Sunday, November 14, 2010

တိုက်နေရဆဲ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး

စိုးနေလင်း

(Sanitsuda Ekachai ရဲ့Migrant workers’ on-going fight for rights ကို ပြန်ဆိုတယ်။)

မြန်မာနိုင်ငံက အားမွန်နဲ့ တခြားရွှေ့ပြောင်း အလုပ်သမား ၉ဝဝ ကျော် ကြောက်ရွံ့ပျပ်ဝပ်နေခဲ့ရတဲ့နေ့တွေ လွန်ခဲ့ပါပြီ။ ဒီရှမ်းအမျိုးသမီးလေးဟာ သူရဲ့နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမား လက်မှတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး ဆမတ်ဆခွန်မှာရှိတဲ့ အလုပ် ရှိရာသွားဘို့ ခွန်ခင်စက်ရုံကနေ ထွက်ခွာလာခဲ့ပါတယ်။

“အဲဒီမှာ လုပ်ငန်း အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ကျမ မသိပါဘူး။ဒါပေမဲ့ ကျမမှာအခုရှိနေတဲ့
တရားဝင် လက်မှတ်တွေနဲ့ အနည်းဆုံးဖမ်းပြီး ပြန်ပို့ခံရမှာကို ကြောက်စရာမလိုပဲ လွတ်လွတ်လပ်လပ် သွားနိုင်ရမယ်” လို့ စစ်ဒဏ်သင့်နေတဲ့ ရှမ်းပြည်မှာ ကျန်ခဲ့တဲ့ သားသမီးသုံးယောက်ကို လုံလောက်အောင် ထောက်ပံ့ဖို့ စိတ်ကူးယဉ်ခဲ့တဲ့ ၃၈နှစ် အရွယ် ကလေးအမေက ပြောပါတယ်။

အားမွန်ဟာ အရင်လက အနိမ့်ဆုံးလစာရဖို့နဲ့ သူတို့အလုပ်ရှင်တွေ
သိမ်းထားတဲ့ နိုင်ငံကူးလက်မှတ်တွေ အလုပ်လုပ်ခွင့်လက်မှတ်တွေပြန်ရဖို့ တပတ်ကြာဆန္ဒပြခဲ့ကြတဲ့ ခွန်ခင် ဒီချာပင်နစ်ငါးဖမ်းပိုက်စက်ရုံက ရွှေ့ပြောင်းအလုပ်သမားတွေထဲက တယောက်ပါ။

သူတို့အားလုံးဟာ နိုင်ငံကူးလက်မှတ်နဲ့ နှစ်နှစ်တာ အလုပ်လုပ်ခွင့် လက်မှတ်ရဖို့ ရှုပ်ထွေးတဲ့ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တဲ့ ပထမဆုံး တရားဝင် ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ကြပါတယ်။ တရားဝင် အကာအကွယ်ရရှိဖို့ ပေးရတဲ့ငွေကြေးဟာ သူတို့အတွက် နင့်နေအောင် များလှပါတယ်။ သူတို့တွေရဲ့မျှော်လင့်ချက်တွေကလဲ မြင့်မားကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ အတူတူနဲ့ အနူနူလုပ်ငန်း အခြေအနေမျိုးတွေနဲ့ပဲ ကြုံခဲ့ကြရပါတယ်။ အနိမ့်ဆုံး လုပ်ခလစာထက် လျှော့ပေးတာ၊ ကြွေးနဲ့ လှုပ်မရအောင် ဖြစ်ရတာ၊တရားဝင် အထောက်အထားတွေ သိမ်းဆည်းခံရတာနဲ့ ရဲက ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်ခံရမှာ ပြန်ပို့ခံရမှာတွေကို ကြောက်ရွံ့နေရတဲ့ ဒုက္ခအတိနဲ့ ဘဝတွေပါ။

ဒါပေမယ့် သူတို့ရဲ့နိုင်ငံကူးလက်မှတ်တွေဟာ တခြားသူတွေရဲ့ ဓာတ်ပုံတွေနဲ့ ပြောင်းကပ်ထားတာကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ နောက်ဆုံး ကောက်ရိုးတမျှင်ဆိုတာ ဖြစ်လာခဲ့ပါတယ်။ သူတို့တွေကို
တရားဝင် အထောက်အထား အတုလုပ်မှုနဲ့ ရဲဖမ်းခံရမှာကို ကြောက်ရွံ့မှုဟာ သူတို့ရဲ့ ဒေါသကို နှိုးဆွပေးလိုက်ပါတယ်။ “အဲဒါကြောင့် ကျမတို့က ကျမတို့ အထောက်အထားတွေကို ကိုယ်ဘာသာ သိမ်းထားချင်တာပါ” လို့သူက ပြောပါတယ်။

သူတို့ရဲ့သပိတ်ဟာ ထိုင်းမှာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အချိန်အကြာဆုံး သပိတ်ပါ။ အမြဲလိုလို ကျိုးနွံအညံ့ခံနေခဲ့တဲ့ အလုပ်သမားတွေရဲ့အာခံဆန့်ကျင်မှုဟာ အလုပ်ရှင်တွေနဲ့ အလုပ်သမားရေးဌာန အာဏာပိုင်တွေကို အံ့အားသင့်သွားစေပါတယ်။

အလုပ်သမားရေးရာ နယ်ပယ်က လူတွေအားလုံးက ဒီသပိတ် ဘယ်လို အဆုံးသတ်သွားမယ်ဆိုတာကို စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။ တကယ်လို့ ဒီချာပင်နစ် အလုပ်သမားတွေသာ ရှုံးသွားမယ်ဆိုရင် ထိုင်းအစိုးရရဲ့ နိုင်ငံသားစိစစ်မှုနဲ့ နိုင်ငံကူးလက်မှတ်၊ အလုပ်သမား လက်မှတ်တွေ ထုတ်ပေးပြီး တရားမဝင် အလုပ်သမား ပြဿနာ ဖြေရှင်းဖို့ ကြိုးစားတာ ရှုံးနိမ့်သွားတော့မှာပါ။

ထိုင်းနိုင်ငံမှာ ခန့်မှန်းခြေ ၃-၄သန်းလောက်ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေထဲက ၁၃ဝ,ဝဝဝ
လောက်ပဲ ရှုပ်ထွေး အကုန်အကျများတဲ့ ဒီလုပ်ငန်းစဉ်ကို ပြီးအောင် လုပ်နိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ တရားဝင် အခွင့်အရေးတွေ လုပ်ငန်းခွင် လုံခြုံမှုတွေ မရှိပဲနဲ့တော့ ရွှေ့ပြောင်း အလုပ်သမားအများစု
တရားဝင် အလုပ်သမားတွေ ဖြစ်လာဖို့ ခက်ခဲပါလိမ့်မယ်။

တကယ်လို့သာ အလုပ်သမားတွေ နိုင်သွားမယ်ဆိုရင်တော့ အလုပ်ရှင်တွေက ဘာမှမလုပ်ဘဲ ဒီအတိုင်း ငြိမ်ခံမှာတော့ မဟုတ်ပါဘူး။

ပထမတော့ ဒီချာပင်နစ် အလုပ်ရှင်တွေဘက်က အသာစီးရနေတယ် ထင်ခဲ့ရပါတယ်။လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက အလုပ်သမားတွေရဲ့ ဗီဇာတွေကို ရုတ်သိမ်းပြီး သူတို့ကို မြန်မာနိုင်ငံပြန်ပို့ဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။

ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ရှေ့နေတွေက ဥပဒေကြောင်းအရ ဝင်ရောက်ဆောင်ရွက်
လာတာကြောင့် လူဝင်မှုကြီးကြပ်ရေးက နောက်ဆုံးမှာ သူတို့ဗီဇာတွေကို ပြန်ပြီးသက်တမ်း
ဆက်ပေးခဲ့ပါတယ်။ အလုပ်ရှင်ကလဲ စိတ်လိုလက်ရ မဟုတ်ဘဲ အလုပ်သမားတွေရဲ့ ပတ်စ်ပို့တွေ
ပြန်ပေးပြီး အနိမ့်ဆုံးလုပ်ခကို စပေးဖို့ သဘောတူခဲ့ရပါတယ်။

သူတို့ရဲ့အောင်ပွဲက ကြာကြာမခံပါဘူး။ အလုပ်သမားတွေ အလုပ်ထဲ ပြန်သွားကြတဲ့အချိန်မှာ ခြိမ်းခြောက်တဲ့ နည်းပရိယာယ်မျိုးစုံနဲ့ ကြုံကြရပြီး ဆန်းပြားတဲ့ သေနတ်ပစ်ခတ်မှုတွေက စောင့်နေခဲ့ပါတယ်။တာဝန်ရှိ ဝန်ထမ်းတွေက မသိချင်ယောင်ဆောင်နေခဲ့ကြပါတယ်။အလုပ်သမားတွေက သူတို့ဗီဇာတွေရဲ့ နှစ်နှစ်သက်တမ်းကို ယုံကြည်သလို အနာဂတ် အလုပ်အခွင့်အရေးတွေကို မျှော်ကိုးပြီး အလုပ်က အစုလိုက် အပြုံလိုက်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။အဲဒီလုပ်ရပ်ကြောင့် ချက်ချင်း နေရပ်ပြန်ပို့မယ်ဆိုပြီး ခြိမ်းခြောက်တာ ခံကြရပါတယ်။

အလုပ်သမားရေးဌာန တာဝန်ရှိ ပုဂ္ဂိုလ်တွေက သူတို့အလုပ်ရပ်သွားရင် အလုပ်သမား ဗီဇာသက်တမ်းလဲ ကုန်သွားမယ်။ သူတို့ စိတ်ကြိုက် အလုပ်ရှင် ပြောင်းခွင့်မရှိသလို တခြားတိုင်းပြည်က အလုပ်လာလုပ်တဲ့ သူတွေလို ဥပဒေအရ အခွင့်အရေး ခံစားခွင့်မရှိဘူးလို့ အကြောက်အကန် ပြောကြပါတယ်။

ရှင်းရှင်းလင်းလင်း မရှိတဲ့ ဥပဒေတွေမှာ နိုင်ငံတော်ရဲ့ လျစ်လျူရှုမှုကို တရားပြန်စွဲလို့ရတဲ့ အချက်တွေ ရှိနေတယ်ဆိုတဲ့ အချက်ကို အလုပ်သမား အခွင့်အရေး ရှေ့နေတွေ သတိပေးတာ ခံရတော့မှ အလုပ်သမားရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေက နောက်ပိုင်းမှာ သူတို့ရပ်တည်ချက်ကို မပြောင်းချင် ပြောင်းချင်နဲ့ အလျှော့ပေးခဲ့ပြီး အလုပ်သမားတွေ အလုပ်သစ်ရှာဖို့ ၇ ရက် အချိန်ပေးခဲ့ပါတယ်။ ၇ ရက်အတွင်း အလုပ်သစ် မရရင် ပြန်ပို့ ခံရမယ် ဆိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ တရားမဝင် အလုပ်သမား နှိမ်နှင်းမှု နောက်ပိုင်း ဈေးချိုတဲ့ အလုပ်သမား
ရှားပါးနေတဲ့အတွက် တခြားစက်ရုံတွေက ဒီချာပင်နစ်က အလုပ်သမားဟောင်းတွေကို လိုက်လျော ကြိုဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ အားမွန်နဲ့ အလုပ်တူ လုပ်ဖက်တွေဟာ အလားတူ အလုပ်သမား မတရားပြုမှုမျိုး နောက်တခါ
ကြုံရပြန်ပါတယ်။ မရှင်းလင်းတဲ့ အလုပ်သမား ဥပဒေတွေကို ဥပဒေကြောင်းအရ ပြန်ဆို နားလည်မှု ဒုက္ခတွေ၊ တိုင်းရင်းသားလူမျိုး အာဃာတတွေကို သူတို့ ရင်ဆိုင်ကြရပါလိမ့်အုံးမယ်။

အားမွန်ကတော့ လောလောဆယ် စိတ်မပူလှပါဘူး။အနည်းဆုံး သူ့ရဲ့ခုခံတိုက်ခိုက်မှုက ပတ်စ်ပို့တွေကိုသိမ်းပြီး အလုပ်သမားတွေကို ဓားစာခံလုပ်တာဟာ တရားမဝင်ဘူးဆိုတာကို အလုပ်ရှင်တွေကို ပြနိုင်ပါလိမ့်မယ်။

“ထိုင်းအလုပ်သမားတွေလဲ ကျမတို့လိုပဲ လုပ်အားခေါင်းပုံဖြတ်တာကိုခံကြရတာပါပဲ။ကျမတို့ချည်း မဟုတ်ပါဘူး၊ကျမတို့ မှန်တာအတွက် ဆက်တိုက်ကြရုံပါပဲ”လို့သူကပြောပါတယ်။ ။

No comments: