Saturday, July 14, 2012

ဦးမောင်အေး ကျန်းမာရေးသတင်းရေးသည့် ဂျာနယ်များ သတိပေးခံရ

ဖနိဒါ

အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကျန်းမာရေးအခြေအနေကို သတင်းရေးသား ဖော်ပြ ခဲ့သည့် ပြည်တွင်းမှ အပတ် စဉ် ထုတ် ဗီးနပ်စ် ဂျာနယ်နှင့် ရန်ကုန်တိုင်းမ်ဂျာနယ်တို့အား စာပေစိစစ်ရေးဌာနက ဂျာနယ် ဖျက်သိမ်းသည်အထိ အရေးယူနိုင်သည်ဟု ယ ခုလ ၁၁ ရက်နေ့တွင် ခေါ်ယူသတိပေးခဲ့သည်ဟု ဗီးနပ်စ်ဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လေဖြတ်သည့်ဝေဒနာခံစားရ၍ စင်္ကာပူနိုင်ငံသို့ဆေးကုသမှု ခံယူ နေရ သည့် သတင်းအား စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ခွင့်ပြုချက်မရဘဲ ဖော်ပြခဲ့သဖြင့် စာပေစိစစ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့် မောင်က ခေါ်ယူသတိပေးခဲ့ခြင်း ဖြစ်သည်။

“သူတို့က ခွင့်မပြုတာ ကျနော်တို့ ထည့်တော့ ခေါ်ပြောတာ။ အဓိကတော့ ခွင့်မပြုတဲ့သတင်းကို ထည့်တယ်။ နောက်ကျရင် ခွင့်မပြုတာ မထည့် ပါနဲ့ ထည့်ရင် အရေးယူရမယ်။ ခုတော့ အဆင်တဆင့်အနေနဲ့ ခေါ်ပြီး သတိပေးတာ။ နောက် တဆင့်ဆိုရင် အရေးယူတာတွေ ဖြစ်လာ မယ်။ သို့သော်လည်း လက်မှတ်ထိုးရတဲ့ထဲမှာ ဂျာနယ်ထုတ်ဝေမှု အပြီးအပိုင် ရုပ်သိမ်းခံရမယ်၊ အဲဒီလို စာသားထည့်ထားတယ်။”ဟုအယ်ဒီတာကိုသာ လွန်ဇောင်းထက်က ပြောသည်။

စီးပွားရေး၊ မှုခင်း၊ ပညာရေး စသည့် ကဏ္ဍများရေးသားထုတ်ဝေ ဖြန့်ချိမှုများကို စိစစ်ခြင်း မရှိတော့သော်လည်း နိုင်ငံရေးနှင့် ပတ်သက် သည့် သတင်းဂျာနယ်များကို တင်းကြပ်နေဆဲ ဖြစ်သည်ဟုလည်း ကိုသာလွန်ဇောင်းထက်က မဇ္စျိမကို ပြောသည်။

“နိုင်ငံရေးနဲ့ ပတ်သက်တာမျိုး အဓိက စိစစ်နေတုန်းပါပဲ။ နိုင်ငံရေးဆိုတာက တပ်မတော်ကိစ္စလည်း ပါတယ်။ တပ်မတော် အပြောင်းအရွှေ့က လည်း နိုင်ငံရေးကဏ္ဍအောက်မှာ ပါနေတဲ့အတွက်ကြောင့် တင်းတင်းကြပ်ကြပ်နဲ့ လုပ်နေတုန်း ပဲ။”ဟု သူက ပြောသည်။ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ လုပ်ထုံးလုပ်နည်းအရ သတိပေးခြင်း ဖြစ်ပြီး စာပေစိစစ်ရေးဌာန ရှိနေသေးသဖြင့် အလေးထားရန်နှင့် ပူးပေါင်းဆောင်ရွက် ရန် စာပေစိစစ်ရေးဌာနက ပြောဆိုခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းက မီဒီယာများကို ခေါ်ယူ၍ ပြည်ကြားရေး ဝန်ကြီးဦးကျော်ဆန်းက ဇွန်လကုန်ပိုင်းက စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းပြီး စာပေစိစစ် ရေးဌာနကို ဖျက်သိမ်းမည်ဟု ပြောဆိုခဲ့သော်လည်း စာပေစိစစ်ရေးဌာနမှာ ဆက်လက် ရှိနေဆဲဖြစ်သည်။

စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေးကို မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း MJA၊ မြန်မာနိုင်ငံသတင်းသမားများ သမဂ္ဂ MJU၊ မြန်မာ ဂျာနယ် လစ် ကွန်ယက် MJN တို့ကလည်း ပဏာမ သဘောတူထားသည်။ ထိုကောင်စီမှ ထုတ်ပြန်ရန် ရှိသည့် မီဒီယာ ဥပဒေ များကို ကြီးမှူးကာ မီဒီ ယာ သမားများ အားလုံး ပါဝင်ရေး ဦးစီးဆောင်ရွက်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာ လက်အောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာမှ စာမူကြမ်းများကို စိစစ်သည့် စနစ်ကို ဇွန်လကုန်ပိုင်းတွင် ရှိ တော့မည် မဟုတ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဒုညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကလည်း မဇ္စျိမကို မကြာမီ က ပြောဆိုခဲ့သည်။

No comments: