တက်ရောက်ရန် SSPP/SSA ဌာနချုပ်အရာ ရှိ စဝ်တွန်းခမ်း နှင့် အဖွဲ့ဝင် သုံးဦးအား စေလွတ်ကြောင်းကြားသိရသည် ။

ရလခ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်သည် တန့်ယန်း – မိုင်းရှူး ကြား လမ်းမပေါ် မှ အရှေ့ဘက် သံလွင်မြစ် သို့ (လွယ်နိုင်း – တာ့ဝန်းနောင်း) တပ်မတော်သားအင်အားဖြင့် လမ်းဖေါက်လုပ်မည်ဟု သျှမ်းပြည်တပ် မတော်ထံ ပြောကြားသည့်နောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်မှ တပ်မတော်အင် အားဖြင့် လမ်းဖေါက်လုပ်ရန်မသင့်တော်ကြောင်း၊ လမ်းဖေါက်လုပ်ရေးလုပ်သားဖြင့် ဖေါက်လုပ်ရန်သာ သင့်တော်ကြောင်း နေပြည်တော်သို့ အကြောင်းပြန်ကြားသည့်နောက်ပိုင်း စစ်ရေးတင်းမာလာခဲ့သည် ။

ဘိန်းခြံရှင်းလင်းရေးအကြောင်းပြချက်ဖြင့်လည်း ဇန်နဝါရီ ၂၁ ရက်ကနေ့က နှစ်ဘက် ရင်ဆိုင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပေါသေးသည်။ နှစ်ဘက်စစ်ရေးတင်းမာသည့်အနေအထားကြားက သျှမ်းပြည် တပ်မတော် တပ်ဖွဲ့ဝင်များ အစိုးရ တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းမှုများလည်းရှိခဲ့သည် ။

တပ်မတော်တပ်မှူးနှင့် SSPP/SSA တပ်မှူးတို့ တန့်ယန်းမြို့နယ်အတွင်းရှိ တပ်စခန်းများ ပူးတွဲကွင်းဆင်းမှု ရှိခဲ့သော်လည်း နှစ်ဘက်စစ်ရေးပြေလျော့မှုမရှိသေးပေ။

ယခုကဲ့သို့ စစ်ရေးတင်းမာမှုသည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအား အဟန့်အတား ဖြစ်စေနိုင် သည်ဟု နိုင်ငံရေးပါတီဝင်များက သုံးသပ်ပြောဆိုသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကလည်း အဆိုပါဒေသအတွင်း အစိုးရတပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လူပေါင်း တသိန်းခန့် မဲပေးပိုင်ခွင့် လှစ်ဟင်းခဲ့သည် ။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

No comments: