Friday, January 27, 2017

မျိုးစောင့်ဥပဒေပါ အချို့အချက်များကို ပြင်မည်

နေဖြိုးဝင်း


အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေးဥပဒေပါအချို့အချက်နဲ့ မျိုးစောင့်ဥပဒေ ၄ ခုက အချို့အချက်တွေ ငြိနေတဲ့အတွက် မျိုးစောင့်ဥပဒေပါ အချို့အချက်တွေကိုလည်း ပြင်မယ်လို့ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ နေပြည်တော်ကိုလာတုန်းက အမျိုးသမီးအကြမ်းဖက်မှုကာကွယ်ရေးဥပဒေ တင်ရင် မျိုးစောင့် ဥပဒေ ၄ ခုနဲ့ ငြိနေတဲ့အတွက် အမျိုးသမီးအကြမ်းဖက်မှုကာကွယ်ရေးဥပဒေ တင်တာနဲ့ မျိုးစောင့်ဥပဒေ ၄ ခုပြင်တာ တပြိုင်တည်းလုပ်ဖို့ အကြံပေးခဲ့ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းက ဇန်နဝါရီ ၂၇ ရက်နေ့က မီဒီယာတွေကို ပြောတာပါ။

“၂၀၁၄ ကတည်းက ဆွဲနေတဲ့ အမျိုးသမီးအကြမ်းဖက်မှုကာကွယ်ရေးဥပဒေ တင်ဖို့ရှိတယ်။ အဲဒါတင်လို့ရှိရင် မျိုးစောင့်ဥပဒေ ၄ ခုနဲ့ အချက်အလက်တွေ ငြိတာရှိတယ်။ ဥပဒေမှာ အဲလို ငြိလို့ရှိရင် ပြဋ္ဌာန်းလို့ မရဘူး။ မရဘူးဆိုလို့ရှိရင် ဒါကိုအရင် ပြဋ္ဌာန်းမယ်၊ ဟိုဟာကို ပြီးမှ ပြင်မယ်လို့ ပြောတယ်။ မဟုတ်ဘူး။ အဲလို လုပ်လို့မရဘူး။ ပြဋ္ဌာန်းတာတပိုင်း၊ ပြင်တာတပိုင်း တပြိုင်တည်း လုပ်ပါဆိုပြီး အကြံပေးသွားတယ်’’ လို့ ဒေါက်တာမြသောင်းက ပြောပါတယ်။

မျိုးစောင့်ဥပဒေ ၄ ခုကို သီးသန့်ပြင်ဆင်တာမျိုးမဟုတ်ဘဲ လွှတ်တော်ကိုတင်ပြီး ပြဋ္ဌာန်းဖို့ရှိတဲ့ အမျိုးသမီး အကြမ်းဖက်မှုကာကွယ်ရေးဥပဒေနဲ့ အချို့အချက်တွေ ငြိနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်အချက်တွေ ငြိတယ်ဆိုတာတော့ မသိသေးဘူးလို့ ပြောပါတယ်။

“၂၀၁၇ ခုနှစ်မှာတော့ ပြင်ဖို့ရှိတယ်ဆိုတော့ ဒီဟာကို တင်လို့ရှိရင် ဟိုဟာက သူ့အလိုလို ငြိတဲ့အတွက် ပြင်ရမှာပေါ့။ ဘာပြင်မယ်ဆိုတာ မသိဘူး။ ငြိတဲ့အချက်ကို ဒီဘက်ကဟာကို အတည်ပြုမယ်ဆို ဟိုဘက်ကဟာကို ပြင်ပေးရမယ်။ အဲသဘောပဲ။ ငြိမယ်ဆိုတာတော့ သိတယ်။ ဘာငြိမှန်းမသိသေးဘူး ’’ လို့ ဆိုပါတယ်။

ဥပဒေတင်တာကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး ဘယ်အချိန်တင်မယ်ဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။

No comments: