Sunday, July 22, 2012

ရန်ကုန် လေဆိပ်အနီး ကျူးကျော်အိမ် ၁၀၀ ကျော် ဖယ်ရှား

သိင်္ဂီထွန်း

ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်း အနောက်ဖက် မရမ်းကုန်းမြို့နယ် အတွင်းရှိလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် မြေ ပေါ်ရှိ ကျူးကျော်တဲအိမ် ၁၀၀ ကျော်အား အာဏာပိုင်များက ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖြိုဖျက်လိုက်သည်။

လေကြောင်းဦးစီး၏ ရေဒီယိုအင်ဂျင်နီယာရုံးနှင့် ၀န်ထမ်းအိမ်ယာများ အနီးရှိ မြေပေါ်တွင် ဆောက်လုပ်ထားသော ရန်ကြီးအောင် အမည် ရှိ ရပ်ကွက်ထဲမှ ကျူးကျော်အိမ် ၁၀၃ အိမ်ကို မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးရုံးဝန်ထမ်းများက နံနက် ၆ နာရီခွဲခန့်က စတင်ကာ တူများ၊ သံတူရွင်းများဖြင့် တနေကုန် ဖြိုဖျက်မှု ပြုကြသည်။

မြန်မာ့လေကြောင်းမှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက “အိမ်တွေကို ဖျက်ပေးဖို့ သတိပေးနှိုးဆော် ထားတာ စုစုပေါင်း ရှစ်ကြိမ်ရှိပြီ။ အစတုန်း က ကလေးတွေ စာမေးပွဲရှိလို့၊ ဆယ်တန်းဖြေဖို့ နှစ်ယောက်ရှိလို့ဆိုပြီးပြောလို့ ကျနော်က အ ထက်ကို ပြန်တင်ပြထားပါတယ်။ ဖျက်ပေးဖို့သူတို့ကို အကြိမ်ကြိမ်ပြောပါတယ်” ဟု ဆိုသည်။

“အဖျက်ခံရတဲ့ အိမ်ထောင်စုတွေကို ပြန်နေရာချထားဖို့ အစီအစဉ်မရှိပါဘူး” ဟု သူက ပြောသည်။

ခြောက်နှစ်ခန့်ကြာ နေထိုင်သူများ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်သင့်မှုကြောင့်ပြောင်းရွှေ့လာသူများ၊ လွန်ခဲ့သည့် သုံးလကမှ လာ ရောက် နေသူများပါဝင်သည့် လက်လုပ်လက်စား မိသားစုများအနက် အိုးအိမ်မဲ့ဖြစ်သွားရသူများ ရှိသည်။

“ဘယ်မှ သွားဖို့ မရှိဘူး။ ပစ္စည်းတွေချပြီး ဒီနားမှာပဲ ထိုင်နေဖို့ပဲရှိတယ်။ ကလေးတွေကလည်း ကျောင်းတဖက်တွေနဲ့ အိမ်ငှားတော့လည်း သူ များတွေလို အိမ်ငှားခ မတတ်နိုင်ဘူး။ စပေါ်ငွေက နှစ်သိန်း၊ သုံးသိန်း တောင်းတဲ့ အိမ်ရှင် တွေလည်း ရှိတယ်။ လခကလည်း နှစ်သောင်း၊ သုံး သောင်း ထပ်ပေးရမှာ ဆိုတော့ မတတ်နိုင်ဘူး” ဟု အဖျက်ခံရသော အိမ် ဘေးတွင်ထိုင်လျက် ကိုသိုက်စောလင်း က ပြောသည်။

ကျူးကျော်နေအိမ် တဖက်ခြမ်းတွင်ရှိသော တပ်မြေ (ခေါ်) မြန်မာ့လေကြောင်း ဦးစီးဌာနပိုင် ကွင်းထဲတွင် ဘူဒိုဇာ ကားငါးစီး ဇူလိုင် ၁၉ ရက် နေ့ ညနေမှ စတင် လာရပ်ထားသည်ဟု ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။

ရပ်ကွက်အတွင်းရှိ နေအိမ်အားလုံးကို ဇွန်လ ၂ ရက်နေ့ အပြီး ပြောင်းရွှေ့ပေးရန်နှင့် မပြောင်းရွှေ့ပေးပါက တရားဥပဒေအရ အရေးယူ မည် ဖြစ်ကြောင်း သတိပေးစာရောက်အပြီးတွင် နောက်ထပ် ငါးလ ဆက်နေခွင့်ပေးပါရန် အသနားခံစာကို နေပြည်တော်သို့ တင်ထားစဉ် ဖျက် သိမ်းမှုပြုလုပ်ခြင်းဖြစ်ကြောင်း အဖျက်ခံရ သောနေအိမ် တအိမ်မှ ဒေါ်ဝါက မဇ္ဈိမကို ပြောသည်

“တချို့ကတော့ အထုပ်ဆွဲပြီး ပြေးတယ်။ ကြောက်ပြီးထွက်ပြေးတာ သုံးအိမ်ရှိတယ်” ဟု ပြောသည်။

လူဦးရေ ခြောက် သန်းခန့်ရှိ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လူဦးရေ ထူထပ်သော ဆင်ခြေ ဖုန်းတခုတွင်လည်း ကျူးကျော်အိမ် ဖယ်ရှားမှုများ ရှိနေသည်။

လွန်ခဲ့သည့်လက လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် အတွင်း ကျူးကျော်အိမ် ၁၄၉ လုံးအား မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ဖယ် ရှား ခိုင်းခဲ့သည်။

ဆက်လက်နေထိုင်သူ အိမ်ထောင်စုများအားလည်း ပုဒ်မ (၄၄၇) ဖြင့် တရားစွဲဆိုထားပြီး နှစ်ဖက် အမှုရင် ဆိုင်ရလျက် ရှိသည်။

No comments: