ရန်ကုန်သားတာတေ
နိုးဗုတ်၊ နိုးဗုတ်”
“အိုင်ဗုတ် အိုင်ဗုတ်”
“မဲမပေးဘဲ နေပိုင်ခွင့် ရှိရမယ်”
“လူတိုင်း မဲပေးကို ပေးရမယ် မပေးရင် ဖြတ်မယ် (ရေ၊ လျှပ်စစ်မီး၊ အင်တာနက်၊ ဖုန်း)”
“ရွေးဂေါက်ပွဲ တနည်းနည်းနဲ့ ပျက်ရင် ချိုကုပ်တွေ မင်းဆက်လုပ်မယ်”
မြန်မာပြည်တွင်း ရွေးဂေါက်ပွဲအကြို စည်ကားနေသည်။ ကြံ့ဖွံ့ပါတီက တစည ပါတီ ဆိုင်းဘုတ်ကို ရူးချင်ယောင် ဆောင်ပြီး ဖြုတ်ချလိုက်သည်။ ကြံ့ဖွံ့ပါတီ ဆိုင်းဘုတ်ကို ဒီမိုဘရက်ပစ် ပါတီက တယောက်က မှုတ်ဆေးဖြင့် ဖြန်းလိုက် ပြန်သည်။
ရွာသားတဦက “ဒီနှစ် စပါးဈေးမကောင်းဘူး။ တို့က ခြင်္သေ့လည်းမမွေးဘူး၊ ခြင်္သေ့က အာပုတ်စော်နံတယ်။ အဲဒီတော့ နေပူခံအောင် ဟဲလ်မက်ပဲ ဆောင်းတော့မယ်” ဟု ခပ်တိုးတိုးပြောသည်။ ထိုအချိန်တွင် တသီးပုဂ္ဂလ ပါတီ အမတ်တဦးက “ဟဲလ်မက်က အတုတွေနော်။ အတုတွေ။ တကယ့်နိုင်ငံရေးသမား စစ်စစ်ကို မဲပေးကြပါ” ဟု ဆေးကြော်ငြာသလို အော်နေပြန်၏။
ထိုအခါ BEDC ပါတီက တယောက်ကလည်း “ဟဲလ်မက်က အတုဆိုပေမယ့် ဆောင်းလို့တော့ ရပါသေးတယ်” ဟု အော်လိုက်ရာ ထိုနေရာတွင် လူအများဝိုင်းအုံလာပြီး ဟဲလ်မက် တံဆိပ်ပါသည့် အင်္ကျီများကို တောင်းတော့သည်။
အင်္ကျီက ကုန်သွားလို့ ရင်ထိုး တံဆိပ်ပဲ ယူပါ” ဟု BEDC ပါတီက ပြောလိုက်ရာ ကြံ့ဖွံ့ပါတီက တယောက်က “တွေ့လား … အဲဒါကြောင့် ခြင်္သေ့ကိုပဲ မဲပေးပါလို့ ပြောတာ။ ဟဲလ်မက်က ငမွဲတွေ၊ ရော့ရော့ ခြင်္သေ့အင်္ကျီလေးတွေ ယူကြ” ဟုပြောရင်း အင်္ကျီများကို ဝေပေး ပြန်သည်။ ကြံ့ဖွံ့အင်္ကျီများကို လူအများက ယူပြီး လွှင့်ပစ်ကြသည်။
ဂီရိမုန်တိုင်း တိုက်ခဲ့သည့် ရခိုင်ဒေသတွင် ကြံ့ဖွံ့က မဲတပြားကို ခေါက်ဆွဲခြောက်တထုပ်နှုန်းဖြင့် ဝယ်နေသည်။
ရွေးဂေါက်ပွဲကြီး နီးလာသည်နှင့်အမျှ မြန်မာပြည်တခွင် မဲဆွယ်စည်းရုံးမှုများ အရှိန်မြင့်လာသည်ကို ဦးရုက္ခစိုး ကြည့် ကောင်းကောင်းနှင့် ကြည့်နေခြင်းဖြစ်သည်။ နတ်ဆိုတော့လည်း တချက်ဝေ့ကြည့်လိုက်ရုံဖြင့် တနိုင်ငံလုံးကို ကွင်းခနဲ ကွက်ခနဲ မြင်သည်ပေါ့ (ယုံချင်ယုံ မယုံရင်လည်း ဦးရုက္ခစိုးကို ကိုယ်တိုင်သာမေးကြည့်ပေတော့)
မြို့တော်ဝန် ဦးအောင်သိန်းပျင်းနှင့် အလုပ်သမားဝန်ကြီး ဦးကြောင်စီစီတို့က သူ့ ကြံ့ဖွံ့ပါတီအတွက် ရန်ကုန်တွင် ကြိုတင်မဲ ရရန် လူတကာထံမှ လိုက်ကောက်သည်။ ကောက်လို့ရသမျှ အကုန်ကောက်ရင်း နောက်ဆုံး အရှိန်လွန်ကာ လူသေအလောင်း များထံမှပင် ကြိုတင်မဲများ ကောက်မိ သွားသည်။ ထို့ကြောင့် ရန်ကုန်တွင် ကြံ့ဖွံ့ပါတီက ကိုးဆယ့်ကိုး ဒသမ ကိုးကိုး ရာခိုင်နှုန်းဖြင့် ရွေးဂေါက်ပွဲပင် မကျင်းပရသေးဘဲ အနိုင်ရသွားသည်။
ကျန်သည့် ဒသမ တစ် ရာခိုင်နှုန်းက မဲစာရင်းနံပါတ် ထွက်ပြီးမှ ကြံ့ဖွံ့ဆိုင်းဘုတ်ကို ခလုပ်တိုက်မိကာ လဲကျ သေဆုံးသွားသူ အမျိုသမီးဖြစ်သည်။ ထိုအမျိုးသမီးကို မိသားစုက ချက်ချင်း သင်္ဂြိုဟ်လိုက်သောကြောင့် ဦးအောင်သိန်းပျင်းတို့ ကြိုတင်မဲ ကောက်ခွင့်မရလိုက်ပေ။
ဝရုန်းသုံးကား ဖြစ်ချင်တိုင်း ဖြစ်နေသော မဲဆွယ်စည်းရုံးမှုများ၊ ကြံ့ဖွံ့၏ ပေါက်တတ်ကရများကို ကြည့်ရင်း မျက်စိညောင်းလာ သဖြင့် ဦးရုက္ခစိုး နေပြည်တော်ခဏသွားရန် စဉ်းစားလိုက်သည်။ နတ်ဆိုတော့လည်း စဉ်းစားလိုက်သည်နှင့် လိုရာခရီး ရောက်သည်မဟုတ်လား (ဒါလည်း ယုံချင်ယုံ၊ မယုံချင်လည်း ယုံ)
“ရှစ်ဆယ့်ရှစ် ဒသမ လေးငါး ခြောက်”
“ကိုးဆယ့်နှစ် ဒသမ သုံး သုည လေး”
“ရှစ်ဆယ့်ကိုး ဒသမ ကိုး သုံး တစ်”
နေပြည်တော်ရှိ ချိုကုပ်ဒူးကြီး၏ စံအိမ်အတွင်း ဦးရုက္ခစိုး ရောက်သွားချိန်တွင် အိုးပုတ်၊ ချိုးရုပ်ကလေးများ ရှေ့တွင် ချကာ စာရွက်များပေါ်တွင် တောင်ခြစ်၊ မြောက်ခြစ် လုပ်နေသည့် ချိုကုပ်ဒူးကြီးကို မခန့်မညား တွေ့လိုက်ရလေသည်။
ရုက္ခစိုး။ ။ ဘာတွေများ အလုပ်ရှုပ်နေတာလဲ ချိုကုပ်ဒူးကြီးရဲ့။ မကြီးမငယ်နဲ့ အိုးပုတ်၊ ချိုးရုပ်တွေနဲ့ ဆော့လို့။ သူငယ် ပြန်နေပြီလား။
ချိုကုပ်။ ။ သြော … ဦးရုက္ခစိုး ရောက်လာပြီကိုး။ ကျုပ်က သူငယ်ပြန်နေတာ မဟုတ်ပါဘူးဗျာ။ အကွက်တွေ ရွှေ့ကြည့်နေတာ။ သူများနဲ့မတူအောင် စစ်တုရင်ရုပ်တွေ မသုံးဘဲ အိုးပုတ်၊ ချိုးရုပ်တွေနဲ့ ရွှေ့နေတာဗျ။
ရုက္ခစိုး။ ။ ထူးဆန်းပါပေ့ဗျာ။ ရှေ့က စာရွက်တွေကကော … မှန်း … ဂဏန်းတွေ ရေးထားပါလား။ ဘာလဲဗျ၊ အနားယူပြီးရင် နှစ်လုံးထီပဲ ထိုးစားတော့မလို့ ကြံစည်နေတာလား။
ချိုကုပ်ဒူးကြီးက အမေးအမြန်းထူနေသော ဦးရုက္ခစိုးကြီးကို ခဏ ဟူသည့် သဘော လက်ကာပြလိုက်ပြီး အတွင်းခန်းသို့ လှမ်းအော်ပြောလိုက်သည်။
“ကွိုင်ကွိုင်ရေ … ဘယ်ဂဏန်းကောင်းလဲ … ဘိုးတော်တွေ၊ အဘတွေကို မေးကြည့်ပါဦး”
အတွင်းခန်းထဲမှာ ဒေါ်ကွိုင်ကွိုင်က ဆင်မယဉ်သာခြေလှမ်းဖြင့် လှမ်းထွက်လာပြီး “အဘတွေက ပြောပြီးသွားပြီ မောင်တော်၊ ၈၅ ကျော်ရင် အကုန်ကောင်းတယ်တဲ့” ဟု ပြောလိုက်သည်။
ချိုကုပ်။ ။ ဟုတ်ပါ့မလား။ စိတ်ချရပါ့မလားကွ။ မောင်တော်တော့ ၉၀ ကျော်ပဲ လုပ်လိုက်မလားလို့။
ချိုကုပ်ဒူးကြီး ဇနီးမောင်နှံ၏ နောက်ဆုံးပေါ် မော်ဒန် စကားလုံးများကို ဦးရုက္ခစိုး နားမလည်နိုင်ဘဲ ဖြစ်နေသည်။
ရုက္ခစိုး။ ။ ဘာတွေလဲ ချိုကုပ်ဒူးကြီးရယ်။ ကျုပ်နားလည်အောင်လဲ ရှင်းစမ်းပါဦး။
ချိုကုပ်။ ။ နတ်ဖြစ်ပြီး တယ်ညံ့ပါလား ဦးရုက္ခစိုးရဲ့။ ရွေးဂေါက်ပွဲပြီးလို့ မဲရေပြီးရင် ကြံ့ဖွံ့ပါတီ နိုင်မယ့် ရာခိုင်နှုန်း နံပါတ်ကို ဘယ်နံပါတ်ကောင်းမလဲ ရွေးနေတာဗျ။ သိပြီလား။
ရုက္ခစိုး။ ။ ဗျာ ...။ ကြံ့ဖွံ့က နိုင်တယ်ပဲ ထားပါဦး။ ဘယ်လောက် ရာခိုင်နှုန်းနဲ့ နိုင်မယ်ဆိုတာ ရွေးဂေါက်ပွဲ ပြီးမှ အဖြေ ထွက်မှာမဟုတ်လား။ အခုကတည်းက ဘာလို့ ကြိုတင်စဉ်းစားထားမှာလဲ။
ချိုကုပ်။ ။ ညံ့ပြီးရင်း ညံ့ရင်းပါလား ဦးရုက္ခစိုးရယ်။ အဲဒီနေ့ကျမှဆိုရင် ရုတ်တရက်ကြီး စဉ်းစားလို့ရတဲ့ ဂဏန်းက ကောင်းချင်မှ ကောင်းမှာပေါ့ဗျ။ အခုကတည်းက ကြိုပြီး ဘိုးတော်တို့ အဘတို့နဲ့ တိုင်ပင် ရွေးချယ်ထားလိုက်တော့ နံပါတ် ကောင်းကောင်းလေးတွေ ရတာပေါ့။
တချိန်လုံး ငြိမ်ပြီး နားထောင်နေသည့် ကွိုင်ကွိုင်ကလည်း “ဟုတ်တယ်၊ ဟုတ်တယ်။ ကွိုင်တို့က ဂဏန်းလေးတွေတောင် လှလှ ပပလေးမှ ကြိုက်တာ” ဟု ဝင်ပြောလိုက်သည်။
ရုက္ခစိုး။ ။ ဒါများဗျာ။ အချိန်ကုန်ခံပြီး ပါတီတွေထောင်ခိုင်း၊ စည်းရုံးရေးတွေ ဆင်းခိုင်းနဲ့ ငွေကုန် လူပန်းတာပေါ့။ အခုဆို တနိုင်ငံလုံး ဝရုန်းသုံးကားနဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲ။
ချိုကုပ်။ ။ သိသားပဲ။ ဒီလို ဝရုန်းသုံးကား ဖြစ်မှလည်း ရွေးဂေါက်ပွဲနဲ့ တူတော့မပေါ့ ဦးရုက္ခစိုးရယ်။ ဒါမှလည်း နိုင်ငံတကာကို ပြလို့ကောင်းတာပေါ့။
ရုက္ခစိုး။ ။ ပြီးရင်လည်း အနိုင်ယူမယ့်ဟာကို ဘာလို့ ကြံ့ဖွံ့က မဟုတ်ကဟုတ်ကတွေ လျှောက်လုပ်ပြီး ကြိုတင်မဲ ယူတာတို့ အတင်းအကျပ်ကြံ့ဖွံ့ကို မဲပေးခိုင်းတာတို့ လုပ်နေတာလဲဗျ။ နာမည်ပျက်ရုံ လုပ်တာလား။
ချိုကုပ်။ ။ မဟုတ်ရပါဘူးဗျာ။ အစကတော့ ရွေးဂေါက်ပွဲကထွက်လာတဲ့ တကယ့်ရလဒ် စစ်စစ်နဲ့ နိုင်တယ်ဆိုတာ ကမ္ဘာကို ပြမယ်ဆိုပြီး သိန်းဂိန်တို့အဖွဲ့ကို နိုင်ရင်ပြီးရော … တရားတာ မတရားတာ မသိဘူး ချသာချဆိုပြီး လုပ်ခိုင်းတာပဲ။
ရုက္ခစိုး။ ။ အခုတော့ ဘယ်လိုမှ မနိုင်နိုင်တော့ဘူး ဆိုတာ သိသွားပြီ။ အဲဒီလိုလား။
ချိုကုပ်။ ။ အဲဒီထက် ဆိုးတယ်။ မနိုင်ရုံတင်မဟုတ်ဘူး၊ အရှက်ကွဲမယ့် အပေါက်ဗျ။ ကြည့်ရတာ ကြံ့ဖွံ့မဲ တမဲတောင် ရပါ့မလားမသိဘူး။
ရုက္ခစိုး။ ။ အဲဒီလို ကြံ့ဖွံ့က တမဲမှ မရတဲ့အချိန်မှာ ခုနက ကိန်းဂဏန်းတွေနဲ့ နိုင်တယ်ဆိုပြီး ကြေညာမှာပေါ့ ဟုတ်လား။
ချိုကုပ်။ ။ အင်း … အကုန်လုံး သေသေချာချာ ရှင်းပြလိုက်တော့လည်း ဦးရုက္ခစိုးက သဘောပေါက် လွယ်သားပဲ။ နောက်ဆုံးတော့ ဒီနည်းပဲ သုံးရတော့မှာပေါ့လေ။
ဦးရုက္ခစိုးနှင့် ချိုကုပ်ဒူးကြီး စကားပြောနေစဉ် အင်တာနက် သတင်းများ ဆက်တိုက် ဝင်လာသည် ...။ တနိုင်ငံလုံးတွင် အင်တာပျက် ဖြစ်နေသော်လည်း ချိုကုပ်ဒူးကြီးနေအိမ်တွင် လိုင်းအလွန်ကောင်းသည်။ ချိုကုပ်ဒူးကြီးက ဒေဝါလီ ဘလော့ကို ဖွင့်ကြည့်လိုက်သည်။
“နိုးဗုတ်သမားများကို အိုင်ဗုတ်သမားများက ခဲနှင့်ထုရာ နိုးဗုတ်သမားတဦး နဖူးကွဲသွားခြင်း၊ နိုးဗုတ်က လေးခွဖြင့် ပြန်ဆော်ရာ အိုင်ဗုတ်သမား ဒူးပြဲသွားခြင်း၊ BEDC နှင့် တသီးပုဂ္ဂလတို့ နပမ်းလုံးကြခြင်း၊ ကြောင်ဝါပါတီနှင့် ကြံ့ဖွံ့ ချိန်းပွဲ အနေဖြင့် ရိုက်ကြရာ ကြံ့ဖွံ့က ကျပ်ငွေ ၅၀၀၀ တိတိ ရှုံးသွားခြင်း (တုတ်နှင့် ရိုက်ကြခြင်းမဟုတ်ဘဲ ဖဲ ရိုက်ခြင်း ဖြစ်သည်) … ”
ထိုသို့ … ထိုသို့သော သတင်းများကို ဖတ်ကာ မိန့်မိန့်ကြီးပြုံးရင်း ချိုကုပ်ဒူးကြီးက စာရွက်တရွက်ပေါ်တွင် တစုံတခုကို ချရေးလိုက်သည်။ ဒေါ်ကွိုင်ကွိုင်က လှမ်းကြည့်ရင်း သဘောကျနေသည်။ ဦးရုက္ခစိုးက နတ်ဖြစ်သောကြောင့် ထိုစာကို သေသေချာချာ မြင်လိုက်၏။
“ကြံ့ဖွံ့ပါတီက မဲအရေအတွက် ခြောက်ဆယ့်ရှစ်သန်းနဲ့ ရှစ်ဆယ့်ကိုး ဒသမ ကိုးကိုးကိုးကိုး ရာခိုင်နှုန်းရရှိပြီး ချိုကုပ်ဒူးကြီး အမိန့်နဲ့ အပြတ်အသတ် အနိုင်ရရှိသွားသည်။ မှတ်ချက် - နိုဝင်ဘာ ၇ ရက်နေ့ညနေ မဲများ ရေတွက်ပြီးချိန်တွင် ကြေညာရန်” ဟူ၍ဖြစ်သည်။
ရုက္ခစိုး။ ။ တခုခုမှားနေပြီထင်တယ် ချိုကုပ်ဒူးကြီး။ လူဦးရေက သန်း ၅၀ ကျော်ပဲရှိတာလေ။ မဲပေးနိုင်တဲ့သူ အရေအတွက်က ...။
ချိုကုပ်။ ။ မရှည်နဲ့ ကျုပ်သိတယ်။ ၆၈ သန်းဆိုတာ နတ်ပြည် ၆ ထပ်က နတ်တွေနဲ့ ငရဲကြီး ရှစ်ထပ်က ငရဲသားတွေပါ ဝင်ပေးထားတာ။
ချိုကုပ်ဒူးကြီးစကားကြောင့် ဦးရုက္ခစိုးကြီးမှာ သူ့နဖူးသူရိုက်ပြီး ထိုနေရာတွင်ပင် သတိလစ်မေ့မျောသွားလေတော့သည် (ယုံချင်ယုံ မယုံချင်လည်း …. ယုံကြလေကုန်)
No comments:
Post a Comment