Wednesday, July 18, 2012

KIA တပ်မဟာ(၄) နယ်မြေတွင်း အစိုးရတပ်ပေါင်းစုနှင့် တိုက်ပွဲဖြစ်

KNG

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄)အခြေစိုက် ရှမ်းပြည်မြောက်ပိုင်း နမ်ဆန်ဘွမ် မန်ဂျတ် (Man Jak)တွင် KIA တပ်ရင်း (၃၄) နှင့် မြန်မာအစိုးရတပ်ပေါင်းစုတို့ ယနေ့ နံနက် ၇ နာရီမှ ၉ နာရီအတွင်း ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မြန်မာအစိုးရတပ်ပေါင်းစု ခမရ (၅၂၁)၊ ခမရ (၅၁၂)၊ ခလရ (၁၁၄)၊ ခလရ (၁၁၆) စုပေါင်းအင်အား ၁၀၀ ကျော်သည် KIA တပ်ရင်း (၃၄) ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာအစိုးရတပ်မှ ၈ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရရှိကြောင်း KIA ဖက်မှပြောသည်။

KIA ဘက်မှ သေဆုံး ထိခိုက်ဒဏ်ရာမရှိကြောင်း KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

“အဲဒီမှာ KIA လည်းရှိတယ်။ အစိုးရတပ်တွေလည်းရှိတယ်။ လမ်းမှာတွေ့လို့ ပစ်ကြတာ။ သေဆုံးမှုမ ရှိတာက ကိုယ့်စွမ်းအားလို့ပြောရမှာပေါ့။ ဘု ရားသခင်လည်း ကျနော်တို့ကို ကာကွယ်ပေးတယ်။ ဘုရားကူညီလို့ဖြစ်တယ်” ဟု ပြောသည်။

ထို့အတူ ယနေ့ နံနက်ပိုင်းတွင် KIA ဘွမ်ဆောန်ဘွမ်တပ်စခန်းတွင်လည်း မြန်မာအစိုးရတပ်နှင့် KIA တပ်ဖွဲ့များ မိနစ် ၃၀ ကျော်ကြာ တိုက် ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုတွင် နှစ်ဖက်တပ်မှ သေဆုံးဒဏ်ရာရရှိမှုကို အတိအကျမသိရှိရသေးကြောင်း လိုင်ဇာအုပ်ချုပ်ရေးမှူး ဒူကဘား ဂရန် နော် အောန် ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုဒေသအနီး မန်မော (Man Mau)တွင် ဇူလိုင် ၁၅ ရက် နေ့က မြန်မာအစိုးရ တပ်မ (၉၉)နှင့် KIA တပ်မဟာ (၄) တို့ အချိန်တို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့သည်။

KIA တပ်များရှိရာ နေရာဒေသတိုင်းတွင် အစိုးရတပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒု-အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ပြောသည်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ KIO အား ငြိမ်းချမ်းရေးအတွက် ထပ်မံဆွေးနွေးရန် ဗန်းမော်နှင့် မူဆယ်တွင် ပြောဆိုခဲ့ရာ အစိုးရထိန်းချုပ်နယ်မြေတွင် တွေ့ဆုံမှုမလုပ်ကြောင်း ငြင်းဆိုခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ထိပ်ပိုင်းအရာရှိများနှင့် အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီများသည် ဆက် လက်၍ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်နေပြီး တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေဆဲဖြစ်သည်။

No comments: