Sunday, January 29, 2017

စစ်တွေမြို့နယ်တွင် ညဈေးသစ် တည်ဆောက်မည်

RiA

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ၌ လိုအပ်လျက်ရှိသော ညဈေးသစ်ကို မတ်လအတွင်း အပြီး တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း စစ်တွေမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမိုးကျော်က ပြောသည်။

“ အခုလိုမျိုးစီစဉ်ပေးတာဟာ ပျံကျဈေးသည်တွေ တစ်နေရာတည်းမှာ ကောင်းကောင်း မွန်မွန် ရောင်းချနိုင်ဖို့အတွက် လုပ်ပေးတာဖြစ်သလို မြို့တော်အင်္ဂါရပ်နဲ့လည်း ညီအောင်အတွက်ပါ။”

စစ်တွေမြို့ရှိ လူစည်ကားသော လမ်းမများတွင် ရွေ့လျားစနစ်၊ အချိန်ပိုင်း စနစ်များဖြင့် ရောင်းချနေကြသည့် ပျံကျဈေးသည်များကြောင့် မြို့တော်အင်္ဂါရပ် ထိခိုက်မှုအပါအဝင် ဈေးသည်မိသားစုများ၏ ဝင်ငွေကို မထိခိုက်စေရန် ရည်ရွယ်ချက်တို့ဖြင့် ယခုလို စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေစည်ပင်အဖွဲ့မှ သိရသည်။

ညဈေးတန်းကို စစ်တွေမြို့လယ်ဖြစ်သည့် ကမ်းနားလမ်းနှင့် လမ်းမကြီးကြားတွင် ရှိသော မြေကွက်လပ်တွင် ဆောက်လုပ် ပေးသွားမည်ဖြစ်ကာ ဈေးဆိုင်တန်းများ ဆောက်လုပ်ရန်နေရာအား မြေနေရာဖော်ဆောင်မှုများကို စတင်ဆောင်ရွက်နေကြပြီ ဖြစ်သည်။

“ ဈေးဆောက်မဲ့မြေနေရာက ၀ ဒသမ ၈ ဧကရှိပါတယ်။ အဲဒီမှာ မြေမျက်နှာပြင်တွေ ညှိတာပြီးလို့ရှိရင် ကွန်ကရစ်ကြမ်း ခင်းလုပ်မယ်။ ရေနဲ့ မီးရရှိအောင် လုပ်ပြီးတာနဲ့ ဈေးသည်တွေကို နေရာချပေးတော့မှာဖြစ်ပါတယ်။ ၂ လအတွင်း အကောင်အထည်ဖော်မှာပါ။” ဟု စစ်တွေစည်ပင် အမှုဆောင်အရာရှိ ဦးမိုးကျော်က ပြောသည်။

စစ်တွေမြို့ပေါ်တွင် ပုံမှန်ရောင်းချလျှက်ရှိကြသည့် ပျံကျဈေးသည်ပေါင်း တစ်ရာကျော်ခန့်ရှိပြီး ညဈေးဆောက်လုပ်မှု အတွက် လိုအပ်သည့် ငွေကျပ်သိန်း ၄၀၀ ကို ရခိုင်ပြည်နယ်အစိုးရ ရန်ပုံငွေထဲမှ အကုန်ကျခံ ဆောက်လုပ်နေခြင်း ဖြစ်သည်။

No comments: