Thursday, February 18, 2010

ဗိုလ်ချုပ်ကို သတိရပါ

ဘိုဘိုလန်းစင်

“ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ် မွေးနေ့ပါ” ဆိုသည့် ဘယ်သူရေးမှန်း မသိသော ကဗျာကို တတိယတန်းတွင် ကျက်ခဲ့ရ သော်လည်း ထိုနေ့သည် ကလေးများနေ့ဟု ထူးတထွေ ကျင်းပသည်ကို ငယ်စဉ် တောင်ကျေးက ဘာမှ မတွေ့ခဲ့ဘူး၊ မကြားဘူးခဲ့ရိုး အမှန်ပါ။

အရာရာတွင် အကြီးအမှူးကို ဦးညွှတ်ရသည့် လူကြီးဝါဒ တိုင်းပြည်တွင် ကလေးများ၊ မိန်းမများ၊ တိုင်းရင်းသားများ နိုင်ငံခြားသား စသည့် ဝေါဟာရများမှာ အလုပ်သမား၊ လယ်သမားနှင့် တပ်မတော် စသည့် ဆိုရှယ်လစ် ဒီမိုကရေစီ၏ အဓိက မဏ္ဍိုင် များလောက် ဂုဏ်မမြောက် သလို အောက်မေ့ ခဲ့မိသည်။

ကလေးတွေကို ဗိုလ်ချုပ်လို အာဇာနည် သူရဲကောင်းတွေကို အားကျ တတ်စေရန် ထိုနေ့ကို ကလေးများနေ့ဟု ရွေးချယ် ခဲ့သော်လည်း အာဇာနည် ဆိုလျှင် ဒုက္ခနိဂုံးနှင့်သာ အဆုံးသတ်သည့် တိုင်းပြည် ကြမ္မာက ကလေးတွေကို အကြောက်တရား ရိုက်သွင်းပေးနေ သလို ရှိလှသည်။

သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း သုံးမည်ရ ပုဂ္ဂိုလ်ကြီးကို မျိုးဆက်သစ်တွေ မေ့ကုန်ပြီဟု နိုင်ငံရေး စိတ်သန်သူများက မချင့်မရဲ ဖြစ်တတ်ကြသည်။ အမှန်တော့ ဗိုလ်ချုပ်ကို မေ့ကြသည်မှာ ယခုကာလမှ မဟုတ်၊ လွတ်လပ်ရေးရစ နိုင်ငံရေးခေတ် ကတည်းကဟု ဆိုရလိမ့်မည်။

ဗိုလ်ချုပ် … ဗိုလ်ချုပ် … ဒေါ်စု … ဒေါ်စု ... ဆိုသည့် အသံတွေကို ကြားရတိုင်း ၁၉၆၀ ကျော် ရှုမဝ မဂ္ဂဇင်းဟောင်း တအုပ်ထဲက သခင်ဘသောင်း လက်ရာ တပိုင်းပြဇာတ်ကလေးတပုဒ်ကို သတိရမိပြီး ပြုံးရတတ်သည်။ စားပွဲပေါ်တွင် “ဗိုလ်ချုပ်ကို သတိရပါ” ဆိုသည့် စာကိုတွေ့ပြီး လုပ်ကြံခံရမှာစိုး၍ အကြောက်လွန်သွားသည့် ဝန်ကြီးတယောက် အကြောင်း ဖြစ်ပါသည်။

တို့ဗမာအစည်းအရုံးကို တည်ထောင်ခဲ့သဖြင့် သခင်တို့ကို ဖန်ဆင်းသည့် ဘုရားသခင်ဟု ဆရာကြီးမှိုင်းက ကျီစယ်ခဲ့သည့် သခင်ဘသောင်းမှာ လက်ယာအစွန်းရောက် အမျိုးသားရေးဝါဒီပီပီ နု၊ အောင်ဆန်း၊ စိုး၊ သန်းထွန်းစသည့် နဂါးနီ စာပေကလပ်၏ ပင်မ ဝိုင်းတော်သားများနှင့် တယ်ပြီး အလွမ်းမသင့်လှပါ။ ထို့ကြောင့် တိုင်းပြည်ဖခင် အာဇာနည် အဖြစ် ဖဆပလ၊ ပထစ စသည့် နိုင်ငံရေး သမားများနှင့် စစ်တပ်ကပါ ပလ္လင်ဆောက်ကာ ဂုဏ်မြောက်ပြီး နိုင်ငံရေး အမြတ်ထုတ်ကြသည်ကို သရော်လိုဟန် ရှိပါသည်။

ထို့ကြောင့် ဗိုလ်ချုပ်က တိုင်းပြည်အတွက် ဘာတွေ ချန်ခဲ့ပြီး မြန်မာပြည်သူတွေက သူ့ကို ဘယ်လိုအမှတ်ရကြသလဲ ဆိုသည်ကို သူ အနှစ်တရာ မပြည့်ခင် ခုကတည်းက ဝေဖန်သော စိတ်ဖြင့် ကြိုစဉ်းစားသင့်လှသည်။ သို့မဟုတ်ပါက မြန်မာထုံးစံ ချစ်လျှင် အကျိုး မြတ်နိုးသဒ္ဓါဆိုသလို အလွန်အကျွံ ချစ်ပြနေကြသဖြင့် နတ်ကိုးကွယ်သည့်နှယ် မျက်စိမှိတ်ယုံကြည်မှုမျိုး ပေါ်လာသလို တဘက်တွင်လည်း စတာလင်ပုံစံ ယုတ္တိမဲ့ဝါဒဖြန့်မှုမျိုးကို အယုံအကြည်မဲ့ပြီး စိတ်ဝင်စားမှု ကုန်ခမ်းသွားသည့် အစွန်းက ရှိနေသည်။


(၂)


ဗိုလ်ချုပ်ထားခဲ့သည့် အမွေထဲတွင် အခိုင်မာဆုံး သက်သေက ပြည်ထောင်စုမြန်မာနိုင်ငံ (ဝါ) ဘားမား ဆိုသည့် တိုင်းပြည် ဖြစ်ပါသည်။ ထို့ပြင် ကျောင်းသားနှင့် စစ်ဗိုလ်ဆိုသည့် ကမ္ဘာမကြေ၊ ငါမကြေ နိုင်ငံရေးသမား နှစ်မျိုးကိုလည်း ထားရစ်ခဲ့ ပါသေးသည်။ ဗိုလ်ချုပ်သမီး စုစုခေါ် ဒေါ်အောင်ဆန်းစုကြည်မှာ တွမ်နှင့် ဂျယ်ရီရန်ပွဲကို ဝင်ဖျဉ်ရင်း (ဝါ) လှေကွဲကြီးကို ဆယ်ရင်းနစ်သည့် မေခလာ ဖြစ်နေတော့သည်။

မဏ္ဍလအုပ်ချုပ်ရေးခေါ် မင်းနေပြည်မှ ဝေးရာတွင် အာဏာစက် လျော့သွားတတ်သည့် ပဒေသရာဇ် တိုင်းပြည်တခုနှင့် နီးပါး ဝန်းကျင်က တောင်ပေါ် လူမျိုးစုတို့ကို စီးပွားရေးအမြတ်အတွက် အကြောင်းရှာ ကျွန်ပြုရာတွင် ဘားမားခေါ် အိန္ဒိယနှင့် ဗြိတိသျှ အင်ပါယာဝင် ဆန်နှင့်သစ် တင်ပို့ရာ ကိုလိုနီတခုပေါ်လာပါသည်။ ၎င်းကိုလည်း တိုက်ရိုက်အုပ်ချုပ်ရေး ကျင့်သုံးရာ ပြည်မနှင့် စော်ဘွားဒူးဝါး၊ တောင်အုပ်တို့မှတဆင့် အခွန်ကောက်စရာ နယ်ခြားဒေသဟု ခွဲခြားထားလိုက်ရာ နှစ် ၆၀ ကျော် ထိုအကွဲကြီးကို လပိုင်းအတွင်း ရအောင်စေ့စပ်ပြီး ပြည်ထောင်စု အုပ်ချုပ်ရေးကို ထူထောင်ရန် ငန်းသတ်ပေးခဲ့သူကို ပြည်ထောင်စု ဗိသုကာ ခေါ်သည်ထက် ပန္နက်ချသူဟုသာ သုံးစွဲသင့်ပါသည်။

အကြောင်းမတော့ ထိုဘလူးပရင့်ကောင်းသည့် ပြည်ထောင်စု တိုက်အိမ်ကြီးမှာ မဆောက်တတ်သည့် တောပန်းရံတို့ လက်ထဲဝယ် စစ်ဘားတိုက်ကြီး ဖြစ်သွားခဲ့ပါ၏။ သို့တစေ၊ အမျိုးသားရေး မာန်တက်နေကြသည့် စစ်ပြီးစ လက်နက်အလျှံအပယ်နှင့် လူမျိုး အစုံကို သူ့သြဇာ၊ စေတနာနှင့် စကားနည်း၊ ရန်စဲ လွတ်လပ်ရေးမြန်မြန်နှင့် အတူတူရကြအောင် စည်းရုံးသွားခဲ့သည့် ကျေးဇူးကား ကြီးပါသည်။

ဦးအောင်ဆန်း၏ နိုင်ငံရေးကဏ္ဍတွင် ၁၉၃၆ သပိတ်မှောက်ခေါင်းဆောင်၊ ကောလိပ်ကျောင်းထွက် ဒို့ဗမာ အစည်းအရုံး ခေါင်းဆောင် ဆိုသည့် ဂုဏ်ပုဒ်နှင့် ရဲဘော်သုံးကျိပ် ခေါင်းဆောင် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဆိုသည့် ဝိသေသနှစ်ခုက လက်လက်ပနေ၏။

ဥပဒေတွင်း တိုက်ပွဲနှင့် လက်နက်ကို အချိန်အခါအလိုက် အသုံးချခဲ့သော်လည်း သူ့ကို ဆက်ခံသည့် နိုင်ငံရေး မျိုးဆက်များ လက်ထက်တွင် ဤအင်အားစု နှစ်ခုမှာ ပတ်တုပ်မရအောင် အကွဲကြီးကွဲပြီး လွဲချက်ကနာလှပေသည်။ ပြည်တွင်းစစ်ဖြစ်စ တပ်မတော်မချဲ့ထွင် ရသေးခင်က စစ်ဘက်နှင့် အာဏာရနိုင်ငံရေးလောကမှာ တပူးတွဲတွဲ ရှိလှသော်လည်း နောက် ဆယ်နှစ် အတွင်းမှာပင် ထိုနိုင်ငံရေးသမား အများစု ထောင်ထဲရောက်သွားခဲ့သည်။

ဆဲဗင်းဂျူလိုင်ခေတ်မှစ၍ အဆက်ဆက်သော ကျောင်းသား မျိုးဆက်များမှာ တပ်မတော်၏ တိုင်းပြည်သစ်ကို အဖျက်အမှောင့် လုပ်မည့် နိုင်ငံရေး အလှေးအမွှားများအဖြစ် အငြိုးကြီးနှင့် ချေမှုန်းခံရလေသည်။ ကွန်မြူနစ်တစ္ဆေနှင့် တရုတ်နီခြောက်အိပ်မက်၊ ပြီးတော့ နယ်ချဲ့လက်သစ် အန္တရာယ်စသဖြင့် ခေါင်းတပ်စရာ အကြောင်းပြများက ကောင်းလှသည် မဟုတ်ပါလား။

ဖိနှိပ်သူရော အဖိနှိပ်ခံကပါ ဗိုလ်ချုပ်အမွေခံ မြန်မာပြည်ကို ကယ်တင်မည့် မျိုးချစ်များအဖြစ် ကိုယ့်ကိုယ်ကိုယ် ရှုမြင် သိဒ္ဓိတင်ကာ အပြန်အလှန် အခဲမကျေဘဲ လောင်စာရန်ငြိုး မီးဆက်ကာ ပျိုးကြတော့သည်။ တဖန် ၁၉၈၈ အရေးအခင်းတွင် တပ်မတော် ဖခင်ကြီး၏သား ဗိုလ်ချုပ်ကြီးများ၏ အဓမ္မ အင်အားသုံးဖိနှိပ်မှုကို ဖခင်ကြီးသမီးက ဝေဖန်ရှုတ်ချကာ လက်နက်မဲ့ ကျောင်းသား ပြည်သူများဘက်က ရပ်တည်သည့်အခါ အနှစ် လေးဆယ်ကြာ ဖန်တီးထားရသည့် “ဆိုရှယ်လစ် မုခ်ဦးဆီသို့ ချီနေသော အောင်ဆန်း တိုင်းပြည်” ဆိုသည့် ဝါဒဖြန့် ပူစီပေါင်းများ တဖောင်းဖောင်း ပေါက်ကွဲပြီး လူမျိုးရေးမုန်းတီးမှုပေါ် အခြေပြုသည့် စစ်ဝါဒီနိုင်ငံတော်ပုံရိပ်က မလှမပပေါ်လာခဲ့သည်။

စင်စစ် ဗိုလ်ချုပ်၏ ဆိုရှယ်လစ်လမ်းစဉ်ကို ချီတက်မည်ဟု ဖဆပလရော မဆလပါ ကြွေးကြော်ခဲ့သော်ငြား တဖွဲ့မှ အပြောနှင့်အလုပ် မညီလှပါ။ တတိယကမ္ဘာထုံးစံ မြန်မာအစိုးရအဆက်ဆက်မှာ ဒိုင်အာခီမှသည် နေပြည်တော်ခေတ်အထိ အကျင့်ပျက်ခြစား၊ ကိုယ်ကျိုးငဲ့ လူယုံမွေးသည့် ပဒေသရာဇ်ပုံစံမှ မထွက်နိုင်သေး။

ပြည်တွင်းစစ် အပြုတ်တိုက်ရေးဘက် မဲနေရသဖြင့် တိုင်းပြည် မဖွံ့ဖြိုးနိုင်ခြင်းအတွက် လူထုထောက်ခံမှု မလျော့စေရေးအလို့ငှာ ဗိုလ်ချုပ်လမ်းစဉ်ကို လိုက်နာနေပါသည်ဟု တွင်တွင်ကြီးပြောပေး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ပျဉ်းမနား လမ်း တနေရာတွင် ရိုက်ထားသောပုံကို ထုတ်ထုတ်ပြပေး ရသည်ကို မဆလခေတ်မီသူများ မှတ်မိပါလိမ့်မည်။

တခါတခါလည်း အနှစ် ၆၀ ကျော် နိုင်ငံရေးမတည်ငြိမ်မှုနှင့် နောက်ဆက်တွဲ လူမှုစီးပွား နိမ့်ကျမှုအစ ပယောဂအဖြစ် ဘယ်အခါမှ မညီခဲ့သော လက်ဝဲအုပ်စုများနှင့်တကွ တိုင်းပြည်ပြုလွှတ်တော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အတည်ပြုဖို့ လက်ညှိုး ထောင်တတ်သူပဲ လိုချင်တယ်ဆိုပြီး အသက် ၂၀ ကျော် စစ်ပြန် ရဲဘော် အမတ်ကလေးများ (အများစု တောခိုသွား) ကို ဆွဲသွင်းခဲ့သော ဗိုလ်ချုပ်ဟောင်း ဦးအောင်ဆန်းကိုပဲ အပြစ်ဆိုရမလား၊ သူနှင့်လက်တွဲလုပ်ဖို့ ဆန္ဒမရှိကြသည့် ကိုလိုနီ သခင်ကြီးများကို သံယောဇဉ်မပြတ်နိုင်သော စစ်မတိုင်ခင်က အာဏာရ ဘိလပ်ပြန် လက်ယာ ပညာတတ်နိုင်ငံရေးသမားများကိုပဲ လက်ညှိုးထိုးရမည်လား မသိတော့ပါ။

အနိုင်နိုင်ငံမှ သူနှင့်ခေတ်ပြိုင် ဆိုရှယ်လစ် ခေါင်းဆောင်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်ကြည့်ပြီး သူသာမကျဆုံးခဲ့ပါက ယခုလောက် ဂန္ထဝင် တွင်ပါ့မလားဟု သံသယ ပွားမိပြန်သေးသည်။ ဦးနုနှင့် ဗိုလ်ချုပ်ကြီးနေဝင်းမှာ သူ့လောက် အရည်အချင်းမရှိ ပေါ်ပြူလာ မဖြစ်ခဲ့သော်ငြား ဗိုလ်ချုပ်အောင်ဆန်း ဆိုလျှင်ကော စစ်အေးအရှိန်တက်ချိန် ဝဲ၊ ယာအင်အားကြီးများ ဝိုင်းဘေးတီးပေးကြသော ကွန်မြူနစ်နှင့် လူမျိုးစုလက်နက်ကိုင် လှုပ်ရှားမှုတွေ ပေါ်မလာအောင် နိုင်ငံရေးနည်းနှင့် တားဆီးနိုင်ပါမည်လား။

သူ့လိုပင် အမျိုးသားခေါင်းဆောင်ဖြစ်သော အင်ဒိုနီးရှားဖခင် ဆူကာနိုမှာ ကွန်မြူနစ်နှင့် စစ်တပ်ဆိုသည့် ဗာလီနှင့် သုကျိပ် တို့အကြား (တရုတ်နီနှင့် အမေရိကန်သြဇာခံ အင်အားစုများအလယ်) ဟန်ချက်ပျက်ပြီး နန်းကျခဲ့ရသည်။ စစ်ကြီးအတွင်းက နာမည်ကျော် ပြောက်ကျားခေါင်းဆောင် မာရှယ်တီးတိုး မရှိသည့်နောက် မြန်မာစစ်တပ်၏ စံနမူ ယူဂိုတို့ပြည် မည်သို့ ပြိုလဲ ခဲ့သည်ကို ဋီကာချဲ့စရာမလိုတော့။

အာရပ် ဆိုရှယ်လစ်ဝါဒီ နာဆာ၏ အီဂျစ်ပြည်တွင်လည်း ၁၉၆၇ က ထုတ်ထားသည့် အရေးပေါ်ဥပဒေကို ဆက်ကာ ဆက်ကာ သက်တမ်းတိုး နေဆဲ၊ သက်တော်ရှည် မူဘာရက်၏ ရွေးကောက်ခံ အာဏာရှင်စနစ်က သူ့သားလက် အာဏာလွှဲမသွားအောင် တိုက်ပွဲဝင်နေရဆဲ။

ဘက်မလိုက် ဆိုရှယ်လစ် ဗိုလ်ချုပ်ကြီးများသည် ရင့်ကျက်သော နိုင်ငံရေး ယဉ်ကျေးမှုဖော်ဆောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးတို့တွင် အမေရိကန်ဒေါ်လာတွေ ဖောဖောသုံးနိုင်သော ထိုင်း၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့က အာဏာရှင်များလောက် အစွမ်းအစမရှိဟု ပြောလျှင် ခံရမည်မှာ မလွဲ။


(၃)


မြန်မာတို့၏ တော်လှန်ရေး အသွင်ဆောင်သည့် အမျိုးသားလှုပ်ရှားမှု လက္ခဏာမှာ ကိုလိုနီခေတ်မှ ယနေ့တိုင်အောင် အဓွန့်ရှည်ခဲ့ပြီး အုပ်ချုပ်သူလူတန်းစားနှင့် ပြည်သူလူထုမှာ ဘယ်အခါမှ စေ့စပ်ပြေငြိမ်းမှုကို မရခဲ့သေးပါ။ အမှန်တော့ စစ်ဖြစ်စကနေ လွတ်လပ်ရေးရခါနီး ၆ နှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ အောင်မြင်သော နိုင်ငံရေးဦးဆောင်မှု ကဏ္ဍကို လွတ်လပ်ရေးအလွန် ပြိုကွဲကျဆုံးမှုများ၏ လက်သည် အစိုးရအဆက်ဆက်နှင့် ယှဉ်ပြီး လူထုက လွမ်းမပြေဖြစ်ကြသည်။

ထို့နောက် အနှစ် ၂၀ ကြန့်ကြာနေသော ဗိုလ်ချုပ်သမီး၏ နိုင်ငံရေး စီမံပိုင်ခွင့်ကို မင်းလောင်းမျှော် မျှော်ကြသည်ဟု အောက်မေ့ပါသည်။ ဤအညှာကို နောကျေသည့် အတိုက်အခံ ရေနည်းငါးများက ဗိုလ်ချုပ်နှင့်ဒေါ်စု အရေးတော်ပုံနိပါတ်စုံကို အခါခါကျော့ပြရုံသာပြပြီး လူထုနှင့် တိုက်ရိုက်သက်ဆိုင်သော နိုင်ငံရေး လမ်းကြောင်းကို ချမပြနိုင်သည့်အခါမှ စ၍ “ဗိုလ်ချုပ်ကိုတော့ မေ့ပါပြီ” ဆိုသော အမြင်များ ပေါ်လာသည်ဟု မြင်ပါ၏။

တကယ်တမ်းသာဖြင့် ဘားမားရွှေပြည်တွင် လူမွဲတွေ ထမင်းငတ်နေသေးသရွေ့ ညီမျှလွတ်လပ်သော နိုင်ငံရေး၊ စီးပွားရေး စပေ့စ် ဆိုသည်များ လူတိုင်းအတွက် ပေါ်မလာသေးသရွေ့၊ နယ်ပယ်စုံတွင် ဗိုလ်ချုပ်လို လူမျိုးတွေ များများကြီး ထပ်ထွက်လာဖို့ ပြည်သူတွေက ဆုတောင်းနေကြရပါဦးမည်။

ဗိုလ်ချုပ်၏ သားဦး တပ်မတော်ကလည်း တပ်နှင့်နိုင်ငံရေးခွဲခြားခဲ့သည့် ဗိုလ်ချုပ်စံနမူကို လိုက်နာနိုင်ပြီး ဗိုလ်ချုပ်ကိုယ်ပွား လူငယ်မျိုးဆက်များကလည်း နိုင်ငံ့အရေး ကိုယ့်အရေးမှတ်သည့် ပညာတတ် လူ့အဖိုးတန်များအဖြစ် တိုင်းပြည်ကို လမ်းကြောင်း မှန်ပေါ် ပြန်တည့်မတ်ပေးခြင်းဖြင့် ဗိုလ်ချုပ်ကို တကယ်ချစ်ကြောင်း ပြနိုင်ကြပါစေ။


No comments: