Sunday, May 20, 2012

RCSS-SSA နှင့် အစိုးရ တို့ ၁၂ ချက်ပါ သဘောတူညီချက် လက်မှတ်ရေးထိုး

မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ မေလ ၂၀ ရက် ၂၀၁၂

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS-SSA နှင့် မြန်မာအစိုးရတို့သည် မေလ ၁၉ ရက် နေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေး နွေးပွဲအပြီး အချက် ၁၂ ချက်ပါ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ စီးပွားရေးလုပ်ငန်းများ ဖေါ်ဆောင်ရေးနှင့် အ ကျဉ်းကျနေသော RCSS-SSA အဖွဲ့ဝင်များကိစ္စ စသည်တို့ ပါဝင် သည့် အချက် ၁၂ ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာအစိုးရကိုယ်စား ငြိမ်းချမ်းရေး တည်ဆောက်မှုအဖွဲ့ ဒု-ဥက္ကဋ္ဌ (၁) တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ရ ထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းတို့က ဦးဆောင် လက်မှတ် ရေး ထိုးခဲ့ပြီး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီဘက်မှ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဦးဆောင်လက်မှတ်ရေးထိုးခဲ့သည်။

ဆွေးနွေးပွဲအပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် မြန်မာအစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ယခုဆွေးနွေးပွဲပြီးနောက်တွင် နှစ်ဘက်တပ်များအကြား လက်နက် ကိုင် တိုက်ခိုက်မှုများရှိတော့မည် မဟုတ်ကြောင်း၊ RCSS-SSA အဖွဲ့သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးသည့် အချိန်မှစပြီး တရားဝင် အဖွဲ့အစည်းတခု ဖြစ်သွားပြီ ဖြစ်ကြောင်း၊ ငြိမ်း ချမ်း ရေး တည်ဆောက်မှု အဆင့်များကို ဆက်လုပ်သွားရန်၊ RCSS-SSA အဖွဲ့နှင့် အမြန်ဆုံးပြန်လည် တွေ့ဆုံကြမည်ဖြစ်ကြောင်း ဖြေကြား ခဲ့သည်။

နှစ်ဖက်တပ်များ အပစ်အခတ်ရပ်ရေး အပါအဝင် အချက် ၇ ချက်ပါ ငြိမ်းချမ်းရေး သဘောတူညီချက်ကို မြန်မာအစိုးရနှင့် RCSS-SSA တို့ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်က နှစ်ဘက်လက်မှတ်ရေးထိုးခဲ့သော် လည်း ကြားကာလအတွင်း နှစ်ဖက် ပစ်ခတ်မှု ၁၇ ကြိမ် ဖြစ်ပွားခဲ့သည် ဟု သိရသည်။

ယခုအကြိမ်ဆွေးနွေးပွဲသည် မြန်မာအစိုးရက ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အဖွဲ့အား တိုးချဲ့ပြင်ဆင်ဖွဲ့ပြီးနောက် ပထမဆုံး အကြိမ် တပ်မ တော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်တိုင် ဦးဆောင်ပါဝင်ဆွေးနွေးသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်ပြီး၊ ငြိမ်း ချမ်းရေး နယ်မြေဒေသများ အတိအကျ၊ လုပ်ငန်းအကောင်အထည်ဖေါ်ရန် အသေးစိတ်ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြသည် ဟုသိရသည်။

No comments: