Tuesday, February 9, 2010

တိုးချဲ့စီအီးစီနှင့် လာတော့မည့် စီစီ အသစ်


အင်အား တိုးချဲ့ ပြင်ဆင် ဖွဲ့စည်း လိုက်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စီအီးစီ (ဗဟို အလုပ် အမှုဆောင် ကော်မတီ) အသစ်နှင့် ပတ်သက်၍ ပြည်သူ လူထုကြားတွင် ဝေဖန်မှု မရှိ သကဲ့သို့ စိတ်ဝင်စား မှုလည်း သိပ်မရှိကြပါ။ သို့သော် အဖွဲ့ချုပ် အတွင်း လှုပ်ရှားနေ သူများ၊ အဖွဲ့ချုပ်နှင့် နီးစပ်သော ပတ်ဝန်းကျင် မှာတော့ အမျိုးမျိုး ပြောနေ သံများ ကြားရပါသည်။

“ဘာမှမထူးပါဘူး၊ အသစ်ပါလာတဲ့ သူတွေကလည်း အစက လုပ်နေကျ အလုပ်တွေပဲ လုပ်နေတာပဲ။ အရင်လူဟောင်းတွေကလည်း ဒီအခန်းထဲမှာထိုင်ပြီး ဒီအတိုင်းပါပဲ” ဟူသော ဝေဖန်ချက်မှာ မှန်သလောက် မှန်ပါသည်။

သို့သော် .. ပြင်ဆင်ဖွဲ့စည်းထားသော စီအီးစီ၏ ပထမဆုံးသော အစည်းအဝေးတွင် စီစီ (ဗဟိုဦးစီးအဖွဲ့) ကို ပြန်ဖွဲ့ရန် တိုင်းနှင့် ပြည်နယ် စည်းကော်မတီများထံမှ ၎င်းတို့ကို ကိုယ်စားပြုမည့်သူ (nominee) များ တောင်းတော့မည်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းမှာတော့ ၁၉၉၈ ခုနှစ်မှစ၍ တခါမှ မကြားဖူးသော အသံကို ကြားရခြင်း ဖြစ်၍၊ အဖွဲ့ချုပ်အတွင်း လှုပ်လှုပ်ရှားရှား ဖြစ်လာရပါသည်။ ထိုအစည်းအဝေးတွင်ပင် စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူရန်ရှိသည့် ကိစ္စများကို စည်းရုံးရေးနည်းအရ ဖြေရှင်းရန် ဆွေးနွေးကြသည်ဟု ကြားရပြန်သောအခါ၊ စီအီးစီ၏ ယခင်က လုပ်ဟန်များ ပြောင်းလာသလိုလို ထင်ရပါသည်။

စီအီးစီ-စီစီ မည်သို့ပင် ဖွဲ့စည်းပါစေ အမှန်တကယ် အရေးကြီးသော ဆုံးဖြတ်ချက်ကိုတော့ ချမှတ်နိုင်ဦးမည် မဟုတ်သေးပါ။ အဖွဲ့ချုပ် မည်သို့ဆက်လက်ရပ်တည်မည်၊ မည်သည့်ပုံစံဖြင့် ဆက်လက်လှုပ်ရှားမည် ဆိုသည်တို့မှာ၊ နအဖက ယခုနှစ်အတွင်း ပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲတွင် ဝင်မဝင် ဆိုသည်နှင့် ဆက်စပ်နေပါသည်။ အဖွဲ့ချုပ်က စွဲကိုင်ထားသော ရွှေဂုံတိုင်ကြေညာစာတမ်းအရလည်း ပါတီမှတ်ပုံတင်ဥပဒေ၊ ရွေးကောက်ပွဲဥပဒေများ မထွက်သေးဘဲ၊ ထွက်သည့်တိုင်အောင်လည်း တွေ့ဆုံဆွေးနွေးပွဲ မဖြစ်ဘဲ၊ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို မပြင်ဘဲ၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်မပေးဘဲ၊ ဝင်ရန် ဆုံးဖြတ်ရေး မဖြစ်နိုင်သေးပါ။

အဖွဲ့ချုပ် အဖွဲ့ဝင်အများစုက ရွှေဂုံတိုင်မူကို ယုံကြည်ထောက်ခံပါသည်ဟု ဆိုနေကြသော်လည်း၊ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ဆုံးဖြတ်ချက်ချရန် အချိန်ကျနေပြီဟု ယူဆနေကြသည်။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အဖွဲ့ချုပ်ကို ထောက်ခံနေသူ အားလုံးလိုလိုကလည်း ဆုံးဖြတ်ချက် မြန်မြန်ကျပြီး မဝင်ဖြစ်ပါက မည်သို့ဖြစ်လာမည်၊ မည်သို့လုပ်ရမည်ဟုသော်လည်းကောင်း၊ ဝင်ဖြစ်ပါက မည်သည့်ရည်ရွယ်ချက်နှင့် မည်သည့်အဆင့်များတွင် မည်သို့ဝင်ကြမှာလဲဟူသော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရတော့မည်ဟု ပြောဆိုသံများကို ကြားနေရပါပြီ။

မှန်လည်း မှန်ပါသည်။ တွေ့ဆုံဆွေးနွေးရေး ဆိုသည်မှာကလည်း အစအနပင်မမြင်၊ ဖွဲ့စည်းပုံကို မည်သို့မှ မပြင်ဟု အထပ်ထပ် ဆိုနေသည့်အခါတွင်၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးပြီး၊ ရွေးကောက်ပွဲဝင်ခွင့် ပြုလျှင်သော်မှ ဝင်ရန် ဆုံးဖြတ်ရေး အလွန်ခက်ပါလိမ့်မည်။

ယခုလို အချိန်မျိုးတွင် အဖွဲ့ချုပ် စီအီးစီကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ စီစီအသစ် ပြန်လည်ဖွဲ့စည်းခြင်းတို့သည် မည်သူတွေ မည်ရွေ့မည်မျှ ပါဝင်သည် ဆိုသည်ထက်၊ မည်သို့သော ဆုံးဖြတ်များကို ချမှတ်ပြီး၊ မည်သည့်အရာများကို မည်သို့မည်ပုံ ပြုလုပ်ရန် ဖွဲ့စည်းခြင်း ဖြစ်သည်ဟူသော တိကျသည့် ဦးတည်ချက်ရှိရန် လိုအပ်နေပါသည်။



No comments: