ဧရာဝတီ
စစ်အစိုးရ ကျင်းပသည့် ယနေ့ ရွေးကောက်ပွဲတွင် မဲမသမာမှုများ၊ မဲလိမ်မှုများ ရှိသည်ဟု လေ့လာသူတို့က ဧရာဝတီသို့ သတင်း ပေးပို့သည်။
မြန်မာ ပြည်သူလူထု အတွက် အနှစ် ၂၀ အတွင်း ပထမဆုံး အတွေ့အကြုံ ဖြစ်သည့် ယနေ့ ရွေးကောက်ပွဲကို နိုင်ငံအဝန်းတွင် နိုင်ငံရေးပါတီ ၃၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ပြီး နံနက် ၆ နာရီတွင် စတင်ကာ ညနေ ၄ နာရီတွင် မဲရုံများ ပိတ်သည်။
စစ်အစိုးရက ၎င်းပိုင် သတင်းစာများတွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ၊ လူအများကို စောင့်ကြည့်ခွင့် ပေးသည့် ရွေးကောက်ပွဲဟု နေ့စဉ်နီးပါး ဖော်ပြခဲ့သော်လည်း ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က နိုင်ငံနှင့် အဝန်းတွင် ရွေးကောက်ပွဲ ဥပဒေကို ဆန့်ကျင်ခဲ့သည်ဟူသော သတင်းများ နေ့စဉ် လိုလို ထွက်ပေါ်ခဲ့သည်။
ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲတွင် အသုံးပြုသည့် မဲ လက်မှတ်များတွင် နံပါတ်စဉ်များ မပါရှိသောကြောင့် မဲလက်များ အတိုင်းအဆမရှိ အတု ပြုလုပ်နိုင်သည်။ အရေအတွက် မည်မျှ ထုတ်လုပ်ထားသည်ကိုလည်း ပွင့်လင်းစွာ မသိရပေ။
ထို့ကြောင့် နိုင်ငံနှင့်အဝန်းတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို ပြည်တွင်းအခြေစိုက် ဧရာဝတီ သတင်းထောက်များ၊ နိုင်ငံရေးပါတီဝင်များ၊ မဲ ပေးပိုင်ခွင့်ရှိသူ ပြည်သူလူထု တို့က လက်လှမ်းမီသလောက် ပေးပို့သည်ကို ဖော်ပြလိုက်သည်။
မဲရုံဖွင့်ပြီး မကြာမီ မဲပုံးများအတွင်း မဲများပြည့်နေခြင်း။ ။ မဲလာပေးသူ အရေအတွက် နည်းပါးသော်လည်း မဲပုံးများအတွင်း မဲများ ရှိနေသောကြောင့် ကြိုတင် ကောက်ခံထားသည့် မဲလက်မှတ်များကို တစုံတဦးက ထည့်သွင်းထားသည်ဟု ယူဆရသည့် မဲရုံတချို့ ရှိသည်ဟု လေ့လာသူများက ပြောကြသည်။ မန္တလေးမြို့ပေါ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ ဘိုကလေး မြို့နယ်များရှိ မဲ ရုံတချို့တွင် မဲမပေးမီကတည်းက မဲများ ရှိနှင့်ပြီး ဖြစ်နေကြောင်း သိရသည်။
ဆန္ဒမဲ ပေးသည်နေရာ လုံခြုံမှု မရှိခြင်း။ ။ ရန်ကုန်တိုင်း သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာတချို့မှ မဲရုံများ၊ အလုံမြို့နယ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံဆိပ်ကမ်း မြို့နယ် တို့ရှိ မဲရုံတချို့တွင် ဆန္ဒမဲပေးသည့် နေရာများ လုံခြုံမှု မရှိကြောင်း သိရသည်။
သန်လျင်မြို့နယ် ကံလှကျေးရွာတွင် မဲ လာပေးသူတဦးက မည်သည့်ပါတီကို မဲပေးရမည် မသိ ဖြစ်နေစဉ် လူတဦးက လက်ဝါး၌ စာရေးပြကြောင်း၊ ထို့ပြင် မဲ ပေးသည့်နေရာမှာ လုံခြုံမှု မရှိသောကြောင့် ထိုသူ မဲပေး သည်ကိုလည်း ချောင်းကြည့် သည်ဟု လေ့လာသူ တဦးက ပြောသည်။
မဲပေးသူ စာရင်း မှားယွင်းနေခြင်း၊ ပါမလာခြင်း။ ။ မြို့နယ် အများစုရှိ မဲရုံများတွင် မဲပေးသူစာရင်း မပြည့်စုံခြင်း၊ အမည် ပါမလာခြင်းများ ရှိသည်ဟု သိရသည်။ လှိုင်သာယာ မြို့နယ် ၅ ရပ်ကွက်နေ ကိုယ်စားလှယ်လောင်း တဦးမှာ ၎င်းနှင့် ၎င်း၏ မိသားစု အမည်များကို မဲစာရင်းတွင် ရှာမတွေ့ကြောင်း ပြောပြသည်။
မဲပုံးမလုံခြုံခြင်း။ ။ မဲပုံးအများစုမှာ လုံခြုံခြင်း မရှိဟု သိရသည်။ မြောက်ဒဂုံမြို့နယ်ရှိ မဲပုံး တချို့ကို အုန်းဆံကြိုးဖြင့် ချည်ထားပြီး ချိတ်ပိတ်ထားသော်လည်း ကြိုးမှာ လျော့နေသောကြောင့် မဲပုံး အဖုံးကို လက်သုံးလုံးခန့် ဟ၍ ရကြောင်း ကြားသိရသည်။ နေပြည်တော်နှင့် ဧရာဝတီတိုင်းအတွင်းလည်း အလားတူ မဲပုံး မလုံခြုံမှုများ ရှိကြောင်း သိရသည်။
မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် ဘက်လိုက်ခြင်း။ ။ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်က မဲရုံကိုယ်စားလှယ်များအပေါ် ဘက်လိုက်ခြင်းများ ကြားသိရသည်။
ပုစွန်တောင်မြို့နယ် မဲရုံတခုတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) မဲရုံကိုယ်စားလှယ်ကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က မဲရုံပြင်ပတွင် ထွက်ထိုင် ခိုင်းခဲ့ကြောင်း ကြားသိရသည်။
တရားမဝင် မဲဆွယ်ခြင်း။ ။ မဲရုံ အတွင်းနှင့် ကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်း၊ ပါတီ ဆိုင်းဘုတ် ထောင်ခြင်းများ မပြုရဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော်လည်း မွန်ပြည်နယ် မုဒုံ၊ ရန်ကုန်တိုင်း ဗိုလ်တထောင် မြို့နယ်တို့တွင် မဲရုံနှင့် မနီးမဝေး၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ပါတီ၏ ဆိုင်းဘုတ်များ ထူထားသည်ကို တွေ့ရကြောင်း ဒေသခံများက သတင်းပေးသည်။
မဲရုံအတွင်း မဲဆွယ်သည်နှင့် အလားသဏ္ဍန် တူမည် စိုးသောကြောင့် မဲရုံကိုယ်စားလှယ်များကို ပါတီဝတ်စုံ ဝတ်ခွင့် မပြုထားသော်လည်း သန်လျင်မြို့နယ် ကျေးရွာတရွာတွင် မဲရုံအတွင်း ကြံ့ဖွံ့ ဝတ်စုံများ ဝတ်၍ ဝင်ထိုင်နေကြောင်း ကြားသိရသည်။
ပါတီဝတ်စုံနှင့် မဲပေးခွင့် မရှိသော်လည်း မြစ်ကြီးနား မြို့နယ်တွင် ကြံ့ဖွံ့ဝတ်စုံများ ဝတ်ဆင်ကာ မဲပေးကြသည်ဟုလည်း ဒေသခံ သတင်းထောက် တဦးက ပြောသည်။
ရခိုင်ပြည်နယ် မဲရုံတချို့တွင် ကြံ့ဖွံ့ပါတီဝင်များက မဲရုံရှေ့တွင်ပင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။ အလားတူ ကြံ့ဖွံ့ပါတီ၏ တရားမဝင် မဲဆွယ်စည်းရုံးမှုများ တခြား မြို့နယ်များတွင်လည်း ရှိကြောင်း သိရသည်။
မဲလိမ်ခြင်း။ ။ တချို့သော မဲရုံမှူးများ မဲလိမ်ခြင်းများ ရှိသည်ဟု ကြားသိရသည်။ မန္တလေးတိုင်း ကျောက်ဆည်မြို့ မဲရုံ တခုတွင် မဲပေးခွင့်ရှိသူ စာရင်း ထက်ဝက်ခန့်ကို မဲရုံမှူးက ကြံ့ဖွံ့ပါတီအား ပေး၍ မဲပုံးအတွင်း ထည့်သွင်းသည်ဟု သိရသည်။
သန်လျင်မြို့နယ် မင်းဂလွန်း ကျေးရွာတွင်လည်း အိမ်ထောင်ဦးစီးအား အိမ်ရှိလူကုန်အတွက် မဲထည့်ခိုင်းကြောင်း၊ လယ်ထဲ ဆင်းနေရသောကြောင့် မလာနိုင်သူအတွက် ကြံ့ဖွံ့မဲရုံကိုယ်စားလှယ်က တာဝန်ယူ မဲပေးလိုက်မည်ဟု ပြောကြောင်း၊ မျက်မမြင် အဘွားအိုက “စပါးနှံ (တစည) ပါတီကို မဲထည့်မယ်” ဟု ပြောသည်ကို ခြင်္သေ့ရုပ်ဘေးတွင် အမှန်ခြစ်ကာ မဲပေးလိုက်ကြောင်း အစ ရှိသဖြင့် ကြားသိရသည်။
No comments:
Post a Comment