Sunday, January 29, 2017

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ကလေးမြို့နယ်တွင်း ၃ ရက် လှည့်လည်ပြသမည်

မင်းရဲစစ်နိုင်


ကလေးမြို့မှာ ပထမဆုံးတည်ထားမယ့် ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုဟာ ဇန်န၀ါရီ (၂၇) ရက်နေ့မှာပဲ ကလေးနယ် နတ်ချောင်းရွာကို မန္တလေးမြို့ကတဆင့် ရောက်ရှိနေပြီ ဖြစ်ပြီး ကြေးသွန်းရုပ်တုကို ကလေးမြို့နဲ့ အနီးတ၀ိုက်ကျေးရွာတွေအထိ ၃ ရက် လှည့်လည်ပြသသွားမယ်လို့ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ကိုဖိုးဝ ကပြောပါတယ်။

“အခု ကလေးမြို့နယ်ထဲက နတ်ချောင်းရွာကို ရောက်နေပြီ။ ကျနော်တို့အနေနဲ့ မနက်ဖြန်ကနေစပြီး နတ်ချောင်းကနေ ကလေးမြို့ကို သယ်ဆောင်ရာမှာရှိတဲ့ ကျေးရွာတန်းတွေကို သယ်ဆောင်ရင်း လှည့်လည် ပြသသွားမယ်။ ပြီးတော့ ကလေးမြို့က ဗိုလ်ချုပ်ကြေးရုပ် တည်မယ့်နေရာမှာ ညအိပ်နားမယ်။ နောက်နေ့ မြို့ထဲကို လည်မယ်။ အဲဒါပြီး နောက်နေ့ ကလေးမြောက်ပိုင်း စခန်းကြီးရွာအထိ လှည့်မယ်။ အဲဒီက အပြန်မှာတော့ ဗိုလ်ချုပ်ကြေးရုပ်ကို ကလေးပြန်သယ်လာပြီး အချိန်မီခဲ့ရင် တခါတည်း ကြေးရုပ်တင်မယ့် ခုံပေါ်မှာ တခါထဲ စိုက်ထူမယ်။”

ဗိုလ်ချုပ်ကြေးသွန်းရုပ်တုကို မန္တလေးမြို့မှာ ပြီးခဲ့တဲ့ နှစ်လခန့်က စတင် သွန်းလုပ်ခဲ့တာဖြစ်ပြီး ကြေးရုပ်အမြင့် ၁၂ အထိ အမြင့် သွန်းလုပ်ထားတာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ကြေးသွန်းရုပ်တု ဖွင့်ပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြေးသွန်းရုပ်တု ဖွင့်ပွဲမှာ စာပေဟောပြောပွဲတွေကိုပါ ထည့်သွင်းသွားမှာ ဖြစ်ပြီး စာရေးဆရာ ချစ်ဦးညို၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဦးဂျင်မီနဲ့ ဦးမင်းကိုနိုင်တို့ကို ဟောပြောဖို့ ဖိတ်ကြားထားကြောင်း ကလေးမြို့ ၈၈ ငြိမ်းပွင့်က ဆရာ ဘကြူးက ပြောပါတယ်။

ကလေးမြို့မှာ တည်ထားမယ့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဇန်န၀ါရီ ၂၈ ရက် မနက် (၅) နာရီမှာ ကလေးမြို့ရှိ ပြည်သူတွေ၊ အဖွဲ့အစည်းတွေ၊ ဒေသအစိုးရအဖွဲ့တွေက သွားရောက် သယ်ဆောင်ကြမှာ ဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ လိုက်ပါ ကြိုဆိုနိုင်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တု ဖြစ်မြောက်ရေး ကော်မတီက ဆိုပါတယ်။

No comments: