Wednesday, July 4, 2012

နမ္မတူမြို့နယ် အတွင်း ဘိန်းဖြူ အများအပြား ဖမ်းဆီးရမိ

ကော့လီ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် နားဆိုင်း ကျေးရွာ တာဝန်ရှိသူ တွေ ကဆိုင်ကယ် သူခိုး စောင့်ဖမ်းရင်းနဲ့ ဘိန်းဖြူ သယ်ယူလာ သူ တစ်ဦးကို စစ်ဆေး ဖမ်းဆီးရမိပြီး ရဲတပ်ဖွဲ့ကို အပ်လိုက်တယ်လို့ သ တင်းရရှိပါတယ်။

နမ္မတူမြို့နယ် နားဆိုင်း ကျေးရွာမှာ ဆိုင်ကယ်တွေ မကြာခဏ ဆိုသလို အခိုး ခံနေရတာကြောင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ကညပိုင်း ဆိုင်ကယ် စီးသူတွေကို စစ်ဆေးရင်းနဲ့ ဇွန်လ ၃၀ ရက်နေ့မှာ အခုလို ဘိန်းဖြူ များကို ဖမ်းမိ တာလို့ သိရပါတယ်။

ရွာကလူကြီးတွေက ဆိုင်ကယ် သူခိုင်း စောင့်ဖမ်းရင်း မနက် ၄ နာရီလောက် လားရှိုးဘက်က ဆိုင်ကယ် စီးလာတဲ့ လူတစ်ယောက်ကို တားပြီး စစ်ကြတယ်။ သူသယ်လာတဲ့ ပီနံအိတ်ကို ဖွင့်ကြည့်ကြတော့ အဝတ်အစားတွေနဲ့ ရောထည့် လာတဲ့ ဆပ်ပြာခွက် ၆ ခွက်ကိုတွေ့တယ်။ အဲဒီဆပ်ပြာခွက် ၆ ခွက်ထဲမှာ ပလတ်စတစ်နဲ့ ထုပ်ထားတဲ့ ဘိန်းဖြူတွေတွေ့တယ် – လို့ ဒေသခံ တစ်ဦးက ကော့လီကို ပြောပြ ပါတယ်။

ဘိန်းဖြူသယ်လာသူဟာ နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက်(၉)မှာ နေထိုင်တဲ့ အသက်(၃၀) အရွယ် အားဖာ (အဖ ဦးစိန်နက်) ဖြစ်တယ်လို့ သိရပါတယ်။ နားဆိုင်း ကျေးရွာ တာဝန်ရှိသူများက ဖမ်းဆီးရမိသူကို သက်သေခံ ပစ္စည်းတွေနဲ့အတူ နမ္မတူမြို့နယ် ရဲတပ်ဖွဲ့ဆီ အပ်လိုက်ပြီလို့လည်း သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ဘိန်းဖြူပမာဏများပြားတာကြောင့် အမှုကို ကျောက်မဲခရိုင်ရဲတပ်ဖွဲ့ဆီကို လွှဲပြောင်းပေးလိုက်ပြီး ပုဒ်မ ၁၉(က) မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချမှုနဲ့ အရေးယူထားလိုက်တယ်လို့ သိရပါတယ်။

No comments: