ရဲဘော်ဖိုးသံချောင်း
နအဖက ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာလိုက်ကတည်းက အဲဒီရွေးကောက်ပွဲကို ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ် ပြောဆိုသံတွေ ထောင့်အသီးသီးမှာ မကြာခဏ ကြားရပါတယ်။ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာထဲက တူတာနဲ့ မတူတာတွေ ရှာဖွေရသလိုပဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ အခုတော့ သူတို့ရဲ့ရွေးကောက်ပွဲဆိုတာဟာ ခဲတပစ်သာ ဝေးတော့တာမို့ နှိုင်းယှဉ် စဉ်းစားစရာ အချက်တွေ ထပ်ဖြည့်လိုက်ပါတယ်။
ဦးစွာအားဖြင့် ထောက်ပြရမှာက ၁၉၉ဝ ရွေးကောက်ပွဲဟာ လူထုတိုက်ပွဲကြီးရဲ့အောင်သီးအောင်နှံ ဖြစ်တယ်၊ သူ့အလိုအလျောက် ပေါ်လာတာ မဟုတ်ဘူးဆိုတာကိုပါ။ စစ်အာဏာရှင်တွေ စိတ်ပြောင်းလာလို့၊ စိတ်ကောင်း ဝင်လာလို့ ကျင်းပပေးတဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက မတတ်သာလွန်းလို့ လိုက်လျောရတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို ပြောရပါမယ်။ အခု ၂ဝ၁ဝ ရွေးကောက်ပွဲ ကျတော့ နအဖ စစ်အုပ်စုက ကမ္ဘာ့အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး ဖန်တီးလိုက်တဲ့ လုပ်ဇာတ်တခု ဖြစ်ပါတယ်။
၁၉၉ဝတုန်းက ဗိုလ်ချုပ်နေဝင်းနဲ့ သူတို့ရဲ့တစညပါတီဟာ ကိုယ့်ကိုယ်ကို နိုင်မယ်လို့ တွက်ထားလို့ ကျင်းပခဲ့တာ ဖြစ်သလို ဒီတကြိမ်မှာလည်း ဗိုလ်ချုပ်သန်းရွှေတို့ဟာ မနိုင်လည်းအနိုင်၊ နိုင်လည်းအနိုင် ဖြစ်ရမယ်လို့ တွက်ပြီး ကျင်းပတာဖြစ်ပါတယ်။ ဒီနေရာမှာတော့ နည်းနည်းတူတယ်လို့ ဆိုရမလားပါပဲ။ ဒါပေမဲ့ ၁၉၉ဝပြည့်နှစ်ဆီတုန်းက ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့အရှိန်က မကုန်သေးတော့ စစ်အုပ်စုနဲ့ တစညဟာ အခုကြံ့ဖွတ်လုပ်သလို ပြောင် ညစ်တာ၊ ရမ်းတာတွေမလုပ်ဝံ့ပါဘူး။
ဒါကြောင့်မို့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ပြည်သူလူထု တခဲနက်ပါဝင် မဲဆန္ဒပေးခဲ့ကြပြီး ၂ဝ၁ဝ ရွေးကောက်ပွဲမှာတော့ ပြည်သူလူထုပါဝင်မှု ဘယ်လိုဖြစ်မယ်ဆိုတာ အခုကတည်းက မှန်းလို့ရနေပါပြီ။ ၁၉၉ဝ ရွေးကောက်ပွဲကို ဘယ်သူကမှ သပိတ်မှောက်တယ်ဆိုတာ မရှိတာကို အားလုံး မှတ်မိကြမယ် ထင်ပါတယ်။ အရွေးခံတဲ့သူတွေ၊ အရွေးခံသူကို ကူညီကြသူတွေ၊ မဲထည့်သူတွေ အားလုံးဟာတက်တက်ကြွကြွ။ ထက်ထက်သန်သန်ချည်း ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ ဒီနေ့အခါ မြန်မာပြည်မှာ နိုင်ငံရေး သြဇာအကြီးဆုံးလို့ ဆိုရမယ့် နိုင်ငံရေး အင်အားစုကြီးက ရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကို သပိတ်မှောက်ရေး၊ မဲမပေးရေး လှုပ်ရှားမှုဆိုတာတွေလည်း နေရာတကာမှာ တွေ့နေရပါတယ်။ ဒါမျိုးတွေဟာ ၁၉၉ဝတုန်းကဆိုရင် အိပ်မက်တောင် မမက်နိုင်တဲ့ အရာတွေပါ။
၁၉၉ဝ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲကြောင့်မို့ နိုင်ငံခြားသံရုံးတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆီကို ရောက်လာကြတာကို သတိရကြပါလိမ့်မယ်။ ဒါပေမဲ့ အခုတွေ့နေရတာကတော့ ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကြောင့်ပဲ တချို့သော သံရုံးနဲ့ နိုင်ငံခြား အစိုးရတွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စွန့်ခွာဖို့ စဉ်းစားလာတာပါပဲ။ ဟိုတုန်းက စစ်အေးစစ်ပွဲ ပြီးကာစအချိန်ဖြစ်ပြီး အခုအခါက စစ်အေးစစ်ပွဲပြီးလို့ နှစ်ပေါင်း နှစ်ဆယ်ကျော်လာတဲ့အချိန် ဖြစ်ပါတယ်။ ဟိုတုန်းက ကမ္ဘာမှာ တရုတ်ပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး အခန်းဟာ သိပ်အရေးမပါသေးပဲ အခုတော့ဗမာပြည်ရဲ့ နိုင်ငံရေးကို စဉ်းစားကြရင် တရုတ်ပြည်နဲ့ ဆက်စဉ်းစား၊ တရုတ်ပြည်အကြောင်းစဉ်းစားကြရင် မြန်မာပြည်ကို မျက်စိရောက်လာကြ၊ အခြေအနေ အသစ်ကို ရောက်လာခဲ့တယ် မဟုတ်ပါလား။
၁၉၉ဝ ရွေးကောက်ပွဲပြီးသွားတော့ ဗိုလ်ချုပ်နေဝင်းဟာ အာဏာကိုနောက်ကနေ ဆက်လက် ချုပ်ကိုင်နေခဲ့တယ် ဆိုတာကို ဘယ်သူမှ မငြင်းပါဘူး။ ဒါဖြင့် ဒီတခါရွေးကောက်ပွဲပြီးရင် ဗိုလ်ချုပ်သန်းရွှေက နောက်ကနေ ချုပ်ကိုင်တာ လုပ်မလား၊ ပြောင်ပဲ ရာထူးယူပြီး ချုပ်ကိုင်မလားဆိုတာ စောင့်တော့ ကြည့်ရမှာပါ။ နောက်တက်တဲ့ အစိုးရကို စစ်အုပ်စုက တနည်းမဟုတ် တနည်းနဲ့ ချုပ်ကိုင်လိမ့်မယ်ဆိုတဲ့ အယူအဆကို ငြင်းပယ်တဲ့လူတော့ အင်မတန်မှ နည်းပါလိမ့်မယ်။ ဒီထဲမှာ တချို့ကတော့ စစ်အာဏာရှင်တွေဟာ တဖြည်းဖြည်းချင်း လက်ဆုပ် ဖြေသွားလိမ့်မယ်လို့ ပြောတာကြားရပါတယ်။ စစ်အာဏာရှင်ဆိုတာ အာဏာကို ဆုပ်ကိုင်တဲ့ လက်ကို ဘယ်တော့မှ သူ့အလိုလို ဖြေပေး မပေး ဆိုတာကို ငြင်းချင်သူ ရှိကောင်းရှိပေမယ့် ဗိုလ်ချုပ်နေဝင်း လက်ဆုပ်ဖြေလိုက်တော့ ဗိုလ်ချုပ်သန်းရွှေ အာဏာတက်လာပြီး တိုင်းပြည်ဟာ ပိုသာ ဆိုးလာတယ် ဆိုတာကိုတော့ ငြင်းမယ့်လူ မရှိဘူးထင်ပါတယ်။ မမေ့ကြဖို့ပါ။
၁၉၉ဝ ရွေးကောက်ပွဲပြီးတော့ နဝတ-နအဖ စစ်အုပ်စုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိ၊ ဘာမရှိနဲ့ တိုင်းပြည်ကို အနှစ် ၂ဝကျော် အုပ်စိုးနေပါတယ်။ ဒီတခါရွေးကောက်ပွဲအပြီး အာဏာယူမယ့် မြွေရေလဲ စစ်အစိုးရဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိရှိနဲ့ ဘယ်လောက်ကြာကြာ အုပ်စိုးမှာလဲ စဉ်းစားကြည့်ပါ။ ၁၉၉ဝတုန်းက ဗိုလ်ချုပ်စောမောင်က ရွေးကောက်ပွဲပြီးရင် ကျုပ်တို့ဟာ စစ်တန်းလျားကို ပြန်သွားမှာလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီတခါမှာတော့ စစ်တန်းလျားကို ပြန်မယ်မပြောတဲ့အပြင် အိမ်ဦးမှာ အရူးချေးပါတယ် ဆိုသလို လွှတ်တော်မှာ စစ်သားက ၂၅%တောင် တက်ယူထားပါတယ်။ နောက်ပြီး စစ်တပ်ရဲ့ ဦးဆောင်မှု အခန်းဆိုတာနဲ့ အချိန်မရွေး အာဏာသိမ်းခွင့်ကိုလည်း ဖွဲ့စည်းပုံမှာ အတိအလင်း ဆိုထားပါတယ်။ ဒါကြောင့် နအဖကို ပြာပြာသလဲ ဖားရသူတွေတောင်မှ “စပေ့စ်”လေး နည်းနည်းရမယ်လို့ပဲ ပြောရဲပါတယ်။ ဘယ်သူမှ လှုပ်ရှားခွင့် များများစားစားရမယ်လို့ မရေး-မပြောကြပါဘူး။
၁၉၉ဝ ရွေးကောက်ပွဲ ကာလကို ပြန်ကြည့်လိုက်ရင် အဲဒီတုန်းက တစညက လွဲပြီး ကျန်တဲ့ ရွေးကောက်ပွဲဝင်သူတွေဟာ ရှစ်လေးလုံးအလံကို မားမားလွှင့်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်။ ဒါနဲ့ပြောင်းပြန် ဒီတခါရွေးကောက်ပွဲကို ဝင်တဲ့လူတွေကတော့ ရှစ်လေးလုံး ကိစ္စကို လေသံမှ မဟကြပါဘူး။ မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး အုံကြွမှုကြီးရဲ့ ဒီမိုကရေစီအရေးတော် ဆိုတာမျိုးလည်း မပြောကြပါဘူး။ ကိုယ့်ကိုယ်ကို အသားယူချင်တော့မှာသာ “ရှစ်လေးလုံးတုန်းက” ဆိုတာမျိုးပြောတာ တွေ့ရပါတယ်။ အထက်မှာ ပြောခဲ့သလို ဒီရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အသီးအပွင့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြတယ် ဆိုတော့ အရေးတော်ပုံ တခုလုံးနဲ့ဆိုင်တဲ့၊ သမိုင်းနဲ့ဆိုင်တဲ့ အရာတွေကို ကိုယ့်အကျိုးအတွက် ဆွဲသုံးတာတွေ မလုပ်ခဲ့ကြ ပါဘူး။ ဒါပေမဲ့ နအဖရဲ့၂ဝ၁ဝ ရွေးကောက်ပွဲမှာတော့ သမိုင်းနဲ့ဆိုင်တဲ့၊ ကျောင်းသားထု တရပ်လုံး ပိုင်ဆိုင်တဲ့ ခွပ်ဒေါင်းအလံကို ခိုးသုံးချင်တာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ခွဲမရတဲ့ ခမောက်တံဆိပ်ကို ခိုးယူတာတွေ တွေ့ရပါတယ်။
နောက်ပြောသင့်တဲ့ တချက်က ၁၉၉ဝ ရွေးကောက်ပွဲတုန်းက တစညပါတီနဲ့ ဒီနေ့ ကြံ့ဖွတ် မတူဘူးဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဟိုတုန်းက တစညဟာ ရွေးကောက်ပွဲမှာ သူတို့ မုချနိုင်မယ် တွက်ထားတာပါ။ ဒါကြောင့် ရွေးကောက်ပွဲမှာ ဟန်ကိုယ့်ဖို့ လုပ်နေခဲ့ပါတယ်။ ဒါဟာ ရှစ်လေးလုံး အရှိန်နဲ့ လူထုကြီးက စောင့်ကြည့်နေလို့ ထင်ရာမစိုင်းဝံ့တာလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုကြံ့ဖွတ်ကတော့ တစညလို အဖြစ်မခံချင်လို့ အနိုင်ရဖို့အတွက် မဟားဒယားတွေ အကုန်လုပ်နေပါတယ်။ ၁၉၉ဝတုန်းက တစညပါတီထဲကို အာဏာလက်ရှိ ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်ပြီး ဝင်တာ၊ အရွေးခံတာ မရှိပါဘူး။ အငြိမ်းစားဆိုတဲ့ လူတွေချည်းလို့ ဆိုနိုင်ပါတယ်။့ ဒီတခါကျတော့ ဗိုလ်ချုပ်သန်းရွှေတို့တတွေ အစီအစဉ်တွေနဲ့ လုပ်နေတယ်ဆိုတာ ထင်ရှားစေတဲ့ အဝတ်အစား အပြောင်းအလဲတွေ မျက်စိနောက်လောက်အောင် တွေ့နေရပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲတုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တစညတို့ရဲ့ စီးချင်းထိုးပွဲ ဖြစ်ရေးကို ဦးတည်ပြီး တချို့ နိုင်ငံရေးအင်အားစုတွေက တချို့ မဲဆန္ဒနယ်တွေမှာ အရွေးမခံပဲ ရှောင်ပေးတာတွေ ရှိခဲ့ပါတယ်။ ဒီတခါမှာတော့ ဒါမျိုးမတွေ့ရပါဘူး။ ဒါ့အပြင် အတိုက်အခံ မဟာမိတ်ဆိုတာလေးတွေ ဖြုန်းကနဲဖွဲ့-ဖြုန်းကနဲ ကွဲတာတွေ တွေ့နေရပါတယ်။ အတိုက်အခံ ဆိုတာတွေ အချင်းချင်း အတိုက်အခံဖြစ်နေတာတွေလဲ တွေ့ရပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲတုန်းက နိုင်ငံရေး အဖွဲ့အစည်းတွေထဲက ဘဏ္ဍာရေး အရှုပ်အရှင်းတွေ မကြားသလောက်ရှိခဲ့ပြီး ဒီတခါမှာတော့ တချို့အဖွဲ့အစည်းတွေဟာ ဖွဲ့စည်းပြီးတာမှ လပိုင်းရှိသေးတယ်၊ ငွေကြေးပြဿနာတွေ စီစီညံနေအောင် ကြားရပါတယ်။ နွားကွဲရင် ခွေးဆွဲတဲ့ သင်ခန်းစာကို မယူနိုင်ကြရင် ၁၉၉ဝ ရွေးကောက်ပွဲ လွန်တဲ့အခါမှာ စစ်တပ်က အဖမ်းအဆီးတွေ အကြီးအကျယ် လုပ်ခဲ့တယ်ဆိုတဲ့ အချက်ကိုပဲ ထောက်ပြလိုပါတယ်။
နောက်ဆုံး ပြောသင့်တာကတော့ ၁၉၉ဝ ရွေးကောက်ပွဲ ပြီးသွားတော့ ရွေးကောက်ပွဲ အနိုင်ရသူကို အာဏာ လွှဲမပေးတဲ့အပြင် ဗမာပြည် နိုင်ငံရေးဟာ ပိုမှောင်မိုက်ခဲ့ပါတယ်။ ဒီတခါ ရွေးကောက်ပွဲပြီးရင် အလင်းရောင် ထွန်းပြောင်လာမယ်လို့ ဘယ်သူပြောနိုင်ပါသလဲ။ ဒါတောင် ဟိုတုန်းက ရွေးကောက်ပွဲ ဝင်သူတွေဟာ လူတိုင်း အောင်ဆုပန် ထီလက်မှတ် ကိုယ်စီနဲ့လို့ ပြောနိုင်တဲ့ အခြေအနေပါ။ ဒီတခါမှာတော့ ဟိုတုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို အပြတ်အသတ်နိုင်ဖို့ ဆိုတာဟာ ကြံ့ဖွတ်ကအစ ဘယ်သူမှ ဘိန်းပြောင်း အိပ်မက်တောင် မမက်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီတခါရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရမှာက ရွေးကောက်ပွဲ မဝင်ပဲ အမတ်နေရာရကြမယ့် တမတ်သား စစ်တပ် ကိုယ်စားလှယ်တွေနဲ့ သမ္မတ စသူတွေပဲ ဖြစ်ပါတယ်။
No comments:
Post a Comment