ကိုမိုးကောင်း
ပစ္စုပ္ပန်
ယနေ့ မြန်မာ့နိုင်ငံရေးကို အရိုက်ခတ်ဆုံးကတော့ နိုဝင်ဘာ ၇ ရက်မှာ နအဖ နိုင်ငံတော် အေးချမ်း သာသာရေးနဲ့ ဖွံဖြိုးရေး ကောင်စီ က ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲပါ၊ ပြည်တွင်း ပြည်ပ အတိုက်အခံ အင်အားစုတွေကြား ရွေးကောက်ပွဲဝင်ရေးနဲ့ သပိတ်မှောက်ရေးဆိုတဲ့ အမြင် အယူအဆ မတူညီမှုနှစ်ခုဟာ အကြောင်းပြချက်ကိုယ်စီနဲ့ ဆွေးနွေးငြင်းခုံခဲ့ ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာကလဲ မြန်မာ့အရေး ပြောဆိုဆွေးနွေးကြရာမှာ ထိုရွေးကောက်ပွဲကိုပဲ အဓိက မဏ္ဍိုင်ပြုပြီး ဆွေးနွေး တောင်းဆိုမှုတွေ လုပ်နေပါတယ်။ ဒါ့ကြောင့် ယခုလက်ရှိ မြန်မာ့နိုင်ငံရေးကို လွှမ်းခြုံစိုးမိုးထားတာက ၂ဝ၁ဝ ရွေးကောက်ပွဲပါပဲ။
ရွေးကောက်ပွဲ ဘာကြောင့် လုပ်ပေးရသလဲ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ရိုက်ခတ်မှုအရှိန်ဟာ မြန်မာပြည်ကို အဆင့်တနေရာ ရောက်စေခဲ့တယ်။ ထိုရောက်ရှိခဲ့တဲ့ အဆင့်နဲ့ ပြောင်းလဲလာခဲ့တဲ့ ကမ္ဘာနိုင်ငံရေး အခင်းအကျင်းအရ တပါတီ အာဏာရှင်စနစ်ကို ပြန်လှည့်ဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည် သဘောပေါက်ခဲ့တဲ့ နအဖဟာ နိုင်ငံတကာ အသိအမှတ်ပြု လက်ခံနိုင်မယ့် ပုံစံမျိုးနဲ့ အာဏာကို ချုပ်ကိုင်နိုင်ဖို့သာ ဦးတည်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကတော့ ဟန်ပြပါတီစုံစနစ်မှာ စစ်တပ်ကို အသုံးပြုပြီး အာဏာကို ချုပ်ကိုင်ထားရေးပဲဖြစ်ပါတယ်။ ထို့အတွက် အတုအယောင် အမျိုးသားညီလာခံကိုကျင်းပပြီး သူတို့ စိတ်တိုင်းကျ အခြေခံဥပဒေကို ရေးဆွဲခဲ့ပါတယ်။ ပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုဖို့ လူထု ဆန္ဒခံယူပွဲဖြစ်တဲ့ သူတို့ရဲ့ လမ်းပြမြေပုံအဆင့် ၄ မှာ ကန့်ကွက်မဲထည့်ကြဖို့ ကြွေးကြော်သံနဲ့ လမ်းပြမြေပုံထဲ ပူပေါင်းပါဝင်လာခဲ့တဲ့ အတိုက်အခံများရဲ့ နည်းဗျူဟာအမှားကို အသုံးချပြီး ၂ဝဝ၈ အခြေခံဥပဒေကို ပြည်သူလူထု အများစုကြီးက စိတ်ဝင်တစား ထောက်ခံမဲပေးခဲ့တယ်လို့ ဖန်တီးယူခဲ့ပါတယ်။
၂ဝဝ၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၄၄၁ မှာ ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့်နေမှစ၍ နိုင်ငံတော် တဝန်းလုံး အာဏာတည်သည် လို့ ပြဋ္ဌာန်းထားပါတယ်။ ထိုဥပဒေ အာဏာတည်စေမယ့် ပြည်ထောင်စု လွှတ်တော်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ နအဖက ဘာကြောင့် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ပေးရသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေဖြစ်ပါတယ်။
လမ်းနှစ်သွယ်
အတိုက်အခံအင်အားစုတွေကြားမှာ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးနဲ့ ပတ်သက်လို့ ကိုယ့်အယူအဆနဲ့ ကိုယ် ဆွေးနွေးငြင်းခုံနေကြတာဟာ နအဖက ရွေးကောက်ပွဲ ကျင်းပလုပ်ပေးမယ် ကြေညာချိန်က စခဲ့တယ်ဆိုပေမယ့် ဒီအယူအဆနှစ်ခုဟာ ထိုကာလမတိုင်ခင် တော်တော် စောစောထဲက ရှိနှင့်ပြီးဖြစ်တဲ့ ယုံကြည်ရာ လမ်းကြောင်းရွေးချယ်မှုတွေပဲ ဖြစ်ပါတယ်။
မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် နအဖရဲ့ လမ်းကြောင်းထဲကို ဝင်ပြီး တဖြည်းဖြည်း ပြောင်းလဲ ယူမယ်ဆိုတဲ့ အယူအဆကို ကိုင်ဆွဲပြီး အမျိုးသား ညီလာကိုတက် နောက်ရွေးကောက်ပွဲကို ဖြတ်၊ လွှတ်တော်ဝင်ပြီး တောင်းဆို တိုက်ပွဲဝင်မယ်ဆိုတဲ့လမ်းနဲ့ နိုင်ငံရေးအရ တဖက်သတ် ဖြေရှင်းတာကို လက်မခံ နအဖနဲ့ ဒီမိုကရေစီ အင်အားစုများ တိုင်းရင်းသား အင်အားစုများပါဝင်တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့ လူထုတိုက်ပွဲဖိအား နိုင်ငံတကာဖိအားနဲ့ တောင်းဆို တိုက်ပွဲဝင်မယ်ဆိုတဲ့ လမ်းနှစ်သွယ်ဟာ အတိုက်အခံ အင်အားစုများကြား အထူးသဖြင့် ပြည်တွင်းမှာ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင်ကထဲက ရှိနှင့်ခဲ့တာပါ။
တကယ်တော့ ရွေးကောက်ပွဲကတဆင့် လွှတ်တော်တွင်းဝင်မယ်ဆိုတဲ့ လမ်းကြောင်းဟာ ၂ဝဝ၃ ဒီပဲယင်း လူသတ်ပွဲကြီးအပြီး ထုတ်ပြန်ကြေညာခဲ့တဲ့ နအဖရဲ့ လမ်းပြမြေပုံ ၇ ဆင့်ပဲဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးကတဆင့် နိုင်ငံရေး အဖြေရှာမယ်ဆိုတဲ့ လမ်းကြောင်းကတော့ ၁၉၉ဝ ရွေးကောက်ပွဲပြီးကထဲက အတိုက်အခံ ဒီမိုကရေစီအင်အားစုများ တစိုက်မတ်မတ် ဆွဲကိုင်ခဲ့တဲ့ နိုင်ငံရေးဖြစ်ပါတယ်။
လမ်းကြောင်း နှစ်ကြောင်းလုံးရဲ့ ရည်ရွယ်ချက်ဟာ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားပြီး စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်ဖို့ဖြစ်တဲ့အတွက် ပန်းတိုင်တူပါတယ်။ သို့ပေမဲ့ ပန်းတိုင်ကို ရောက်အောင် ချီတက်ရာမှာတော့ လမ်းကြောင်း နှစ်ကြောင်းဟာ တကြောင်းနဲ့တကြောင်း အထောက်အပံ့ မဖြစ်ကြပါဘူး။ မဖြစ်တဲ့အပြင် တကြောင်းကို လျှောက်မယ်ဆိုရင် ကျန်တကြောင်းကို ပိတ်ပင်ရာလဲ ရောက်နေပါတယ်။ ဘယ်လမ်းက သွားသွား ရောက်ဖို့က အဓိက ဆိုပေမယ့် တလမ်းနဲ့ တလမ်းဟာ အချင်းချင်း ထောက်ပံ့မှု ဖြစ်နေဖို့တော့ လိုပါတယ်။ ထောက်ပံ့မှု မဖြစ်ရင်တောင် အနည်းဆုံး တလမ်းက တလမ်းကို ဖြတ်တောက်ပစ်သလို အခြေအနေတော့ မဖြစ်သင့်ပါဘူး။
ရွေးကောက်ပွဲ မတိုင်ခင် မြန်မာပြည် ဒီမိုကရေစီရေး ကြိုးစားခဲ့ကြရာမှာ မတူကွဲပြားတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ လှုပ်ရှားခဲ့ကြတာပါပဲ။ တချို့က လူထုတိုက်ပွဲ လမ်းကြောင်း၊ တချို့က တောင်းဆိုရေး ၊ တချို့က လက်နက်ကိုင် လမ်းကြောင်း အဲဒိထဲမှာမှ မြေပေါ်နိုင်ငံရေးနဲ့ မြေအောက် နိုင်ငံရေးဆိုပြီး ကွဲပါသေးတယ်။ ဘယ်လိုကွဲကွဲ အဲဒီလမ်းကြောင်းတွေဟာ တကြောင်းနဲ့တကြောင်း အထောက်အပံ့ဖြစ်ကြပါတယ်။ ဒါပေမဲ့ နအဖရဲ့ လမ်းပြမြေပုံ လမ်းကြောင်းကတော့ အဲဒီလို မဖြစ်ပါဘူး။ ထိုလမ်းကြောင်းကို လိုက်မယ်ဆိုရင် ကျန်တဲ့ လမ်းကြောင်းတွေကို ပိတ်ပင်ရာ ရောက်သလို ကျန်လမ်းကြောင်းများကို ရွေးချယ်ရင်လဲ ထိုလမ်းကြောင်းကို စွန့်လွှတ်ရဖို့ ဖြစ်နေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုလမ်းကြောင်းဟာ နအဖ ချီတက်နေတဲ့ ပန်းတိုင်ကို အမြန်ရောက်အောင် နအဖနဲ့အတူ အရင်လှော်ခတ်ပြီးမှ ဒီမိုကရေစီကို ပြောင်းယူရမှာ ဖြစ်လို့ပါပဲ။ ထိုအခါ နအဖရဲ့ အာဏာ ဆုပ်ကိုင်မှု ပန်းတိုင်ကို မရောက်စေလိုတဲ့ အခြားလမ်းကြောင်းတွေနဲ့ ဖီလာဆန့်ကျင် ဖြစ်လာရတော့တာပါပဲ။
အတိတ်
၁၉၈၈ အာဏာသိမ်းစစ်အစိုးရဟာ နဝတ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမည်နဲ့ ၁၉၉ဝ မှာ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ဖူးပါတယ်။ NLDက အပြတ်အသတ် နိုင်ခဲ့ပေမယ့် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖေါ်မပေးခဲ့ပါဘူး။ ထိုကထဲက NLD ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုများဟာ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့တာပါ။ NLD မဟုတ်တဲ့ အခြားနိုင်ငံရေး အင်အားစုများကလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုဝန်းရံရေး ဆိုတဲ့မူကို ချမှတ်ပြီး တွေ့ဆုံဆွေးနွေးရေးနဲ့ တိုင်းပြည်ကို ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အမျိုးသားညီလာခံကနေ NLD ထွက်လာခဲ့ပြီးနောက် ၁၉၉၇ မှာ NLD အမတ်နှစ်ဦးဖြစ်တဲ့ ဦးသိန်းထွန်း ဦးတင်ထွန်းမောင်တို့ ဦးဆောင်တဲ့ အမတ်အချို့နဲ့ အဖွဲ့ဝင်တချို့ဟာ NLD ပါတီ အမျိုးသားညီလာခံကို ပြန်တက်သင့်တယ်လို့ အဆိုတင်ရာကစပြီး လမ်းကြောင်းစကွဲခဲ့ပါတယ်။ သူတို့အမြင်ကတော့ လုပ်လို့ရတဲ့နေရာကနေ စပြီး လုပ်မယ် ဆိုတာပါပဲ။
ထိုအမြင်ကို မလျှော့တမ်း ဆုပ်ကိုင်ခဲ့တဲ့အပြင် ပါတီတွင်းမှာလဲ သွေးကွဲအောင် လုပ်လာမှုတွေကြောင့် ပါတီက အထုတ်ခံရပြီး G7 လို့ အမည်တွင်ခဲ့တဲ့ ထိုသူတွေဟာ ရွေးကောက်ပွဲ ဝင်ရေး လမ်းကြောင်းရဲ့ ကနဦးအစဖေါ်သူတွေလို့ သတ်မှတ်နိုင်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ပြီး တွေ့ဆုံဆွေးနွေးရေးကနေ အဖြေရှာမယ့် လမ်းကြောင်းနဲ့ အင်အားစုက အားကောင်းနေလို့ သိသာထင်ရှားတဲ့ ကွဲပြားမှုတွေ မပေါ်ခဲ့ပါဘူး။ ဒါပေမဲ့ နအဖရဲ့ တဖက်က အခွင့်အရေးပေး၊ တဖက်က ဖိနှိပ်ရေး ပေါ်လစီဟာ တဖြည်းဖြည်း အလုပ်ဖြစ်လာပြီး နအဖ အသာစီးရတဲ့ အနေအထားရောက်လာတဲ့အခါမှာတော့ လမ်းပြမြေပုံ ၇ဆင့် လမ်းကြောင်းကို ရွေးချယ်မယ့် အင်အားစုတွေ အထိုက်အလျောက် တိုးပွားလာခဲ့ပါတယ်။
တကယ်တော့ ဒါဟာ ၁၉၈၈ ပြည်သူ့ အရေးတော်ပုံကြီးရဲ့ အောင်မြင်မှု အရှိန်အဟုန်တွေနဲ့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ဆိုတဲ့ မဟာ အခွင့်အရေးကြီးတွေကို အောင်မြင်အောင် မလုပ်နိုင်ခဲ့တဲ့ အကျိုးဆက်တွေပဲဖြစ်ပါတယ်။
အကြောင်းပြပစ္စည်း
၂ဝ၁ဝ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းရဲ့ တခုတည်းသော ထွက်ပေါက်လို့ ရွေးကောက်ပွဲ လက်ခံသူများက မြင်ပါတယ်။ ရွေးကောက်ပွဲ ဝင်ခြင်းအားဖြင့် ပါတီဖွဲ့စည်းခွင့်ရမယ်၊ လူထု စည်းရုံးရေး လုပ်ငန်းတွေ တရားဝင် လုပ်နိုင်မယ်၊ ၂ဝဝ၈ အခြေခံ ဥပဒေထဲက ဒီမိုကရေစီနဲ့ မလျော်တဲ့ အချက်တွေကို လွှတ်တော်ထဲမှာ ပြောမယ်၊ ပြင်မယ်၊ ဒီလို လုပ်ပိုင်ခွင့်ရဖို့ ရွေးကောက်ပွဲ ဝင်ရတယ်လို့ ဆိုပါတယ်။ ထူးခြားတာကတော့ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို လုံးဝ မေ့ပစ်လိုက်တာပါ။
ရွေးကောက်ပွဲ လက်မခံသူများကတော့ ရွေးကောက်ပွဲထက် ၂ဝဝ၈ အခြေခံဥပဒေကို အဓိက ထောက်ပြပါတယ်။ ထိုဥပဒေမှာ စစ်တပ် တဖက်သတ်ကြီးစိုးနိုင်တဲ့ အချက်တွေကို ပြဋ္ဌာန်းပြီး စစ်အာဏာရှင်စနစ် တရားဝင် သက်ဆိုးရှည်အောင် ဖန်တီးထားတယ်လို့ မြင်ပါတယ်။ ၂ဝဝ၈ ဥပဒေ အရ ချည်ပြီး တုပ်ပြီး လုပ်ထားတဲ့အတွက် လွှတ်တော်အတွင်းက တောင်းဆို တိုက်ပွဲဝင်ခြင်းရဲ့ ထိရောက်မှုကို မယုံကြည်ဘူးလို့လဲ ဆိုပါတယ်။ ဒါကြောင့် ဥပဒေကိုသက်ဝင်လှုပ်ရှားဖို့ ခွင့်ပြုမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို မဝင်တာလို့ ဆိုပါတယ်။
သို့သော် ရွေးကောက်ပွဲကို လုံးဝလက်မခံတာမဟုတ်ဘဲ ၂ဝဝ၈ အခြေခံဥပဒေထဲက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ အချက်တွေကို ပြင်ပေးမယ်။ အားလုံးပါဝင်ခွင့်ရတဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင်တော့ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို မီးမောင်းထိုးမပြတော့တာပါ။
အယူအဆရဲ့ မြစ်ဖျား
ရွေးကောက်ပွဲဝင်သူများ နအဖရဲ့ လမ်းပြမြေပုံကို ရွေးချယ်ရခြင်းရဲ့ အဓိက အချက်ကတော့ အတိုက်အခံ အင်အားစု များအနေနဲ့ မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံရေး နည်းအရဖြစ်စေ၊ လက်နက်ကိုင် နည်းအရဖြစ်စေ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် တက်လာအောင် မစွမ်းဆောင်နိုင်တော့ဘူး ဆိုတဲ့ အမြင်ပဲဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် အပြီးသတ်မနိုင်ကြတဲ့အတွက် ဖြစ်လာတဲ့ နိုင်ငံရေး ပိတ်ဆို့မှုဟာ ရေရှည်မှာ တိုင်းသူပြည်သူတွေကို ထိခိုက်နစ်နာစေတယ်။ အပြောင်းအလဲတခုက အထွေထွေ ကျပ်တည်းမှုတွေနဲ့ လတ်တလော ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အသက်ရှူချောင်စေမယ်။ လွှတ်တော်အတွင်းမှာ တရားဝင် ပြောရေးဆိုခွင့်ရခြင်းဟာလဲ အခွင့်အရေးတရပ်ဖြစ်တယ်။ နိုင်ငံရေးထက် ပြည်သူတွေရဲ့ စားဝတ်နေရေးက ယခု လောလောဆယ် ပိုအရေးကြီးတယ်လို့ ယူဆကြပါတယ်။
ရွေးကောက်ပွဲ လက်မခံသူများကတော့ ၂ဝဝ၈ အခြေခံ ဥပဒေမှာ စစ်တပ်က ဝင်ရောက် ရွေးချယ်ခံခြင်း မရှိဘဲ အဆင့်တိုင်းအဆင့်တိုင်းမှာ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းယူထားတာ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်အားလုံးစစ်တပ်ကသာ လွတ်လပ်စွာ စီမံပိုင်ခွင့်ရှိတာ၊ ကာကွယ်ရေး ပြည်ထဲရေး နယ်စပ်ရေးရာ ဝန်ကြီးဌာနများကို စစ်တပ်ကသာ မောင်ပိုင်စီးထားတာ၊ အရေးပေါ်အခြေအနေမှာ အခြေခံဥပဒေအရ စစ်တပ်က အာဏာသိမ်းခွင့်ရှိတာ စတဲ့အချက်များဟာ စစ်အာဏာရှင်များ အာဏာကို တရားဝင် ရေရှည် ဆုပ်ကိုင်ထားနိုင်ရေးအတွက် ဖြစ်တယ်။ အခြေခံဥပဒေပါ အချက်တချက်ကို ပြုပြင်လိုလျှင်လဲ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် မဲနဲ့မှ ပြင်လို့ရမှာ ဖြစ်တဲ့အတွက် ထိုအခြေခံဥပဒေဟာ ပြုလွယ်ပြင်လွယ် မဟုတ်ဘူး။ ရွေးကောက်ပွဲကနေတဆင့် ၂ဝဝ၈ အခြေခံဥပဒေကသာ အတည်ဖြစ်ခဲ့ရင် တိုင်းပြည်ဟာ ရာသက်ပန် စစ်ကျွန်ဖြစ်မယ်၊ ပြည်သူတွေ ပိုနစ်နာမယ်၊ ဒါကြောင့် ၂ဝဝ၈ အခြေခံ ဥပဒေကို အတည်ပြုဖေါ်ဆောင်ခွင့်မပေးဘဲ နိုင်ငံရေးအရ ရပ်ခံထားမယ်။ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးရေးကသာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီကို ဖေါ်ဆောင်နိုင်မယ်လို့ ယူဆကြပါတယ်။
မျှော်မှန်းချက်
ရွေးကောက်ပွဲဆရာများအလိုရ ရွေးကောက်ပွဲလွန်ကာလမှာ တစုံတရာသော အတိုင်းအတာအထိ နိုင်ငံရေး လွတ်လပ်ခွင့်ရလာမယ်။ စစ်တပ်ရဲ့ ချုပ်ကိုင်မှုဟာလဲ ရွေးကောက်ပွဲ မတိုင်ခင် ကာလကထက် ယုတ်လျော့သွားမယ်။ အစိုးရ အဖွဲ့တွင်းမှာလဲ နိုင်ငံရေးသမားများ ပါလာမယ်၊ တပ်မတော်သားများနဲ့ နိုင်ငံ့အရေးကို အတူတွဲလုပ်ရင်း တဦးနဲ့တဦး တဖက်နဲ့တဖက် နားလည်မှုတွေရလာမယ်။ ယုံကြည်မှုတွေ တည်ဆောက်လာနိုင်မယ်။ ကဏ္ဍစုံမှာလဲ တစုံတရာသော အတိုင်းအတာအထိ တံခါးပွင့်လာမယ်၊ ထိုအခါ ပြည်သူတွေ အသိအမြင် ပိုပွင့်လင်းလာမယ်၊ ထိုယုံကြည်မှု ထို အသိအမြင် ပွင့်လင်းလာမှု အထောက်အကူများနဲ့ မြန်မာပြည် ဒီမိုကရေစီရေးကို တဖြည်းဖြည်းချင်း တည်ဆောက်ယူလာနိုင်မယ်လို့ မျှော်မှန်းကြပါတယ်။ သူတို့ရဲ့ စံပြက အောင်အာဖရိကနိုင်ငံပါ။
တိုင်းရင်းသား ပါတီများ
ဆုံးရှုံးနေတဲ့ အခွင့်အရေးများနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းလှုပ်ရှားနေခဲ့ကြရတဲ့ တိုင်းရင်းသားတွေကြားမှာလဲ ရွေးကောက်ပွဲဝင်ရေးနဲ့ မဝင်ရေး အယူအဆကွဲပြားခဲ့ပါတယ်။ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများကို အကြမ်းဖျဉ်း ၄ မျိုးခွဲလို့ ရပါတယ်။ နံပါတ် ( ၁) က တဖြည်းဖြည်းနဲ့ လူမျိုးစု အခွင့်အရေးတွေ ရလာနိုင်မယ်ဆိုတဲ့ အမြင်နဲ့ ဝင်တာပါ၊ (၂ )က ရည်ရွယ်ချက် နှစ်မျိုးရှိနိုင်ပါတယ်၊ အဲဒါကတော့ နိုင်ငံရေး အခင်းအကျင်းသစ်မှာ တနေရာ ဝင်ယူထားတာဖြစ်ပြီး နောက်တချက်က တိုင်း၊ ပြည်နယ်များရဲ့ လွှတ်တော်အုပ်ချုပ်ရေးနေရာများမှာ စစ်မှန်တဲ့ လူမျိုးစု ကိုယ်စားလှယ်တွေ ရယူထားနိုင်ဖို့ပါ၊ (၃) ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီးများက တိုင်းရင်းသား လူမျိုးစုများဖြစ်ပါတယ်။
သူတို့ကတော့ အရင်ကထက်စာရင် အခွင့်အရေး ရရှိမှာ အမှန်ဖြစ်တဲ့အတွက်ပါ။ အကြောင်းကတော့ ၁၉၄၇ အခြေခံဥပဒေနဲ့ ၁၉၇၄ အခြေခံဥပဒေတို့မှာ မပါခဲ့တဲ့ လူမျိုးစုငယ်လေးတွေအတွက် ၂ဝဝ၈ အခြေခံဥပဒေက အခွင့်အရေးအချို့ပေးထားလို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမြဲစဉ်းစားခဲ့တဲ့ တိုင်းရင်းသား လူမျိုးကြီး ၈ မျိုး အစဉ်အလာကနေ ဖောက်ထွက်လာတဲ့ ၂ဝဝ၈ အခြေခံဥပဒေကို သူတို့ကတော့ အခွင့်အရေးတရပ်လို့ မြင်နိုင်ပါတယ်။ (၄) ကတော့ နအဖ အလိုကျ ဖွဲ့စည်းပေးထားတဲ့ လက်ညှိုးထောင် ခေါင်းညိတ်အယောင်ပြ တိုင်းရင်းသားပါတီများပဲ ဖြစ်ပါတယ်။
လက်တွေ့
နအဖဟာ ရွေးကောက်ပွဲ ဥပဒေကို တခါတည်း အပြီးသတ်မထုတ်ပြန်ဘဲ တရစ်ချင်းလီပြီး ထုတ်ပြန်ခဲ့ပါတယ်။ စထွက်လာကထဲက အားလုံးပါဝင်နိုင်မှုကို ပစ်ပယ်ထားတဲ့ ရွေးကောက်ပွဲဥပဒေဟာ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ပါတီ ဖွဲ့စည်းပုံဥပဒေအရ လက်ရှိ ထောင်ဒဏ်ကျခံနေရသူတွေ ပါဝင်ခွင့်မရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့အပါအဝင် အခြားထင်ရှားသော ဒီမိုကရေစီရေး လှုပ်ရှားသူများဟာ ဆန္ဒရှိရင်တောင် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရတော့ပါဘူး၊ အကယ်၍ ပါဝင်ခွင့်ရခဲ့ရင်တောင် ၂ဝဝ၈ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတမပြောနဲ့ အမတ်တောင်ဖြစ်ခွင့် မရှိပါဘူး။
ရွေးကောက်ပွဲဝင်မယ့် ပါတီများကိုလည်း ဖွဲ့စည်းခြင်း၊ စည်းရုံးခြင်း မဲဆွယ်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ အားလုံး ဘက်ပေါင်းစုံက ကန့်သတ်ပိတ်ပင်ထားပြီး နအဖ ကိုယ်တိုင်ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီကိုတော့ အခွင့်အရေးအလုံးစုံကို ပေးခဲ့ပါတယ်။ ပြည်သူ့ အခွန် ဘဏ္ဍာများနဲ့ တည်ထောင်ခဲ့တဲ့ အဆောက်အဦး ပစ္စည်း၊ ယာဉ်၊ ငွေကြေး လုပ်ငန်းအားလုံးကို လွှဲပြောင်းယူခဲ့တဲ့အပြင် လူမှုရေး အသင်းအဖွဲ့ အဖြစ် မဝင်မနေရ အဓမ္မ စုဆောင်းခဲ့တဲ့ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တွေကိုလဲ အလိုအလျောက် ကြံ့ဖွံ့ပါတီဝင်တွေ ဖြစ်ကုန်ရပါတယ်။ ယခုအခါ ကြံ့ဖွံ့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာတွေမှာလဲ မိုးကျရွှေကိုယ်စစ်ဗိုလ်များက အပေါ်ကနေ ကျလာကြပါပြီ။ ဘက်ပေါင်းစုံ ကန့်သတ်ပိတ်ပင်မှုတွေနဲ့ ငွေရေးကြေးရေး အခက်အခဲတွေကြောင့် ကြံ့ဖွံ့ကို ယှဉ်ပြိုင်နိုင်သူ မရှိတော့ပါဘူး။ တစည ဟာ မဲဆန္ဒနယ် တထောင်နီးပါး ဝင်နိုင်ပြီး ဒုတိယအများဆုံး ဆိုပေမယ့်လဲ မဆလ ခေတ် နေဝင်ခဲ့ပါပြီ၊ လက်ရှိအခြေအနေမှာ အခွင့်အရေးပေးစည်းရုံးနိုင်တဲ့ အာဏာ မရှိတာကြောင့် ကြံ့ဖွံ့ကပဲ အပြတ်အသတ် နိုင်တော့မှာပါ။ အရပ်သားအမတ်နေရာ ၇၅ ရာခိုင်နှုန်းမှာ အနည်းဆုံး ၅ဝ ရာခိုင်နှုန်း နိုင်အောင် အကွက်ကျကျ စီစဉ်ထားတာပါ။ အဖြေထွက်လာတဲ့အခါ ထို့ထက်တောင် ပိုနိုင်ပါသေးတယ်။ ဒါတွေဟာ ရွေးကောက်ပွဲဝင် ပါတီတွေ ကြုံနေရတဲ့ လက်တွေ့နိုင်ငံရေးပါပဲ။
ရွေးကောက်ပွဲ မဝင်တဲ့ ပါတီများ ဖြစ်စေချင်တာက မတရားတဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို အားလုံးသပိတ်မှောက်ခြင်းဖြင့် နအဖဟာ သူ့လူနဲ့သူပဲ တဖက်သတ် လုပ်ချသွားတယ်ဆိုတာ နိုင်ငံတကာက မြင်စေချင်တာပါ၊ ဒါပေမဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနဲ့ တိုင်းရင်းသား များကပါ ဝင်ပြိုင်ပြီး NLD အလုပ်အမှုဆောင် အချို့နဲ့ ၉ဝ အနိုင်ရ ကိုယ်စားလှယ်အချို့က ပါတီက ခွဲထွက်ပြီး NDF ပါတီ တည်ထောင် ယှဉ်ပြိုင်ခဲ့တဲ့အခါမှာတော့ ရည်မှန်းချက် မထမြောက် မအောင်တော့ပါဘူး။ အခြေအနေက နအဖက တဖက်သတ်လုပ်တာ မဟုတ်ဘဲ အတိုက်အခံဘက်ကသာ အယူအဆ မတူတာ ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ခဲ့လို့ပဲ ဖြစ်တယ်။
NLD မပါခဲ့ရင်
တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဆိုရင်တော့ ကြံ့ခိုင်ရေးပါတီအနေနဲ့ ဘယ်လောက်ပဲ အင်အားများများ ဘယ်လောက်ပဲ ငွေရှိရှိ၊ NLD ကို မယှဉ်နိုင်ပါဘူး၊ ပြည်သူက NLD ကိုပဲ ရွေးမှာပါ ။ မဲဆန္ဒနယ်အားလုံးအတွက် မှတ်ပုံတင်ကြေး ကျပ်သိန်းငါးထောင်ကျော်ကိုလဲ ပြည်သူနဲ့ လုပ်ငန်းရှင်တွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ အချိန်တိုအတွင်း ရှာနိုင်ပါတယ်။ ဒါပေမဲ့ NLD ပါခဲ့ရင် မှတ်ပုံတင်ကြေးဟာ ကိုယ်စားလှယ်လောင်း တဦးကို ကျပ် ၁ဝ သိန်း ဒါမှမဟုတ် ကျပ်သိန်း ၂ဝ ဖြစ်သွားပါလိမ့်မယ်။ ဒါဟာ နအဖရဲ့ ရွေးကောက်ပွဲဥပဒေကို တခါတည်း မထုတ်ပြန်ခြင်းရဲ့ နောက်ကွယ်က အကြံအစည်ပဲ ဖြစ်ပါတယ်။ နောက် တပြိုင်ထဲ လုပ်လာနိုင်တာကတော့ NLD ပါတီကို ရန်ပုံငွေရှာတာနဲ့ ပတ်သက်ပြီး ငွေရေးကြေးရေးအရ ထောင်ချောက်ဆင်လာနိုင်ပါတယ်။ အလှူရှင်များကိုလဲ တဖက်က ဖိအားပေး ခြိမ်းခြောက်နိုင်ပါတယ်။ NLD ကိုယ်စားလှယ်များထဲမှာ ပါလာမယ့် နိုင်ငံရေး အကျဉ်းသားဟောင်းများကိုလဲ အသနားခံစာတင်ခိုင်းပြီး လက်မခံဘဲ အမတ်စာရင်းမှ ပယ်ဖျက်ခြင်းများလဲ လုပ်အုံးမှာပါ။ နောက်ဆုံးအဆင့်ကတော့ ကြိုတင်ပြင်ဆင် မဲခိုးခြင်းပါပဲ၊ ဒါ့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ခြင်းအားဖြင့် ၁၉၉ဝ ရွေးကောက်ပွဲနိုင်ပါတီကြီးက သူတို့ရဲ့ အောင်နိုင်မှု ရလဒ်ကို သူတို့ကိုယ်တိုင် ပယ်ဖျက်ခဲ့ပြီဆိုတာဟာ နအဖ လိုချင်နေတဲ့အကွက် လဲဖြစ်နိုင်ပါတယ်။
ဆုံးဖြတ်ချက်
ရွေးကောက်ပွဲ ဥပဒေနဲ့ ရွေးကောက်ပွဲကြိုအခြေအနေဟာ ဘယ်လိုပင် ဖြစ်နေပါစေ၊ ရွေးကောက်ပွဲဝင်ပါတီများကတော့ ရွေးချယ်ထားတဲ့ လမ်းကြောင်းကို ဆက်လျှောက်ဖို့ ပိုင်းဖြတ်ထားပုံရပါတယ်။ ရွေးကောက်ပွဲ ဥပဒေရဲ့ တရားမမျှတမှုကို ဝေဖန်နေသော်လဲ နအဖက ပြင်ပေးမှာမဟုတ်တာကို သိသလို မပြင်ပေးလဲ ရွေးကောက်ပွဲကို ကျောခိုင်းကြမှာမဟုတ်ပါ၊ ဘာ့ကြောင့်လဲဆိုတော့ ရွေးကောက်ပွဲလွန် အခြေအနေကို နိုင်ငံရေး ပြောင်းလဲမှုတရပ် ဒီမိုကရေစီရဲ့ စမှတ်လို့ ယုံကြည်ထားလို့ပါပဲ။
ရွေးကောက်ပွဲ လက်မခံသူများကတော့ ရွေးကောက်ပွဲဝင်အတိုက်အခံ ပါတီများကြောင့် လမ်းကြောင်းအားနည်းခဲ့ပေမယ့် ယုံကြည်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားပါတယ်။ သမိုင်းတရားခံထက် နိုင်ငံရေး အကျဉ်းသားအဖြစ်ခံဖို့ ပိုင်းဖြတ်ထားပုံရပါတယ်။ သူတို့အနေနဲ့ ၂ဝဝ၈ အခြေခံ ဥပဒေကို အဓိက ထားပြောဆိုနေတယ်ဆိုသော်လဲ နအဖက ရွှေ့ကွက်အနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးပြီး အားလုံး ပါဝင်ခွင့် ပြုမယ်ဆိုရင် ရွေးကောက်ပွဲ သပိတ်မှောက်ပါတီများ ဆုံးဖြတ်ချက် ပြောင်းနိုင် မပြောင်းနိုင်ဆိုတာ စိတ်ဝင်စားစရာပါ။
လွှတ်တော်သစ်
အလိုအလျောက် ၂၅ ရာခိုင်နှုန်း ဝေစုရထားတဲ့ စစ်သားများက အပေါ်ကနေ စောင့်နေပါတယ်၊ အနည်းဆုံး ၅ဝ ရာခိုင်နှုန်းအနိုင်ရရှိလာတဲ့ ကြံ့ဖွံ့ပါတီနဲ့ပေါင်းရင် နအဖ ဟာ လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်း အသာစီး ယူထားနိုင်ပါပြီ၊ ကြံ့ဖွံ့ကိုယ်စားလှယ်အများစုဟာ စစ်ဗိုလ်ဟောင်းများဖြစ်တဲ့အတွက် စစ်သား တမတ်သား ပါလီမန် မဟုတ်တော့ပါဘူး၊ သုံးမတ်သား ပါလီမန်လို့တောင် ခေါ်ရမလို ဖြစ်နေပါတယ်။ ထို့ထက် ကျော်ခဲ့ရင်တော့ သူတို့အလိုကျ ဥပဒေသစ်များကိုပါ ထပ်မံ ပြဋ္ဌာန်း နိုင်ပါတယ်၊ အရာရာ အသာစီးရနေတဲ့ အခြေအနေမှာ မြောက်ကိုရီးယားလို အာဏာ အမွေဆက်ခံခွင့်ပါ ဖြစ်လာနိုင်ပါတယ်။ လူနည်းစု အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များကို ငွေ၊ အခွင့်အရေး၊ ရာထူးတို့နဲ့ ဝယ်ပါလိမ့်မယ်၊ ဝယ်လို့မရသူကို ချောင်ပို့ဖယ်ထုတ်ပစ်ပါလိမ့်မယ်။
သတ္တုချခြင်း
ရွေးကောက်ပွဲ ရက်တောင် မသိရခင်ကထဲက အတိုက်အခံ ဒီမိုကရေစီ အင်အားစုများရဲ့ ရွေးကောက်ပွဲဝင်ရေး မဝင်ရေး လူသိရှင်ကြား ဆွေးနွေးငြင်းခုံမှုများဟာ နအဖအတွက် အခွင့်အရေး ဖြစ်ခဲ့ပါတယ်။ ရှေ့ဆက်ရမယ့် လုပ်ငန်းအတွက် အကွက်ရွှေ့ရာမှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူရရှိပြီး ကြိုတင်ပြင်ဆင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ လုပ်ကွက်ကတော့ ရိုးရိုးလေးပါ၊ တခုခု ထုတ်ပြန်ကြေညာပြီး စောင့်နားထောင်နေလိုက်တာပါပဲ။
အတိုက်အခံများဘက်က ယုံကြည်ရာကို ပြောရာကနေ လမ်းကြောင်းတခုနဲ့တခု ဝေဖန်ပုတ်ခတ်ကြတဲ့ အဆင့်အထိ ရောက်ပြီး အချင်းချင်း မကြည်မလင်ဖြစ်နေချိန်မှာ နအဖ ကတော့ သူ့လမ်းသူ တစိုက်မတ်မတ် လျှောက်နေပါတယ်။ ကျေးလက်လူထု မဲရဖို့ကိုလဲ အကွက်ချ လုပ်နေပါတယ်။
ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟာ မဖြစ်မနေ ပါဝင်ရတဲ့ ကဏ္ဍတခုဆိုပေမယ့် ရွေးကောက်ပွဲတိုင်းဟာ ဒီမိုကရေစီကို ဆောင်ကျဉ်းပေးတာ မဟုတ်ပါဘူး၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ယှက်နွယ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းကြီးတခုလုံးကိုကြည့်ပြီးမှပဲ ဆုံးဖြတ်လို့ရတာပါ။ လက်ရှိ မြန်မာနိုင်ငံအခင်းအကျင်းက ရွေးကောက်ပွဲလွန် ကာလမှာလဲ နအဖ အမည်ခံခဲ့တဲ့ စစ်အာဏာရှင်တစုကသာ ပြည်ထောင်စု အစိုးရအမည်နဲ့ ဆက်လက် အုပ်ချုပ်မှာ အသေအချာပါ။ အပြောင်းအလဲရှိတယ်ဆိုလဲ တရားမဝင်မှုကနေ တရားဝင်လာတယ်ဆိုတာပဲ ဖြစ်လိမ့်မယ်၊ လူမပြောင်းတဲ့ခေတ်မှာ မူပြောင်းဖို့ဆိုတာ ဖြစ်နိုင်ဖို့ မလွယ်ပါ။
ရွေးကောက်ပွဲဝင်မယ့် ပါတီများက ရွေးကောက်ပွဲဝင်ခြင်းကို လက်တွေ့ကျတဲ့ နိုင်ငံရေးလို့ဆိုပါတယ်။ ဒိထက်ကောင်းတဲ့ နည်းလမ်းရှိရင် ချပြပါလို့ မေးခွန်းထုတ်ပါတယ်၊ နိုင်ငံရေးဆိုတာက ဖြစ်နိုင်ခြေ ရှိတာကို လုပ်တာဆိုတဲ့ အယူအဆက လာပုံရပါတယ်၊ တကယ်တော့ နိုင်ငံရေးဆိုတာက နိုင်ငံရေးပဲဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က တိုးတက်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်အောက်မှာ မျှတတဲ့ တရားစီရင်ရေးနဲ့ လူ့အခွင့်အရေးတွေ ရရှိခံစားနိုင်ဖို့ပါ။ နိုင်ငံရေးသမားများ နိုင်ငံရေးပါတီများ လုပ်ခွင့်မသာခြင်းနဲ့တော့ နိုင်ငံရေးကို အဓိပ္ပာယ် မသတ်မှတ်သင့်ပါ။
နအဖရဲ့ လမ်းပြမြေပုံ ၇ ဆင့်မှာ အဆင့် ၄ ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု ဆန္ဒခံယူခြင်းဟာ သူတို့အတွက် အရေးကြီးဆုံး အသက်ဖြစ်ပြီး ဒုတိယ အရေးကြီးဆုံးကတော့ အဆင့် ၅ ရွေးကောက်ပွဲပါ။ နအဖက ရွေးကောက်ပွဲ ပျက်မှာကို စိုးရိမ်ပါတယ်။ ပြည်သူတွေ မဲမပေးမှာကို မစိုးရိမ်ပါ။ သူ့လူနဲ့သူ မဲပေးမယ့်သူ ရှိပြီးသားပါ၊ မဲမပေးမယ့်သူဟာ မဲပေးခဲ့ရင်လဲ အတိုက်အခံပါတီကိုသာ ပေးမှာမို့လို့ပါပဲ။ ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်မဝင်စားလေ ပိုကြိုက်လေပါ။ သူတို့ တကယ်စိုးရိမ်တာက ရွေးကောက်ပွဲတိုက်ဖျက်ရေးလမ်းကြောင်းကို အတိုက်အခံများ ရွေးချယ်လာမှာကိုပါ။ ဒါကြောင့် အတိုက်အခံများဘက်က နအဖက မဲမပေးမှာ စိုးရိမ်တယ် ထင်အောင်၊ ထိုလမ်းကြောင်းမှာပဲ ဆက်လျှောက်နေအောင် မဲမပေးရင်ဘဲ အရေးယူမယောင်ယောင် အသံလွှင့်ထားတာပါ။
ရွေးကောက်ပွဲ ဆန့်ကျင်သူများမှာလဲ အခွင့်မသာတဲ့ အခြေအနေ အချိန်အခါ ဖြစ်နေတဲ့အတွက် ပြည်သူများ အန္တရာယ်ကင်းစေမယ့် လမ်းကြောင်းကို ချပြရတာဖြစ်ပါတယ်။ ဒါပေမဲ့ မဲမထည့်ဖို့ ပြောရုံသက်သက်ကတော့ လူထုအတွက် ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်မှု မဖြစ်နိုင်ပါဘူး။ တတိုင်းပြည်လုံး အတိုင်းအတာအရ မဖြစ်နိုင်ဘူးဆိုတာကို လူထုက သိနေလို့ပါ။ သို့ပေမဲ့ အရပ်ရပ် အခြေအနေအရ ထို့ထက်ပိုတဲ့ ရွေးချယ်မှုမျိုးကိုလဲ အတိုက်အခံများဘက်က မစွမ်းနိုင်ဘူး ဖြစ်နေပါတယ်။ ဒါပေမဲ့ နအဖရဲ့ လမ်းပြမြေပုံကို မပူးပေါင်း မပါဝင်ခြင်းနဲ့ ရလဒ်ကို အသိအမှတ် မပြုဘူးဆိုတဲ့ အဓိပ္ပာယ်တော့ ဆောင်ပါတယ်။
လူထုတရပ်လုံးက မဲမပေးဘဲ နေဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ရွေးကောက်ပွဲကနေ အစိုးရတရပ်ဟာ ပေါ်ပေါက်လာမှာပါ၊ ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော်ဟာလဲ ၂ဝဝ၈ အခြေခံ ဥပဒေကို အာဏာ တည်စေတော့မှာပါ။ အခြေခံဥပဒေ တခု အတည်ဖြစ်ပြီးလျှင် လွယ်လွယ်နဲ့ ဖျက်လို့မရနိုင်ပါ။ ဖျက်မရအောင် အားဖြည့်တဲ့အနေနဲ့လဲ အခြေခံဥပဒေ အခန်း ၁၊ ပုဒ်မ ၂ဝ၊ ပုဒ်မခွဲ - စ မှာ တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်လို့ ပြဋ္ဌာန်းထားပါတယ်၊။ အခြေခံဥပဒေပြင်ရင် စစ်တပ်နဲ့ တွေ့မယ်လို့ ခြိမ်းခြောက်ထားတာပါပဲ။ တကယ်တော့ အခြေခံ ဥပဒေသာမက တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အချာအာဏာကို ကာကွယ်ဖို့ဟာ ပြည်သူတရပ်လုံးရဲ့တာဝန်ပါ။
နိုင်ငံတော်ရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနေရာ ၁၁ နေရာမှာလဲ စစ်တပ်က အနည်းဆုံး ၆ နေရာ ရယူရန် ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဖြစ်ပေါ်လာမယ့် လွှတ်တော် အနေအထားအရလဲ ထို့ထက်ပိုယူနိုင်မယ့် အလားအလာ ရှိနေပါတယ်။ ထို့အပြင် အခြေခံ ဥပဒေထဲမှာ ထူးခြားတဲ့ ပုဒ်မ နှစ်ခု ပါပါတယ်။
အခန်း ၁၊ ပုဒ်မ ၂ဝ၊ ပုဒ်မခွဲ ဃ။ ။ တပ်မတော်သည် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတရပ်လုံး ပါဝင်ရေးအတွက် စီမံ ဆောင်ရွက်ခွင့်ရှိသည်။
ပုဒ်မ - ၃၄ဝ။ ။ တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ စစ်မဟာဗျူဟာကို ဖေါ်ဆောင်ရမည်။
ထိုပုဒ်မတွေရဲ့ ရည်ရွယ်ချက်ကတော့ ပေါ်တာဆွဲခြင်းနဲ့ အဓမ္မ စစ်သားစုဆောင်းခြင်းတွေကို တရားဝင်ပြုလုပ်နိုင်ရန်နဲ့ ပြည်တွင်းစစ်မှာ အရပ်သားပြည်သူတွေကို စစ်ရေးဆိုင်ရာကိစ္စတွေမှာ တရားဝင် အသုံးချနိုင်ဖို့ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ လွန်ကာမှာ ပြည်သူတွေ အထိုက်အလျောက် ချောင်လည်မှာထက် စစ်တပ်က တရားဝင်အနိုင်ကျင့်မယ့် အဖြစ်ဟာ ရင်လေးစရာပါ။ မည်သို့သော ရည်ရွယ်ချက်၊ မည်သို့သော အခြေအနေကြောင့်ပင်ဖြစ်စေ၊ ၂ဝဝ၈ အခြေခံ ဥပဒေကို ယာယီဖြစ်စေ၊ ရာသက်ပန်ဖြစ်စေလက်ခံသူများကိုလဲ အလိုတူ အလိုပါလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အဘက်ဘက်က ထောင့်စေ့အောင် ရေးဆွဲထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေဟာ ရွေးကောက်ပွဲပြီး မကြာမီမှာပဲ အသက်ဝင်လှုပ်ရှားလာတော့မှာပါ။ မတရားတဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကနေ ပေါ်လာမယ့် မပြောင်းလဲတဲ့ အစိုးရရဲ့ ခွင့်ပြုချက် အကန့်အသတ်ဘောင်ထဲက လုပ်ခွင့်ရတဲ့ နိုင်ငံရေးကိုပဲ လက်တွေ့ ကျတဲ့ နိုင်ငံရေးလို့ ထင်မှတ်ရင်တော့ နိုင်ငံရေးဟာ ရှေ့တိုးတော့မှာမဟုတ်ပါ။ တကယ်က လက်တွေ့ကျတဲ့ နိုင်ငံရေးဆိုတာ ဟင်နရီသော်ရိုးပြောတဲ့ အမှန်တရားကို ကျင့်သုံးခြင်းသည် ဥပဒေကို လိုက်နာခြင်းထက် ပို မြင့်မြတ်သည် ဆိုတဲ့ အမိန့်ပဲ ဖြစ်ပါတယ်။
အနာဂတ်
ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရဟာ NLD ပါတီကို ဖြိုခွဲဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ပြည်နယ်စောင့်ရဲ လက်မခံတဲ့ အပစ်ရပ်အဖွဲ့များကို စစ်မျက်နှာဖွင့်မှာပါ။ အားလုံးပါဝင်မှု မရှိခြင်းနဲ့ တရားမျှတမှု မရှိခြင်းတို့ကြောင့် မြန်မာအစိုးရသစ်အပေါ် နိုင်ငံတကာ သဘောထားကလဲ ရွေးကောက်ပွဲ မတိုင်ခင်ကအတိုင်း အနောက်အုပ်စုနဲ့ ဒီမိုကရေစီ နိုင်ငံများက တဖက်၊ အရှေ့အုပ်စုနဲ့ အာဏာရှင်နိုင်ငံများကတဖက် ဆက်ရှိနေမှာပါပဲ၊ သို့သော် နအဖ ကတော့ အနေအထားအရ တဆင့်တက်လာပါပြီ။
အပြောင်းအလဲ
လက်ရှိနိုင်ငံရေး လှုပ်ရှားတက်ကြွသူများနဲ့ ပါတီများအနေနဲ့ ရွေးကောက်ပွဲဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို နောင်လာမည့် မျိုးဆက်သစ်များကသာ ပြောင်းလဲပေးမည်ဖြစ်ပါကြောင်း။
No comments:
Post a Comment