Thursday, July 19, 2012

အစိုးရစစ်တပ် ဖမ်းဆီးစစ်ဆေးခဲ့သော ဦးဂလောင်းဘောမ်ယော် ပျောက်ဆုံးနေ

KNG

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်)မြို့နယ် ယိခူးကျေးရွာ (Yi Hku mare) မှ ဇူလိုင်လ ၁ ရက်နေ့က အစိုးရစစ်တပ် ဖမ်းဆီး ခံခဲ့ ရသော အပြစ်မဲ့ရွာသား ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) ကို အစိုးရတပ်မှ လွတ်လိုက်ပြီဟုဆိုသော်လည်း ယခုချိန်ထိ နေအိမ် သို့မရောက်ရှိသောကြောင့် မိသားစုများစိုးရိမ်နေသည်။

အစိုးရစစ်တပ်များမှ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့်ပတ်သက်ဆက်နွယ်သူများအဖြစ် မသင်္ကာသူ ယိခူးကျေးရွာသား ၂၆ ဦးကို ဖမ်း ဆီးသွားခဲ့ရာ ရွာလူကြီး၏အာမခံချက်ကြောင့် ၂၅ ဦးကို အဆင့်ဆင့်လွတ်ပေးခဲ့သော်လည်း ဦးဂလောင်းဘောမ်ယော် နှင့်ပတ်သက် ၍ တစ်စုံ တစ်ရာ သတင်းအစအန မရရှိသေးကြောင်း ဇနီးဖြစ်သူ ဒေါ်ဖောင်ရယ်ခေါန်ဖန် (Hpaure Hkawn Hpang) ပြောသည်။

“သူနဲ့ပတ်သက်ပြီး ခုဘာသတင်းမှမကြားရတော့ဘူး။ သူ့ကို ဇူလိုင်လ ၃ ရက်နေ့ လွတ်လိုက်ပြီလို့တော့ကြားတယ်။ အဲဒါကြောင့် ဒီကလူကြီး တွေသွားမေးတော့လည်း လွတ်လိုက်ပြီလို့ပဲပြောတယ်တဲ့။ ဒါပေမဲ့ လူလည်း ပေါ်မလာဘူး ဘာတွေဖြစ်နေတယ်ဆိုတာလည်း ဘာမှထပ် မကြားဘူး။ သူတို့ (အစိုးရစစ်တပ်တွေ) ကျမတို့ကို လွတ်ပြီလို့ညာပြောပြီး သတ်လိုက်ပြီလို့ပဲထင်တယ်။ ကျမရဲ့ ယောင်္ကျား သေသွား တယ်ဆို ရင်လည်း သေသွားကြောင်း သိချင်တယ်။ သူတို့သတ်လိုက်ရင်လည်း အလောင်းကို တော့တွေ့ချင်တယ်” ဟု ဇနီးဖြစ်သူ ပြောသည်။

ဇူလိုင် ၁ ရက်နေ့မနက် ပန်ဆိုင်းတိုက်နယ် ယိခူး( Yi Hku) ရွာအနီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၃၆ နှင့် ရှမ်းပြည်အခြေ စိုက် အစိုးရစစ်တပ် ခမရ ၁၀၉၊ ၁၂၃ နှင့် ခလရ ၄၅ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရစစ်သားများမှ အနီးရှိယိခူးရွာမှ အမျိုးသား၂၆ ဦးကို ပန်ဆိုင်း ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံများပြောသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ချိန် ယိခူးကျေးရွာမှ ရွာလူကြီးများက လိုက်လံအာမခံပေးသောကြောင့် ၂၃ ဦး ကို ထိုနေ့ညချင်းလွတ်ပေး ခဲ့ရာ ဦးဂလောင်းဘောမ်ယော်အပါအ၀င် တရုတ်အမျိုးသား ဦးဂျောင်ဖာယိန်း (Jau Fa Ying) နှင့် ဦးဂျောင်ဖာနင်း (Jau Fa Ning)တို့ ၃ ဦး ကိုမူ ပန်ဆိုင်းမြို့ရှိ သစ်ခွအမည်ရှိ အစိုးရစစ်တပ်စခန်း သို့ ခေါ်ဆောင်သွားခဲ့သည်။

စခန်းတွင် စစ်ဆေးခဲ့စဉ် အစိုးရစစ်သားများက မျက်နှာတွင်ပိတ်စဖြင့်ချီထားပေးကာ KIA နှင့် အဆက်အသွယ်ရှိမရှိ မေးမြန်းခဲ့ပြီး ၄င်းတို့ငြင်း ဆိုခဲ့ရာတွင် ဓါးကိုမီးရှို့ပြီး ဗိုက်တွင်တို့ပေးခြင်း၊ ဆေးလိပ်မီးဖြင့် တို့ပေးခြင်း၊ ဖယောင်းတိုင်မီး တို့ပေးခြင်းစသည့် နှိပ်စက်မှု အမျိုး မျိုး ပြု လုပ်ခဲ့ကြောင်း လွတ်လာခဲ့သည့် တရုတ်အမျိုးသားနှစ်ဦး ပြောပြချက်အရသိရသည်။

ထိုသို့ နိပ်စက်မေးမြန်းမှုအမျိုးမျိုးလုပ်ပြီးမှ တရုတ်အမျိုးသား ၂ ဦးကို ကချင်မဟုတ်ကြောင်းသိလျင် ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လွတ် ပေး ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး KNG ကချင်သတင်းဌာသို့ပြောသည်။

“သူတို့နှစ်ယောက်ကိုတော့ ပြန်လွတ်လိုက်တယ်။ ဒဏ်ရာတွေနဲ့ရောက်လာတယ်။ ရောက်လာတဲ့ ည မှာတော့ ဖြစ်နိုင်သလောက် ဆေးတွေ ထည့်ပေးတယ်။ နောက်မနက်တော့ ပန်ဆိုင်း ဆေးရုံကိုခေါ်သွားပြီး ဆေးကုပေးတယ်။ အခုတော့ ကောင်းသွားပြီ ဒါပေမဲ့ ဦးဂျောင်ဖာနင်းက အတွင်းကြေဖြစ်သွားတယ်ထင်တယ်။ ကိုယ်တွေကိုက်ခဲတယ်လို့ပြောတယ် ဆေးရုံမှာ ဓါတ်မှန် ပြန်သွားရိုက်တော့ အရိုးတွေနည်းနည်းအက် သွားတယ်တဲ့” ဟု အထက်ပါ ဒေသခံကပြောသည်။

၎င်းတို့ ၃ ဦးသည် KIA စစ်သားမဟုတ်ကြောင်း အာမခံ၍ လွတ်ပေးရန်တောင်းဆိုခဲ့သော ရွာလူကြီးကိုလည်း ပြန်လည်ဖမ်းဆီးပြီး ခေါင်း တွင် ရိုက်နှက် ခဲ့သော ကြောင့် ပန်ဆိုင်းဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သေးသည်။

ယခုနောက်ဆုံးလွှတ်ပေးခဲ့သော ဦးဂလောင်းဘောမ်ယော်သည် ပျောက်ဆုံးနေဆဲဖြစ်ပြီး ကျိုးကုတ်ပန်ဆိုင်းနှင့် ရွာတိုင်းတွေ လိုက်လံ စုံ စမ်း နေဆဲ ဖြစ်သော်လည်း သတင်းမရရှိသေးကြောင်း ဒေသခံများပြောသည်။

ယိခူးကျေးရွာတွင် တရုတ်၊ လီဆူး၊ ကချင် လူမျိုးများ စုပေါင်းနေထိုင်ပြီး ယခုချိန် ၎င်းတို့ရွာအနီး တိုက်ပွဲများဆက်လက်ဖြစ်ပွားမှုကြောင့် ပန် ဆိုင်း(ကြူကုတ်) ခရစ်ယာန်အသင်းတော်ရှိ ဒုက္ခသည်စခန်းတွင် ၂၄၁ ဦးထွက်ပြေးခိုလှုံလာကြသည်။

ယခုချိန် ၄င်းတို့စားဝတ်နေရေးအတွက် မေတ္တာ ဖောင်ဒေးရှင်း၊ ရှမ်းပြည်ကချင်လူငယ်အဖွဲ့များ၊ ပန်ဆိုင်းမြို့ရှိ ဌာနဆိုင်ရာအဖွဲ့အစည်း များ ကူ ညီထောက်ပံ့ပေးနေပြီး ဆေးဝါး၊ အာဟာရများ အကူအညီလိုအပ်နေကြောင်းဟု စခန်းမှတာဝန်ရှိသူ ဆရာမ ခေါ်န်ဂျာ (Saranum Hkawn Ja) ပြောသည်။

No comments: