Friday, July 20, 2012

မိုးရွာသွန်းမှုကြောင့် ဖားကန့်မြို့နယ် ရှိ ဒေသခံများနေအိမ် ရေလျှံ

KNG


ကချင်ပြည်နယ် ဧရာမကျောက်စိမ်းတူးဖော်ရေးနယ်မြေ ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုမြစ်ရေ (Uru Hka) လျှံ လာပြီး ဒေသခံများ အခက်အခဲများနှင့်ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်။

မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖားကန့်မြို့တွင်းစီးဆင်းနေသော ဥရုမြစ်ရေသည် ဇူလိုင်လ ၁၅ ရက်ညနေမှစ၍ ရေတက်လာ ခြင်း ဖြစ်ပြီး ဇူလိုင် ၁၆ ရက်နေ့တွင် ဒေသခံများနေအိမ်ထဲသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖားကန့် ဒေသခံတစ်ဦးပြောသည်။

“ရေကြီးလာပြီ ဆိုတော့ ပြေးကြတယ်။ ဆွေမျိုးအိမ်သို့ပြေးတယ်။ တချို့က နှစ်ထပ်အိမ်ဆိုတော့ အ ပေါ်ထပ်မှာနေကြတယ်။ နှစ်ထပ်အိမ် တွေက မမြုပ်ဘူး။ နိမ့်တဲ့အိမ်အားလုံးက မြုပ်သွားတယ်။ ရေမြုပ်တဲ့အိမ်တွေက အားလုံးပျက်စီး သွားတာပေါ့” ဟုပြောသည်။

စာသင်ကျောင်းလည်း ပိတ်ထားရပြီး ဖားကန့်မြို့နယ် မရှီကထောင် (Mashi Kahtawng) ရပ်ကွက်ရှိ ဒေသခံများအိမ်ခြေ ၅၀ ကျော်နှင့် ဖား ကန့်ဖက်ရှိ ဒေသခံများနေအိမ် အိမ်ခြေ ၅၀ ကျော်တွင် ရေလျှံလာသောကြောင့် အခက်ခဲများကြုံတွေ့ခဲ့ရကြောင်း ဒေသခံများပြော သည်။

ဆိုင်းတောင်ရှိ ကြိုးတံတားတွင်လည်း ရေလျှံလာကာ ကျောင်းသူကျောင်းသွားလာရန် ခက်ခဲမှုကြောင့် အထက်တန်းကျောင်း ပိတ်ထားခဲ့ ရပြီး အခက်ခဲအမျိုးမျိုးနှင့်လည်း ရင်ဆိုင်နေရကြောင်း ဒေသခံမှ ဆက်ပြောသည်။

“ဥရုချောင်းက ၄ နှစ် ၅ နှစ် ဆိုမှ ထူးထူးခြားခြားကြီးလာတတ်တယ်။ ဒါမေ့ခုတော့ နှစ်တိုင်းလိုကြီး လာတယ်။ ဘာကြောင့်လဲဆိုတော့ ဥရု ချောင်း ရေလမ်းက မြင့်သွားပြီ။ ကျောက်စိမ်းတူးတဲ့မြေဇာတွေက မြစ်ထဲဘဲပုံကြတာ။ ရေသွား လမ်းက မရှိတော့ဘူး ဒါကြောင့် မိုးရွာတာနဲ့ ရေကြီးလာတော့တယ်။ သွားလာရေး ခက်ခဲတယ်။ ကလေးတွေ ကျောင်းသွားရတာ ခက် တယ်။ ကုန်ဈေးနှုန်းတွေလည်း တက်လာတယ်” ဟု အထက်ပါဒေသခံမှ KNG ကချင်သတင်းဌာနသို့ပြောသည်။

ဖားကန့်ဒေသခံများသည် ဆက်လက်၍မိုးများအဆက်မပြတ်ရွာသွန်းပြီး ဥရုချောင်းရေလျှံလာကာ ရေလွမ်းမိုးမှုဖြစ်ပေါ်မည်ကို စိုးရိမ်ပူ ပန်နေ ကြသည်။

ဖားကန့်မြို့တွင်း အစိုးရအကျိုးတူကုမ္ပဏီများသည် စက်ယန္တရားကြီးများဖြင့် ဧရာမ ကျောက်စိမ်းတူးဖော်မှုပြုလုပ်ရာမှ မြေဇာများကို မြို့တွင်း ထိ စည်းမဲ့ကမ်းမဲ့စွန့်ပစ်လာမှုကြောင့် နှစ်စဉ်မိုးရာသီတွင် နှုန်းမြေများနှင့် ရေကျောပိတ်ပြီး ရေလွှမ်းမိုးမှု ပြဿနာ ရင်ဆိုင် နေကြရ သည်။

လွန်ခဲ့သည့်နှစ် ၂၀၁၁ ခုနှစ်မှစ၍ အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား အပစ်ခတ်ရပ်စဲသဘောတူညီမှု ပျက်ပြားသွားခဲ့ပြီး တိုက် ပွဲများနေ့စဉ်ဖြစ်ပွားကာ ဖားကန့်ဒေသရှိ ကျောက်စိမ်းကုမ္ပဏီများကို အစိုးရမှ လုံခြုံရေးအရ ပြီးခဲ့သည့်မေလအတွင်း စက်များကို ရုပ်သိမ်း ၍နေရပ်ပြန်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုသို့ ကုမ္ပဏီများအား မေလမှစ၍ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်း ရပ်တန့်ထားပြီးနောက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIOမှ ပြည်သူလူ ထု များအား ဖားကန့်ဒေသတွင်း ကျောက်စိမ်းထွက်ရှိရာ နေရာတိုင်းတွင် လူတန်းစားမရွေး တပိုင်တနိုင် သံတိုင်ဖြင့် တူးဖော်ရန် အခွင့် ပေးထား ကြောင်း သိရှိရသည်။

ယခုနှစ်မိုးရေလျှံမှုသည် ဖားကန့်မြို့နယ်တွင်း ဧရာမကျောက်စိမ်းကုမ္ပဏီများ တူးဖော်မှုရပ်ဆိုင်းထားချိန်အတွင်း ပထမဆုံးအကြိမ် ကြုံ တွေ့နေရခြင်းလည်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်များတွင် ဖားကန့်မြို့တွင်း ရေလွှမ်းမိုးမှုကြောင့် အသေအပျောက်ရှိခဲ့ပြီး အိုးအိမ်ဆုံးရှုံး မှု များရင် ဆိုင်ခဲ့ရသည်။

No comments: