Thursday, February 11, 2010
ဆရာ …. နှစ်ယောက် ….
(က)
ဦးဘခင် ၉ တန်းအောင်မြင်ပြီးသည့်နောက်….ဆရာဖြစ်သင်ကျောင်းသို့ တက်၏။ ဆရာဖြစ်သင်တန်း ပြီးသည့်အခါတွင်မူ…ဦးဘခင် ကျောင်းဆရာအဖြစ်နှင့် ခရိုင်မြို့လေးတမြို့တွင် တာဝန်ထမ်းဆောင်ရ၏။
ဆရာဦးဘခင်….။ ဆရာဦးဘခင် ကျောင်းဆရာအဖြစ်နှင့် ကြာ…ကြာ မထမ်းဆောင်လိုက်ရ…။ ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ရိပ်စစ်ငွေ့များက အာရှသို့ ကူးစက်၍လာလေပြီ။ နေမျိုးနွယ်နီပွန်တို့က ပုလဲဆိပ်ကမ်းအား လေကြောင်းမှ ထိုးစစ်ဆင်ပြီး မဟာမိတ်တို့အား စစ်ကြေညာလိုက်၏။ အီတလီ၊ ဂျာမဏီ၊ ဂျပန်တို့က တဖက်…။ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့က တဖက်နှင့် ဒုတိယကမ္ဘာစစ်မီးကြီးက လျှံလျှံညီးညီး တောက်လောင်၍ နေတော့၏။ နီပွန်တပ်များက ဘီအိုင်အေ တပ်များနှင့်အတူ ယိုးဒယားနိုင်ငံမှတဆင့် မြန်မာပြည်အတွင်းသို့ ချီတက်လာ၏။ မြန်မာပြည်သည်လည်း ဒုတိယကမ္ဘာစစ်အတွင်း စစ်တလင်းတခုအဖြစ်နှင့် သက်ရောက်ခဲ့ရသည်။
စစ်ကြောင့် ကျောင်းများအားလုံး ပိတ်လိုက်ရသည်။ ကျောင်းဆရာသက်… တနှစ်မပြည့်ခင်မှာပင် ဦးဘခင်၏ ကျောင်းလေးသည်လည်း ပိတ်လိုက်ရပြီး၊ ဆရာဦးဘခင်လည်း ဆရာဘဝမှ အငြိမ်းစားလိုက်ရ၏။
ကျောင်းများ ပိတ်လိုက်သည့်အတွက် ဆရာဦးဘခင်သူ၏ ဇာတိရွာလေးဆီသို့ ပြန်၏။ မိဘများနှင့် အတူပြန်၍နေသည်။ စစ်ကြောင့် အငြိမ်းစားလိုက်ရသည့် ကျောင်းဆရာလူထွက် ဦးဘခင်သည် ရွာသို့ ပြန်ရောက်ပြီးသည့်နောက် ….အသားမကျ…။ မိဘများ၏ လက်ငုတ်လက်ရင်း အလုပ်အကိုင်ဖြစ်သည့် လယ်ယာကိုင်းကျွန်း လုပ်ငန်းတွင်လည်း မကူညီတတ်..။ မလုပ်တတ်ဖြစ်၍နေသည်။ နောက်ဆုံးတွင်မူ … ရွာရှိ ကျောင်းထိုင်ဆရာတော်နှင့် တိုင်ပင်၍ စစ်ကြောင့် ကျောင်းမနေနိုင်သည့် ရွာမှ ကလေးများအား စာသင်ပေးရန် ဆရာဦးဘခင် စီစဉ်လေသည်။ ရွာရှိဘုန်းတော်ကြီးကျောင်း၏ ဆွမ်းစားဆောင်က ဆရာဦးဘခင်၏ စာသင်ဆောင်အဖြစ်သို့ ရောက်ရှိသွား၏။
ဆွမ်းစားဆောင်က ဘုန်းကြီးများ ဆွမ်းစားချိန်တွင်မူ ဆွမ်းစားဆောင်ဖြစ်၍ ….. ကျန်အချိန်များတွင်မူ ဆရာဦးဘခင်၏ စစ်အတွင်း အလွတ်စာသင်ကျောင်းအဖြစ်နှင့် ….။ ဤကျောင်းလေးတွင်ကား…. ဆရာဦးဘခင်သည် သူသည်ပင်… ပညာဝန်၊ သူသည်ပင်…. ပညာအုပ်၊ သူသည်ပင် …ကျောင်းအုပ်ကြီး၊ သူသည်ပင်…. ကျောင်းဆရာ၊ သူသည်ပင်…. ကျောင်းစာရေး… ဖြစ်၍နေ၏။ ဤသို့နှင့်… စစ်အတွင်း၌လည်း ဆရာဦးဘခင်သည် ကျောင်းဆရာတဦး ဖြစ်၍နေခဲ့၏။
(ခ)
စစ်ကြီးပြီး၍ ….ဆင်းမလားရောက် အုပ်ချုပ်ရေးအဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ၏။ ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် Cas–B အုပ်ချုပ်ရေးအား မြန်မာပြည်တွင် ချ၏။ Cas–B အုပ်ချုပ်ရေးကာလတွင် ကျောင်းများအား ပြန်ဖွင့်၏။ ဆရာဦးဘခင်က ယခင်စစ်မဖြစ်မီ တာဝန်ထမ်းဆောင်ခဲ့သည့် ခရိုင်မြို့လေးမှ အလယ်တန်းကျောင်းတွင်ပင် ပြန်၍ အလုပ်ဝင်ရ၏။ အလယ်တန်းပြ ကျောင်းဆရာတဦးအဖြစ်နှင့်…၊ သတ္တမတန်းတွင် ဂဏန်းသင်္ချာဘာသာရပ်အား သင်ပြ၏။
လွတ်လပ်ရေးရရှိခဲ့၏။
လွတ်လပ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်တွင်လည်း ဆရာဦးဘခင်သည် ထိုကျောင်းလေးတွင်ပင် ကျောင်းဆရာအဖြစ်နှင့်ပင်…။
ပြည်တွင်းစစ်ကြီးအတွင်း ဆရာဦးဘခင်တို့၏ ကျောင်းလေးသည် ဖွင့်ချည်၊ပိတ်ချည်နှင့်…။ ဗိုလ်လင်းထင်၏ တပ်များက မြို့အား သိမ်းပိုက်ထားလျှင် …ဆရာဦးဘခင်တို့၏ ကျောင်းက ပိတ်ထားရ၏။ ကျောင်းပိတ်လျှင် …. ဆရာဦးဘခင်က မိသားစုရှိရာ တိုက်နယ်မြို့လေးဆီသို့ ပြန်၏။ ကျောင်းပြန်ဖွင့်လျှင်မူ ခရိုင်မြို့ရှိ ကျောင်းစာသင်ခန်းအတွင်း မြေဖြူကိုင်၍ သင်ပြနေပြန်သည်။
(ဂ)
မောင်ကိုကိုကြီးက ဆရာဦးဘခင်နှင့် ဆွေမျိုးမကင်း…၊ စပ်လျှင်မူ ‘တူ’ တော်ပေလိမ့်မည်။ မောင်ကိုကိုကြီး ၇ တန်းသို့ တက်သည့်နှစ်တွင် ဆရာဦးဘခင်တို့၏ ကျောင်းသို့ ပြောင်းလာပြီး ဆရာဦးဘခင်နှင့်ပင် အတူနေ၍ ကျောင်းတက်၏။ ဆရာဦးဘခင်၏ အတန်းတွင်ပင် တက်ရ၏။ ဤအတွက် … မောင်ကိုကိုကြီးက ဆရာဦးဘခင်၏ တူသားနောင်မယ် တပည့်တဦးဟု ဆိုရမည်။ မောင်ကိုကိုကြီးက အင်္ဂလိပ်စာတွင်လည်း ညံ့၏။ သင်္ချာဘာသာတွင်လည်း မတော်…။ မြန်မာစာ၊ သမိုင်း၊ သိပ္ပံဘာသာတို့တွင်က သင့်ရုံ…။ ထိုစဉ်က … ၇ တန်းသည်…. အစိုးရစစ်စာမေးပွဲ ဖြစ်သည်။ ၇ တန်းအောင်လျှင် … စာရေးစာချီလုပ်၍ ရသည်။ မူလတန်းပြ ကျောင်းဆရာလုပ်၍ ရသည်။
သင်္ချာနှင့် အင်္ဂလိပ်စာတွင် ညံ့သည့် မောင်ကိုကိုကြီးအား ဆရာဦးဘခင်သည် အတူနေသည့်အတွက် အိမ်ပြန်ရောက်သည့် အချိန်များတွင်လည်း ဖိ၍သင်ပေး၏။ ကြပ်ကြပ်မတ်မတ်နှင့် ကျောင်းစာအပေါ် အာရုံစိုက်ရန် သွန်သင်၏။ မထူး…။ မောင်ကိုကိုကြီးက အင်္ဂလိပ်စာနှင့် သင်္ချာတွင် ညံ့မြဲ…ညံ့လျက်ပင်…။ တက်မလာ…။ ဆရာဦးဘခင်က မောင်ကိုကိုကြီးအား ဤနှစ် ၇ တန်းစာမေးပွဲအား ဝင်ဖြေလျှင်လည်း အောင်လိမ့်မည်မဟုတ်ဟု ထင်မှတ်ထားလိုက်၏။ သို့သော်…။
မောင်ကိုကိုကြီး ၇ တန်းစာမေးပွဲ အောင်မြင်သွားခဲ့၏။
မောင်မောင်ကိုကိုကြီး တယောက်တည်းထူး၍ အောင်မြင်ခြင်းကမဟုတ် …. ထိုနှစ်က ၇ တန်းစာမေးပွဲအား ဝင်ရောက်၍ ဖြေဆိုကြသည့် မြန်မာနိုင်ငံတဝှမ်းလုံးရှိ၊ ၇ တန်းကျောင်းသားများအားလုံး အောင်ကြ၏။ ရန်ကုန်မြို့ရှိ ‘ဟယ်ရီတန်’ အမည်ရှိ ၇ တန်းကျောင်းသားကမူ …. ကွန်လွန်ခဲ့၍သူ ၇ တန်း စာမေးပွဲ အောင်မြင်သည်ကို မသိနိုင်ခဲ့….။
၁၉၅၆ ခုနှစ်….။
မောင်ကိုကိုကြီး ‘ဟယ်ရီတန်’ အရေးနှင့် ၁၉၅၆ ခုနှစ်တွင် ၇ တန်းစာမေးပွဲ အောင်မြင်ခဲ့၏။
(ဃ)
၇ တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီးသည့်နောက်… မောင်ကိုကိုကြီး ဆရာဖြစ်သင်ကျောင်းသို့တက်၍ ဆရာဦးဘခင်ကဲ့သို့ပင် ကျောင်းဆရာ ဝင်လုပ်၏။ မူလတန်းပြ ကျောင်းဆရာအဖြစ်နှင့် နယ်မြို့လေးတမြို့တွင် မောင်ကိုကိုကြီး တာဝန်ကျ၏။
ဆရာကိုကိုကြီး….။
ဆရာဦးဘခင် … သူ့တပည့်ဆရာ ကိုကိုကြီးနှင့် ကွဲသွားခဲ့ကြ၏။ မဆုံဖြစ်ကြတော့…။
ဗိုလ်ချုပ်ကြီးနေဝင်းမှ နိုင်ငံတော်အာဏာ သိမ်းယူခဲ့ပြီး၊ တော်လှန်ရေးကောင်စီခေတ်တွင် ဆရာဦးဘခင်… ဆရာကိုကိုကြီးရှိရာ နယ်မြို့လေး၏ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့၍ တာဝန်ထမ်းဆောင်ရ၏။ ထိုစဉ်က …. ဆရာကိုကိုကြီးသည် အလယ်တန်းပြ ကျောင်းဆရာတဦး ဖြစ်၍ နေလေပြီ။ သူငယ်စဉ် ကျောင်းသားဘဝက ညံ့ခဲ့သည့် အင်္ဂလိပ်စာဘာသာရပ်အား ပဉ္စမတန်းတွင် သင်ပြနေ၏။ ထိုခေတ်ပညာရေးက … အင်္ဂလိပ်စာ ဘာသာအား ပဉ္စတန်းရောက်မှ စ၍သင်ကြားရသည်။ ဆရာကိုကိုကြီးသည် တော်လှန်ရေးကောင်စီခေတ် ပညာရေးတွင် ကျောင်းသားများအတွက် အင်္ဂလိပ်စာဘာသာ၏ လက်ဦးဆရာ….။
တော်လှန်ရေးကောင်စီသည် ပုဂ္ဂလိကပိုင်လုပ်ငန်းများအား ပြည်သူပိုင်အဖြစ် သိမ်း၏။ ပြည်သူပိုင်သိမ်းခြင်းက .. အငယ်စား ကုန်စုံဆိုင်ကလေးများပင် မလွတ်…..။ အရင်းရှင်မှန်သမျှ ကျူငုတ်မကျန် နုတ်မည်ဟူ၍ သဘောထားလေသည်လားမသိ….။ အကုန်သိမ်းယူ၏။ နယ်မြို့လေး၏ ပြည်သူပိုင်သိမ်းရေးအဖွဲ့တွင် ဆရာကိုကိုကြီးအား ဆရာဦးဘခင် တွေ့နေရ၏။ အပေါ်အင်္ကျီပြာ မှိုင်းမှိုင်းနှင့် ဆရာကိုကိုကြီးသည် ပြည်သူပိုင်သိမ်းရေး အဖွဲ့တွင် တက်တက်ကြွကြွနှင့်…။
သီအိုရီမရှိ၊ သဘောတရားမဲ့၊ လုပ်ဟန်မှားယွင်းမှုများကြောင့် တော်လှန်ရေးကောင်စီ၏ ပြည်သူပိုင်ပြုရေး လုပ်ငန်းက … ဓားပြတိုက်သကဲ့သို့ ဖြစ်၍နေသည်။ ပြည်သူပိုင်သိမ်းရေး အဖွဲ့ဝင်များက … ဓားပြဂိုဏ်းသားများသဖွယ် မြင်နေ၊ တွေ့နေရ၏။
ဆရာဦးဘခင်…. ဆရာကိုကိုကြီးအားကြည့်ပြီး ပင့်သက်ချမိ၏။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအား အမြုတေပါတီအဖြစ် ဖွဲ့၏။ (မဆလ) ၏ အမြုတေကာလတွင် နိုင်ငံဝန်ထမ်းများအား (မဆလ) ပါတီသို့ အတင်းအကျပ် ဝင်ရောက်ကြရန် စီမံမှုများ မရှိသေး…။ အချို့ ဝင်ကြ၏။ အချို့က စောင့်ကြည့်နေဆဲ…။ အချို့က… ကင်းကင်းရှင်းရှင်း…။ အချို့က… ရွံရွံရှာရှာနှင့် ကျောခိုင်းထားကြသည်။
ဆရာကိုကိုကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အမြုတေကာလတွင်ပင် (မဆလ) ပါတီသို့ ဝင်၏။ မဆလ၏ အလံတော်အောက်တွင် ခိုလှုံနေခဲ့၏။ ဆရာဦးဘခင်က ဆရာကိုကိုကြီးအား ‘နာ’ သုံး‘နာ’ နှင့် ပြည့်စုံသည့် ကျောင်းဆရာတဦးသာ ဖြစ်စေချင်၏။ သို့သော်…. ဆရာကိုကိုကြီးက မဖြစ်…။ ဆရာဦးဘခင်က ဆရာကိုကိုကြီးအား ‘ပီတိကို စားစေချင်၏’ ။ သို့သော် ဆရာကိုကိုကြီးက ‘ပီတိ’ အား ရှာမတွေ့…။
ဆရာကိုကိုကြီးက ဆရာဦးဘခင်အား မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအတွင်းသို့ ဝင်စေချင်၏။ သို့သော် ဆရာဦးဘခင်က မဝင်…။ ပီတိနှင့် ပျော်မွှေ့၍နေ၏။
(င)
၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်အား အတည်ပြု၏။ (မဆလ) အား အမြုတေပါတီအဖြစ်မှ ပြည်သူ့ပါတီဟူ၍ ဝိဂြိုဟ်ပြုလိုက်ကြ၏။ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းထံသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အာဏာလွှဲအပ်၏။
ဗိုလ်ချုပ်ကြီးနေဝင်းသည် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း ဖြစ်လာ၏။
နယ်မြို့လေး၏ မြို့နယ်ပါတီယူနစ်တွင်လည်း ဆရာဦးကိုကိုကြီးသည် ကလပ်စီးခေါင်းဆောင်မှ ပါတီစိတ်မှူး ဖြစ်၍လာခဲ့၏။ ဆရာကိုကိုကြီးက ကျောင်းစာသင်္ခန်းထက် ပါတီယူနစ်တွင်ပင် အချိန်ပို၍ ပေးနေတော့၏။ ဆရာကိုကိုကြီး၏ စာသင်ချိန်များတွင် ဆရာကိုကိုကြီး၏ အတန်းသည် အမြဲလိုလိုပင် လွတ်၍နေသည်။ တရက်မဟုတ်….။ တပတ်မဟုတ်…။ တလမဟုတ်….။
စာမေးပွဲများနီးလျှင်မူ…. ဆရာကိုကိုကြီးသည် စာသင်ခန်းသို့ တက်သုတ်ရိုက်ပြန်လာပြီး…. သူထုတ်ထားသည့် မေးခွန်းလွှာတွင် ပါရှိမည့် အကြောင်းအရာတို့အား သင်ပြလေသည်။ ဆရာကိုကိုကြီးက ကျောင်းသားများအား စာတတ်အောင်သင်သည့် ဆရာမဟုတ်ဘဲ စာမေးပွဲအောင်ရန် မေးခွန်းသင်သည့် ဆရာကဲ့သို့ ဖြစ်နေ၏။
ဆရာကိုကိုကြီးသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဒုတိယအကြိမ် ပါတီညီလာခံ သက်တမ်းတွင်မူ ….. စာသင်ခန်းအား အပြီးအပိုင် ကျောခိုင်းခဲ့ပြီး ပါတီယူနစ်တွင်ပင် လမ်းစဉ်လူငယ် ဥက္ကဋ္ဌအဖြစ်နှင့် အချိန်ပြည့် ပြောင်းရွှေ့သွားတော့၏။ ထိုနှစ်မှစ၍… ပါတီယူနစ်ခေါင်းဆောင်များ၊ အာဏာပိုင်အဖွဲ့အစည်း ၃ ရပ်မှ ခေါင်းဆောင်များအား နိုင်ငံရေးခံစားခွင့်များ စတင်၍ပေး၏။ ပြန်တမ်းဝင်အရာရှိများ၏ လစာနှုန်းထားများအတိုင်း ပေးခြင်းဖြစ်၏။ ထိုနှစ်တွင်ပင် …ဆရာဦးဘခင်သည်လည်း အသက် ၆ဝ ပြည့်၍ ပညာရေးဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့၏။ ဆရာ ၂ ဦးလုံးက တနှစ်တည်းတွင်ပင် စာသင်ခန်းအား စွန့်ခွာခဲ့ကြ၏။
(စ)
ဆရာဦးဘခင်က သူ၏ပင်စင်လစာအား ၂ လ တကြိမ်၊ ၃ လ တကြိမ် ပေါင်း၍ထုတ်၏။ နှစ်ပေါင်း ၄ဝ ကျော် နိုင်ငံ့တာဝန်အား ပညာရေးကဏ္ဍတွင် ထမ်းဆောင်ခဲ့သည့် ဆရာဦးဘခင်၏ ပင်စင်လစာက … ငစိန်ဆန် ၈ ပြည်ဖိုးမျှပင် ရ၏။ ဆရာဦးဘခင် ပင်စင်လစာထုတ်ရန် သွားသည့်အကြိမ်တိုင်း…. မြို့နယ်ပါတီယူနစ်ရုံး အရှေ့လမ်းမှ ဖြတ်၍သွားရ၏။ မြို့နယ်ပါတီရုံးအတွင်း တခါတရံ ဆရာကိုကိုကြီးအား ဆရာဦးဘခင်မြင်၏။ ဝဖြိုးသော ခန္ဓာ……. စူဖြိုးသော ဝမ်းနှင့် တက်ထရက်တိုက်ပုံအား ဝတ်ဆင်ထားသည့် ဆရာကိုကိုကြီးက …. လွန်ခဲ့သည့် ၁၉၅၆ ခုနှစ်က ၇ တန်းကျောင်းသား မောင်ကိုကိုကြီး၏ ရုပ်သွင်နှင့်မူ လုံးလုံးကွဲပြား၍ နေလေပြီဟု ဆရာဦးဘခင် တွေးမိ၏။
မြို့နယ်ပါတီယူနစ်ရုံးသို့ ဦးတိုက်ရာလမ်း၏ ဝဲယာတွင်က…. ကျယ်ဝန်းသော ခြံဝန်း၊ ခေတ်မီလှပသည့် တိုက်ပုပုလေးများနှင့် စီစီရီရီ….။ ထိုဝင်းနှင့် ထိုအိမ်တို့ကား …. မြို့နယ်ပါတီယူနစ် ကော်မတီဝင် ခေါင်းဆောင်များ၏ နေအိမ်များ ဖြစ်၏။ မြို့နယ်လေး၏ AD လမ်း…။ ထိုအိမ်ဝင်းများအတွင်း၌ ဆရာကိုကိုကြီး၏ အိမ်လည်း ပါရှိ၏။
ဆရာဦးဘခင် ပင်စင်လစာထုတ်ရန် သွားသည့်အခါတိုင်း ထိုလမ်းမှပင် သွားရ၏။ ဆရာကိုကိုကြီး၏ အိမ်ခြံဝင်းအရှေ့မှ ဖြတ်၍သွားရမြဲ…။ တပည့်တဦးလည်းဖြစ်… တူသားတယောက်လည်း တော်စပ်သည့် မောင်ကိုကိုကြီးအား တွေ့မြင်လေတိုင်း… ဆရာဦးဘခင် မုဒိတာ ပွားများကြည့်မိ၏။ သို့သော်….မရ….။
(အလယ်တန်း ကျောင်းသားဘဝမှ သင်ကြားခဲ့ရသည့် ဆရာများသို့…)
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment