Monday, February 15, 2010

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ဆက်လက် ဖြစ်ပေါ်နေဆဲ

NEJ

မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး စေခိုင်းမှုများ ရှိနေဆဲ၊ ကလေးစစ်သား စုဆောင်းမှုများ ရှိနေဆဲဖြစ်သည်ဟု ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)၏ အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာ ကာရီ တာပီယိုလာက ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားခဲ့မှုနှင့်ပတ်သက်ပြီး မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး လေးစားလိုက်နာမှု အခြေအနေကို အာရှလူ့အခွင့်အရေး ကော်မရှင်မှ မြန်မာ့အရေးဆောင်ရွက်နေသူ ရှေ့နေ ဦးမင်းလွင်ဦးနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ မြန်မာနိုင်ငံမှာ လုပ်အားပေးစေခိုင်းမှုတွေ ရှိနေဆဲ၊ အသက်မပြည့်တဲ့သူတွေကို စစ်သားအဖြစ်စုဆောင်းနေတဲ့ ကလေးစစ်သားစုဆောင်းမှုတွေ ရှိနေဆဲဆိုတာဟာ တနည်းအားဖြင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ရှိနေဆဲဆိုတာ ပြသရာရောက်ပါတယ်။ အဲဒီအပေါ် ဦးမင်းလွင်ဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အစောပိုင်းမှာ အိုင်အယ်လ်အိုကနေ အသိမှတ်ပြုထားတဲ့ ကိစ္စရပ်တချို့တွေ ရှိတယ်။ အဲဒါကတော့ မြန်မာနိုင်ငံတွင်းမှာ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းခံရတဲ့ ကိစ္စ၊ နောက် ကလေးစစ်သား အဓမ္မစုဆောင်းတဲ့ကိစ္စတွေဖြစ်တယ်။ ကလေးစစ်သား စုဆောင်းမှုတွေကတော့ ပိုပြီးဆိုးဝါးနေတာရှိတယ်။ အဓမ္မလုပ်အားပေးခိုင်းစေတဲ့ ကိစ္စရပ်တွေကတော့ မြို့ပေါ်တွေမှာ မရှိတော့သော်လည်းဘဲ နယ်တွေမှာ ဆက်လက် ဖြစ်ပွားနေဆဲပဲဖြစ်တယ်။ နယ်စပ်ဒေသတွေမှာဆိုရင် ပိုဆိုးဝါးတာသိရတယ်။ ဒီလိုကိစ္စရပ်တွေက မြန်မာနိုင်ငံအတွင်းမှာ မလုပ်တော့ပါဘူးလို့သာ အစိုးရကနေ နိုင်ငံတကာကို ပြောနေပေမယ့်လည်း စဉ်ဆက်မပြတ် ဆက်လက် ဖြစ်ပွားနေဆဲပဲ ရှိတယ်ဆိုတာကို တွေ့ရတယ်။ အထူးသဖြင့် မြို့ကြီးတွေ မဟုတ်ဘဲ ကျေးရွာဒေသတွေမှာ အဓမ္မလုပ်အားပေး ဆင့်ဆိုမှုတွေဟာ ယနေ့ထက်တိုင် ရှိနေသေးတယ်ဆိုတာကို ကျနော်တို့ ကြားသိနေရတယ်။ နောက်ပြီးတော့ အဲဒီလို အဓမ္မလုပ်အားပေး ဆင့်ဆိုတဲ့ကိစ္စတွေဟာ တိုင်းရင်းသားနယ်မြေဒေသတွေမှာ ဆိုလို့ရှိရင် စစ်မြေပြင်တွေမှာပါ ပေါ်တာအဖြစ် ခေါ်ယူအသုံးပြုတယ်လို့ ကျနော်တို့ အထောက်အထားတွေအရ သိရတာတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ဆက်လက် ဖြစ်ပေါ်နေဆဲပဲလို့ ပြောချင်ပါတယ်။

မေး။ ။ ဘာကြောင့် ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေရတာပါလဲ။

ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ စစ်အစိုးရကိုယ်တိုင်ကိုယ်က တချို့ကိစ္စရပ်တွေမှာ အောက်ခြေကလုပ်နေတာကို မသိချင်ယောင် ဆောင်နေတာရှိတယ်။ သိသိကြီးနဲ့ ခွင့်ပြုထားတဲ့ကိစ္စရပ်တွေ ရှိတယ်။ နောက်ပြီးတော့တခါ သူတို့ကိုယ်တိုင်ကိုယ်က အားပေးအားမြှောက်နဲ့ လုပ်ခိုင်းတဲ့ ကိစ္စရပ်တွေ တချို့လည်း ရှိနေတယ်။ မြန်မာနိုင်ငံအတွင်းမှာ တရားဥပဒေစိုးမိုးမှု မရှိတဲ့ အတွက်လည်း အခုလိုမျိုးကိစ္စတွေက ဆက်စဉ်မပြတ်ဖြစ်ပွားနေရတာ ဖြစ်တယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ကလေးစစ်သားစုဆောင်းတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာကွန်ဗင်းရှင်းကို စစ်အစိုးရက လက်မှတ်ထိုးထားတာ ဖြစ်တယ်။ သို့သော်လည်းပဲ အခုလက်ရှိဖြစ်နေတဲ့ ကိစ္စရပ်တွေမှာ မြန်မာနိုင်ငံအတွင်းမှာ ကလေးစစ်သား စုဆောင်းတာ မရှိဘူး၊ အဲလိုမျိုး ပြန်ပို့ဖို့အတွက် ဂေဟာတွေတောင်ဖွင့်ပြီး ပြန်ပို့နေတယ်လို့ တဖက်မှာလည်း ပြောတယ်။ သို့သော်လည်းပဲ အဲဒီလိုမျိုး အဓမ္မစုဆောင်းသူတွေကို ယနေ့ထက်တိုင် အရေးမယူသေးဘူးဆိုတာကို ကျနော်တို့တွေ့ရတယ်။ ဒါတွေက စစ်အစိုးရကိုယ်တိုင် အားပေးအားမြှောက်လုပ်ပြီးတော့ ဆောင်ရွက်နေတဲ့ကိစ္စရပ်တွေ ဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာလာအောင် ဘာတွေ လုပ်ဆောင်သင့်ပါလဲ။

ဖြေ။ ။ အုပ်ချုပ်တဲ့ စစ်အစိုးရအနေနဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက် ပြောရတာ တော်တော်တော့ ခက်ပါတယ်။ သို့သော်လည်းပဲ အိုင်အယ်လ်အိုကနေပြီး လာရောက်ပြီးတော့ ဖိအားပေးတဲ့ကိစ္စ၊ နိုင်ငံတကာ လူ့အခွင့်အရေးကောင်စီကနေ ဖိအားပေးတဲ့ကိစ္စ၊ လုံခြုံရေးကောင်စီကနေပြီးတော့ သက်ဆိုင်ရာအစည်းအဝေးတွေမှာ ဖိအားပေး ပြောဆိုတဲ့ ကိစ္စရပ်တွေက တဖက်တလမ်းကနေပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဟန့်တားပေးနိုင်ရာ ရောက်တယ်။ ဒါကြောင့်လည်း ပြောနိုင်တာတခုကတော့ မြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်တွေ မှန်သမျှကို အထောက်အထား အပြည့်အစုံနဲ့ နိုင်ငံတကာသိအောင်၊ ခုထက်ပိုပြီး ထောက်ခံမှုရလာအောင်၊ ပိုပြီးဖိအားပေးလာနိုင်အောင် ဆက်လက်ဆောင်ရွက်ဖို့လိုပါတယ်။

မေး။ ။ မြန်မာစစ်အစိုးရနဲ့ အိုင်အယ်လ်အို ပူးပေါင်းဆောင်ရွက်မှုအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အိုင်အယ်လ်အိုနဲ့ မြန်မာစစ်အစိုးရတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတာရှိတယ်။ ဒါပေမယ့်လည်း ဒီလို ကိစ္စရပ်တွေမှာ စစ်အစိုးရအနေနဲ့ ပြည့်ပြည့်စုံစုံ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုတာ တွေ့ရတယ်။ အထူးသဖြင့် အောင်လံမြို့နယ်က လယ်သမားတွေကိစ္စမှာဆိုလို့ရှိရင် အိုင်အယ်လ်အိုနဲ့ စစ်အစိုးရ နှစ်ဦးနှစ်ဖက် နားလည်မှုယူပြီးတော့ တောင်သူလယ်သမားတွေကို အရေးမယူဘူး။ လယ်ယာမြေတွေ ပြန်ပေးမယ်၊ လုပ်ကိုင်ခွင့်ပေးမယ်ဆိုပြီးတော့ သဘောတူညီချက် အတိအလင်း ချုပ်ဆိုထားတာရှိတယ်။ သို့သော်လည်း စစ်အစိုးရက အဲဒါကို လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုတာ ကျနော်တို့ တွေ့ရတယ်။

အခု အိုင်အယ်လ်အိုကနေ လာပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်တန်းရာမှာ လိုက်ပါဆောင်ရွက်တဲ့သူတွေက ချိုးဖောက်ခြင်းခံရတဲ့ လယ်သမားတွေကိစ္စကို လာပြောတော့မှသာ သူတို့အနေနဲ့ တစိတ်တပိုင်းပြန်လည် ဆောင်ရွက်ပေးနေတယ် ဆိုတာကို ကျနော်တို့သိရတယ်။ ဒါကြောင့် စစ်အစိုးရအနေနဲ့ အိုင်အယ်လ်အိုရဲ့ဖိအားပေးမှုကိုလည်း မတတ်သာတဲ့အဆုံးမှ လိုက်လျောတဲ့သဘော ဖြစ်နေတာကို ကျနော်တို့ မြင်ရတယ်။ အိုင်အယ်လ်အိုကနေ နောက်ဆုံးအရေးယူဆောင်ရွက်တော့မယ့် အခြေအနေရောက်ပြီဆိုမှသာ စစ်အစိုးရက တချို့ကိစ္စရပ်တွေ လိုက်လျောချင်ယောင်ပြုတယ်၊ လျှော့ပေးတယ်၊ သဘောတူညီမှုတွေအတိုင်း ဆောင်ရွက်ပေးတာဖြစ်တယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သူတို့ဆုံးဖြတ်ချက်တွေအတိုင်းပဲ ဆက်လက် ကျူးလွန်ဖောက်ဖျက်နေတာ ဖြစ်တယ်၊ လုပ်ဆောင်နေဆဲပဲ ဖြစ်တယ်ဆိုတာ ကျနော်တို့ အထောက်အထားတွေအရ တွေ့ရှိနေပါတယ်။

မေး။ ။ အိုင်အယ်လ်အိုကို တိုင်ကြားဆက်သွယ်လို့ဆိုပြီး အရေးယူခံရသူတွေ ရှိပါတယ်။ အဲလိုအရေးယူခံရသူတွေအတွက် အိုင်အယ်လ်အိုရဲ့လုပ်ဆောင်ချက်အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အမေရိကန်စင်တာမှာ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေကို ရှင်းပြဖို့ကြိုးစားတဲ့ ကိုသူရိန်တို့၊ ကိုကျော်ကျော်တို့၊ ကိုဝေလင်းတို့ ကိစ္စမှာလည်း အခုအချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးဘူး။ ထိုနည်းတူစွာပဲ ရှေ့နေ ကိုဖိုးဖြူရဲ့ကိစ္စကလည်း အခုလို အပြင်းအထန်ဖိအားပေးတဲ့အခါကျမှ တရားရုံးချုပ်က အထူးအယူခံအဖြစ် ကြားနာမယ်လို့ ကျနော်တို့သိရတယ်။ ပြီတော့တခါ လယ်သမားတွေကို အကူအညီပေးနေတဲ့ အောင်လံမြို့နယ်က ကိုဇော်ဌေးတို့လည်း အခုအချိန်ထိ ဖမ်းဆီးချုပ်နှောင်မှု ခံထားရတယ်။ အဲဒီကိစ္စတွေကို အိုင်အယ်လ်အိုက ဖိအားပေးသော်ငြားလည်း နအဖစစ်အစိုးရအနေနဲ့ အလွယ်တကူလိုက်လျောမှုမရှိဘဲ မတတ်သာတဲ့အဆုံးမှ လိုက်လျောလိမ့်မယ်လို့ ထင်ပါတယ်။


မေး။ ။ အောင်လံမြို့နယ်က လယ်သမားတွေ လယ်ယာမြေအသိမ်းခံရတဲ့ကိစ္စမှာ ကူညီဆောင်ရွက်ပေးလို့ အဖမ်းခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ ရှေ့နေကိုဖိုးဖြူကိစ္စကို အထူးအယူခံအဖြစ် ကြားနာမယ်လို့ သိရပါတယ်။ အဲဒါ ဘာကြောင့်လို့ ယူဆပါသလဲ။

ဖြေ။ ။ ကိုဖိုးဖြူရဲ့ကိစ္စကတော့ အိုင်အယ်လ်အို အမှုဆောင်ညွှန်ကြားရေးမှူး မြန်မာနိုင်ငံလာသွားတာနဲ့ ပတ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တိုင်းအယူခံ၊ တရားရုံးချုပ်အယူခံ အဆင့်ဆင့်တင်နေတဲ့ ကြားထဲကနေပြီးတော့ အခုလိုမျိုး နိုင်ငံတော် တရားသူကြီးချုပ်ကိုယ်တိုင်ကနေ ခေါ်ယူပြီးတော့ အထူးအယူခံအဖြစ် ဖွင့်လှစ်ကြားနာမယ်ဆိုတာကတော့ အတော်ရှားပါးတဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့် အိုင်အယ်လ်အိုရဲ့ ဖိအားပေးမှု တစိတ်တပိုင်း ပါဝင်ပတ်သက်တယ်လို့ ပြောရခြင်းဖြစ်ပါတယ်။


မေး။ ။ လာမယ့်မတ်လမှာ အိုင်အယ်လ်အို အမှုဆောင်ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံက တွေ့ရှိချက်တွေကို အစီရင်ခံစာ တင်မယ်လို့ သိရပါတယ်။ ဒီအစီရင်ခံစာဟာ ဘယ်လိုသက်ရောက်မှုမျိုးတွေ ရှိနိုင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့အတွေ့အကြုံအရတော့ အဲလိုမျိုး အိုင်အယ်လ်အို အစီရင်ခံစာအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ သုံးလပတ်အစည်းအဝေးတွေမှာ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးကနေပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့၊ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ တင်ပြတာ ရှိပါတယ်။ အဲလိုတင်ပြတဲ့ကိစ္စရပ်တွေကို တခါ လုံခြုံရေးကောင်စီ အစည်းအဝေး၊ နောက်ပြီးတော့ ကုလသမဂ္ဂ အထွေထွေညီလာခံ စတဲ့ အစည်းအဝေးတွေမှာ ဆင့်ကဲ့ဆင့်ကဲ တင်ပြီးတော့ မြန်မာနိုင်ငံကို ဖိအားပေးဖို့ ဆုံးဖြတ်ကြတာဖြစ်တယ်။ ဒါကြောင့် ဒီလို သုံးလပတ်အစည်းအဝေးမှာ တင်သွင်းတဲ့ဟာက မြန်မာစစ်အစိုးရအနေနဲ့ ပိုမိုပြီးတော့ ပြင်းထန်တဲ့ဖိအားပေးမှုတွေ ဆက်လက်ရင်ဆိုင်ရမယ်လို့ မြင်ပါတယ်။

မေး။ ။ ၂၀၁၀ ခုနှစ်အတွင်းမှာ အိုင်အယ်လ်အိုအနေနဲ့ မြန်မာနိုင်ငံမှာ ဘာတွေ ဆက်လက် တိုးချဲ့လုပ်ကိုင်သွားဖို့ လိုအပ်တယ် ထင်ပါသလဲ။

ဖြေ။ ။ အိုင်အယ်လ်အိုအနေနဲ့ ဆက်လက်တိုးချဲ့ဖို့ လိုအပ်တဲ့ကိစ္စတွေကတော့ ကျနော်တို့မြန်မာနိုင်ငံအတွင်းမှာ လယ်ယာမြေ အသိမ်းခံနေရတဲ့ ကိစ္စရပ်တွေမှာ လယ်သမားတွေကိုယ်တိုင် ထိုက်သင့်တဲ့လျော်ကြေးပြန်ရဖို့၊ လယ်ယာမြေ အစားပြန်လည် ရနိုင်ဖို့အတွက် လုပ်ပိုင်ခွင့်တွေ ဖန်တီးပေးနိုင်ဖို့ အိုင်အယ်လ်အိုကနေ ကြားဝင်ဆောင်ရွက် ညှိနှိုင်းဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဧရာဝတီတိုင်းတို့၊ ရခိုင်ပြည်နယ်တို့မှာ လယ်ယာမြေသိမ်းတဲ့ကိစ္စရပ်တွေက ဆိုးဆိုးဝါးဝါးကို ဖြစ်ပေါ်နေတယ်။ ဒါတွေကို အထူးအလေးပေးပြီးတော့ ဆောင်ရွက်သင့်ပါတယ်။

No comments: