Tuesday, November 2, 2010

မြန်မာ့အပြောင်းအလဲ ရှုပ်ထွေးမှုကို အမတြာဆန် တင်ပြ

ဂျိုးဆက်ဖ် ဘော (Joseph Ball)

မဇ္ဈိမသတင်းဌာန။ ။ လက်ရှိမြန်မာ့လူမှုအဖွဲ့အစည်းနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံသား စီးပွားရေးနိုဘယ်ဆုရှင် အမတြာဆန် Amartya Sen က အရှေ့တောင်အာရှ နိုင်ငံများအနက် အကျပ်တည်းဆုံး ဖြစ်နေသည့် မြန်မာနိုင်ငံကို မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲနိုင်မည်ကို သုံးသပ်ပြောဆိုသည်။

ကလေးဘ၀က မြန်မာပြည်တွင် နေခဲ့ဖူးသည့် အိန္ဒိယနွယ်ဖွား ဟားဗတ်တက္ကသိုလ် ပါမောက္ခက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်ရှိ "အရပ်ဘက် အုပ်ချုပ်ရေးစနစ်သို့ ပြန်သွားခြင်း၊ ရွေးကောက်ပွဲအပြီး မြန်မာပြည် ဒီမိုကရေစီနှင့် အခွင့်အရေး အလားအလာများ" ညီလာခံ၌ သုံးသပ်ပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံသစ်ဟာ တကယ်တော့ မြန်မာနိုင်ငံဟောင်းရဲ့ ငရဲတွင်းပါပဲ"၊ "ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံဟာ ကျပြီးရင်း ကျနေတာပဲ ရှိတယ်" ဟု ဆန်က စကားတန်ဆာဆင်ကာ ပြောခဲ့သော်လည်း အလွယ်ချုပ်ရလျှင် သူ့မိန့်ခွန်းက လက်ရှိအစိုးရ ယုတ်မာသမျှကို လှပစွာ သုံးသပ်ပြခြင်းသာ ဖြစ်သည်။

မည်သို့ဖြစ်စေ၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ်၌ ဒီမိုကရေစီ ပိုမိုထွန်းကားလာစေရေးဟု တောင်းဆိုနေသော်လည်း ဆန်၏ မိန့်ခွန်းက မြန်မာနိုင်ငံတွင် အဓိပ္ပာယ်ရှိသည့် ပြုပြင်ပြောင်းလဲရေးများ ဖြစ်လာစေရေး ဆောင်ရွက်နေသည့် လက်ရှိ ကျင့်သုံးနေသော မဟာဗျူဟာများထဲက ရှုပ်ထွေးနက်နဲလှသည့် ပြဿနာ စိန်ခေါ်ချက်များကို ထောက်ပြခဲ့သည်။

သို့သော် နိုဘယ်ဆုရှင်က ယခုရွေးကောက်ပွဲမှ မည်သည့်အပြောင်းအလဲမျှ ပေါ်လာမည်မဟုတ်ဟု မျှော်လင့်ထားသည်။ "ရွေးကောက်ပွဲ နောက်ပိုင်းမှာ အပြောင်းအလဲတွေ ပေါ်လာမယ်လို့ မျှော်လင့်နေတာဟာ ကျိုးကြောင်းဆီလျော်တဲ့ ဆင်ခြင်မှုနဲ့ လုံးဝလွဲသွေနေပါတယ်" ဟု ဆန်က ဆိုခဲ့သည်။

ဆန်က ရွေးကောက်ပွဲသည် နိုင်ငံတကာ မိသားစုအတွက် ဖန်တီးထားခြင်းသာဖြစ်ပြီး စစ်အစိုးရအနေနှင့် ၎င်းနိုင်ငံသား ပြည်သူတို့၏ အကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်လိုသည့် ဆန္ဒကို မတွေ့ခဲ့ရ၊ ပြည်တွင်းမှလည်း ၎င်းကို ပြင်းထန်စွာ ခြိမ်းခြောက်ဖိအားပေးနေမှုများ မရှိဟု ပြောသည်။

ထို့အပြင် သူက သတိပေးပြောဆိုရာ၌ "မြန်မာအစိုးရဘက်က အမြင်နဲ့ မကြည့်ရင် အကြီးအကျယ် မှားလိမ့်မယ်။ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာကို သူတို့ရှုထောင့်က ကြည့်မြင်ထားတာ ရှိပါတယ်။ သူတို့ (မြန်မာစစ်အစိုးရ) က ကျိုးကြောင်းဆီလျော်အောင် စဉ်းစားသူတွေတော့ မဟုတ်ဘူး" ဟု ပြောသည်။

ဤသို့ဖြင့် နိုင်ငံတကာ မိသားစုဘက်က မြန်မာအုပ်ချုပ်သူများ၏ စိတ်နေသဘောထားကို နားလည်သဘောပေါက်မှု၌ ကွာဟချက်များ ရှိနေသည်ဟု ဆိုသည်။ သူတို့ဘက်ကလည်း မြန်မာပြည်သူများ လိုအပ်ချက်နှင့် ပတ်သက်၍ ကွဲပြားဆန့်ကျင်သည့် သုံးသပ်ချက်များ ရှိနိုင်ကြောင်း ပြောသည်။

အိန္ဒိယက မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် ကျင့်ဝတ်ဆိုင်ရာ ရပ်တည်၍ ဝေဖန်ပြောဆိုမှုများ မလုပ်လိုခြင်းကိုလည်း ဆန်က ၀မ်းနည်းကြေကွဲစွာ ဝေဖန်သည်ကိုလည်း စိတ်ဝင်စားဖွယ် ကြားခဲ့ရသည်။ တခါတရံ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်တရားဆိုသည်ကလည်း ၎င်းကိုအကြောင်းပြ၍ စေ့စပ်ညှိနှိုင်းမှုများ လုပ်ရန်သော်လည်းကောင်း၊ သို့မဟုတ် အခြား ကွဲပြားသော အဓိပ္ပာယ်ဖွင့်မှုများ ပြုရန်သော်လည်းကောင်း ဖြစ်စေတတ်သည်ဟု ဆိုသည်။

သို့သော် ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်က အိန္ဒိယအနေနှင့် နိုင်ငံရေးကျင့်ဝတ်ပိုင်းဆိုင်ရာကို ပြောခဲ့သော်လည်း အာဏာစက်မဲ့နေကာ၊ ယခုအခါ ဤသို့ ဆောင်ရွက်ပြောဆိုမှုများ မရှိတော့ကြောင်းနှင့် အကြောင်းမှာ အိန္ဒိယအနေနှင့် နိုင်ငံတကာတွင် သြဇာသက်ရောက်မှု စိုးစဉ်းမျှသာ ရှိတော့သည့်အတွက်ဖြစ်ကြောင်း သူက ပြောဆိုသည်။

ယခုတိုင် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်ကဲ့သို့ အစိုးရများက ရံဖန်ရံခါ မြန်မာနိုင်ငံကိစ္စနှင့် ရင်ဆိုင်လာရလျှင် အရှုံးခံ၍ ကျင့်ဝတ်ပိုင်းဆိုင်ရာ အခြေခံများမှ ရပ်တည်ပြောဆိုနေကြသေးသည်။ သို့သော် ၎င်းတို့မှာ အိန္ဒိယနှင့်စာလျှင် နိုင်ငံတကာ သြဇာသက်ရောက်မှု များစွာ တာသွားကြောင်း ဆိုသည်။ ဤကိစ္စက ပြဆိုနေသည်က ကျင့်ဝတ်ဆိုင်ရာကိစ္စများသည် အမျိုးသားအကျိုးစီးပွားကို ထိရောက်စွာ အစားမထိုးနိုင်သည့် ကိစ္စဖြစ်နေသည် ဆိုသည်။ ဤအတွက်ကြောင့် နိုင်ငံတကာအနေနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို ပို၍ ရလဒ်သိသာနိုင်သည့် အမျိုးသား အကျိုးစီးပွားနှင့် မည်သို့ ပေါင်းစပ်နိုင်သနည်းဟု သူက မေးခွန်းထုတ်လိုပုံရသည်။

နယူးဒေလီ၏ မြန်မာနိုင်ငံ မူဝါဒမှာ ဆန်၏ စကားနှင့် ဆိုရလျှင် "နှလုံးကြေကွဲစေပါသည်”။ အိန္ဒိယမူဝါဒ ချမှတ်သူများ၏ တွက်ချက်မှုများတွင် ပြည်တွင်းမှ အရေးပါသည့် အသံများကို ထည့်တွက်တုံ့ပြန်ရန် လိုသည်ဟု သူကမြင်ပြီး "တရုတ်ကို တုပ၍ အိန္ဒိယကို တစိတ်တပိုင်း ပြန်ဖန်တီးခြင်း" မျိုး ရှောင်သင့်သည်ဟု ပြောသည်။

အိန္ဒိယနှင့် အခြားဒေသတွင်း နိုင်ငံများ၏ မူဝါဒအပြင် တရုတ်၏ မြန်မာပြည် မူဝါဒကို ဝေဖန်ပြောဆိုရာ၌ ဆန်က ဘေဂျင်းအစိုးရ၏ သူ့နိုင်ငံသားများ သာယာဝပြောမှုနှင့် အသက်မွေးဝမ်းလုပ်ငန်းများ တိုးတက်လာစေရေး ရည်သန်လုပ်ဆောင်နေမှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။ နိဂုံးချုပ်အနေနှင့် ယခင် စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု သုံးသပ်သကဲ့သို့ မြန်မာစစ်ဗိုလ်ချုပ်များသည် သဘာဝ သယံဇာတရင်းမြစ် ကြွယ်ဝသည့် နိုင်ငံကို အုပ်ချုပ်ရန် အခြေခံ အရည်အချင်း မရှိကြောင်း ဆိုခဲ့ပြန်သည်။ သို့သော် ပေးလိုသည့် သတင်းစကားက ရှင်းပါသည်။ ရွေးကောက်ပွဲ နိုင်ငံရေးဆိုသည်မှာ အုပ်ချုပ်ရေးနှင့် တရားဝင် အုပ်စိုးခွင့် ရရှိရေး၏ တပိုင်းတကဏ္ဍသာ ဖြစ်သည်ဟု ဆိုခဲ့သည်။

နိုဘယ်ဆုရှင်၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်နေကြသော နိုင်ငံတကာ မဟာဗျူဟာများကို သုံးသပ်ထားခြင်းသာ အများဆုံးပါသည်။ ဤလူသိရှင်ကြား သုံးသပ်မှု၌ ဆန်က မြန်မာနိုင်ငံတွင်း ဆိုးရွားနေသော အခြေအနေများနှင့် ပတ်သက်၍ အကောင်းမြင်မှု စိုးစဉ်းမျှသာ ဖော်ပြခဲ့သည်။ ရွေးကောက်ပွဲပြီး ဖြစ်ပေါ်လာမည့် အပြောင်းအလဲများ အပေါ်တွင်လည်း သူက နှုတ်ဆိတ်၍သာ နေခဲ့သည်။ "မြန်မာစစ်ခေါင်းဆောင်တွေက နားပူရင် ပူပါစေ၊ လုပ်ချင်တာ လုပ်ရပြီးရောသမားတွေ" ဟု သုံးသပ်ခဲ့သေးသည်။

လိုအပ်ချက်အဖြစ် ဆန်ထောက်ပြသည်က ပေါင်းစည်းချိတ်ဆက်နေသည့် လှုပ်ရှားမှုတခု ပေါ်ပေါက်လာစေရေးနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပို၍ သိမြင်လာစေရေး ဖြစ်သည်။ သို့မှသာ အင်အားစုအားလုံးအပေါ် သက်ရောက်မှု ရှိလာမည်ဟု ပြောသည်။

နိုင်ငံတကာ မိသားစုက သုံးနိုင်သည့် အရံသင့် လက်နက်များမှာ လက်နက်ပိတ်ဆို့ရေး၊ ဘဏ္ဍာငွေကြေး ပိတ်ဆို့ရေးနှင့် ခရီးသွားလာခွင့် ပိတ်ပင်ရေးဟု ထောက်ပြသည်။ သို့သော် ပေါင်းစည်းချိတ်ဆက်မှု ရှိသည့် လှုပ်ရှားမှု ဖြစ်လာစေရေးနှင့် ပတ်သက်၍ ကွဲလွဲချက် ရှိနေပြန်သည်။ ဤချိတ်ဆက်လှုပ်ရှားမှုဆိုသည်မှာ စမ်းသပ်ပြီးသား (ကျရှုံးပြီးသား) မဟာဗျူဟာတခု ဖြစ်နေပြီး၊ ကမ္ဘာနှင့်ချီပြီး သိသာစွာ ပြောင်းသွားမှသာ အကျိုးရလဒ် မြင်ရနိုင်သည့် ကိစ္စလည်း ဖြစ်နေသည်။

သို့သော် သူ့သုံးသပ်ချက်က အတိုက်အခံများ အခိုင်အမာ ကိုင်စွဲထားသည့် ရပ်တည်ချက်ကို စိန်ခေါ်ဝေဖန်ခဲ့သည်။ အမှန်တကယ် ကမ္ဘာတခုလုံး ချိတ်ဆက်ဆောင်ရွက်မည့် မူဝါဒတရပ် ဖန်တီးရေးဆိုလျှင် ဥပမာ တရုတ်နိုင်ငံကို လူဆိုးသဖွယ် သရုပ်ဖော်နေခြင်းကို နီးကပ်စွာ ဆက်ဆံရေးဖြင့် အစားထိုးရလိမ့်မည်။ စာနာနားလည်မှုနှင့် ဆက်ဆံရမည်ဟု ဆိုခဲ့သည်။

မိန့်ခွန်းတွင် အလွယ်တကူ အကောင်အထည်ဖော်နိုင်သည့်ကိစ္စအဖြစ် အကြံပေးထားသည်က အာဏာရှင်စနစ်အလွန် မြန်မာနိုင်ငံကို မည်သို့မည်ပုံ တည်ဆောက်ကြမည်ကို အနှစ်အသားပါပါ စတင်ဆွေးနွေးကြရန်ပင် ဖြစ်သည်။ လက်ရှိနိုင်ငံရေးစနစ်အတွင်း နစ်နာနေရသည့် ပြည်သူများပါ ပါဝင်ဆွေးနွေးစေရန် ဖြစ်သည်။

မြန်မာ့လူမှုအသိုင်းအ၀ိုင်းကို ချုပ်ကိုင်ထားသည့် ရောဂါဆိုးကြီးနှင့် ပတ်သက်၍ ဆန်၏ ရောဂါစစ်တမ်းက တိကျမှန်ကန်ချင်မှ မှန်ကန်ပါလိမ့်မည်။ ထို့အပြင် မြန်မာနိုင်ငံ ရောဂါ၏ ဖြေဆေးအဖြစ် နိုင်ငံတကာ မိသားစုက ဆောင်ရွက်ရန်ဆိုသည့် သူ၏ ပျောက်ဆေး ဖော်နည်းမှာလည်း လက်တွေ့ကျချင်မှ ကျပါလိမ့်မည်။ သို့သော် မေးခွန်းထုတ်စရာ မလိုသည့်ကိစ္စမှာ သူက ရေရှည်မှန်ပြောင်း (အမြင်) ဖြင့် ကြည့်၍ အကဲဖြတ်ရန် တိုက်တွန်းခဲ့ပြီး ရောဂါပေါ် အခြေခံ၍ အောင်မြင်သည့် ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်ရန်လည်း နှိုးဆော်ခဲ့သည်။

သို့သော် ဤတိုက်တွန်းချက်မှာ ယနေ့ စစ်အစိုးရအပေါ် တက်ကြွစွာ ထောက်ခံပြောဆိုနေသူများ အောင်ပွဲခံပြီဟု အမြင်လွဲစရာ မရှိသလို ဘာမျှမလုပ်ဘဲ ကျေနပ်လက်ခံလိုက်ရန်ဟု ပြောနေခြင်းလည်း မဟုတ်ပေ။ ဆန်က "ဒီနေ့ စစ်အစိုးရ လူသတ်သမားတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသူတွေကို နက်ဖြန်မှာ ဒီနေ့တစ္ဆေက ပြန်ခြောက်လှန့်နေလိမ့်မယ်" ဟု အစိုးရနှင့် လူပုဂ္ဂိုလ်များကို နိမိတ်ဖတ်ထားသေးသည်။

အမတြာဆန်မှာ မြန်မာစစ်အစိုးရကို ဆန့်ကျင်နေသူများအတွက် မိတ်ဆွေကောင်းတဦး၊ မဟာမိတ်ပြုရမည့်သူ ဆိုသည်က မေးခွန်းထုတ်ဖွယ် မရှိပါ။ သို့သော် သူ့တင်ပြချက်များကို နိုင်ငံရေးအတိုက်အခံများနှင့် ၎င်းတို့၏ နိုင်ငံတကာ ထောက်ခံသူများက သူတို့ရပ်တည်ချက် မှန်ကန်ကြောင်း ပြစရာ အခွင့်ကောင်းဟု ယူဆလျှင်ဖြင့် မှားပါလိမ့်မည်။

ဆန်က အတိုက်အခံ အင်အားစုများအတွင်း၌ အညံ့ခံသည့် စကားလုံးများကို ပယ်ရှားကြရန်နှင့် အောင်ပွဲခံနိုင်မည့် ပြောဆိုချက်များ သုံးစွဲကြရန် တလုံးတလေမျှ မပြောခဲ့သော်လည်း လက်ရှိအခြေအနေကို သေချာစွာ ဆန်းစစ်ရန် လိုကြောင်းနှင့် လက်တွေ့ကျသည့် အကဲဖြတ်ချက်များကိုသာ အမှန်အကောင်အထည်ဖော်နိုင်မည်၊ မြန်မာနိုင်ငံအတွက် အပြောင်းအလဲကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း တိုက်တွန်းဝေဖန်ခဲ့သည်။

(Amartya Sen speaks to complexities of change in Burma ကို ဆီလျော်အောင် ပြန်ဆိုသည်။)

No comments: