Sunday, July 15, 2012

လွတ်မြောက်သူရဲ့ အိမ်အပြန်ခရီး

နှင်းပန်းအိမ်

သဘာဝပြက္ခဒိန်အဖြစ် တင်စားနိုင်တဲ့ ကောက်ပင်စိမ်းစိမ်းတွေက ခုချိန်ဆိုရင် ကလေးမြို့ မြို့အဝင်ကနေ ဧည့်သည် တွေကို ကြိုဆို နေ ကြပါ လိမ့်မယ်။ ရာသီနဲ့ယှဉ်ပြီးမြင်ခဲ့ရတဲ့ မြို့အဝင်ရှုခင်းဟာ ဘယ်တော့မှ ရိုးမသွားခဲ့ပါဘူး။ မိုးရာသီနဲ့ နွေရာသီဆို မိုးစပါးခင်း နွေစပါး ခင်းအဖြစ် မြင်ရသလို ဆောင်းတွင်းဆိုရင်တော့ နေကြာခင်းတွေကို တမျှော်တခေါ် တွေ့ရတတ်ပါတယ်။ သဘာဝတရားနဲ့ယှဉ်တဲ့ ဒီမြင် ကွင်းကို မေတ္တာ ခရီးသည်အဖြစ် ကျမ ဆယ်စုနှစ် တခု မြင်ခဲ့ရပါတယ်။

ကလေးမြို့ကို အနားသတ်ပေးထားတဲ့ နေရဉ္စရာ မြစ်ကမ်းနံဘေးက အိုးလုပ်ငန်းလုပ်ကြတဲ့ ဒေါ်အော မိသားစုလေးကို ကျမလွမ်းမိ ပါ သေး တယ်။

အိုးကောင်းဖို့ နာနာရိုက်ရတယ်ဆိုပေမယ့် အိုးအတွင်းကနေ အိုးပုံစံမပျက်အောင် လက်ကလေးနဲ့ ဖေးဖေးမမ လုပ်ပေးရတဲ့ အိုးထိန်း သည် ဒေါ်အောရဲ့လက်က ကျမတို့ လူ့အဖွဲ့အစည်းမှာ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့် မေတ္တာနဲ့ ဆက်ဆံရေးမျိုးကို ပိုမိုနားလည်အောင် ကျမကို သင်ကြားပေးခဲ့တယ်။

ကလေးမြို့မှာ ဆောင်းတွင်းဆို နှင်းတွေကျတတ်တယ်။ ဒေသအခေါ် နှင်းခါးရိုက်တယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ့်ရှေ့ကမြင် ကွင်း ကိုဘာမှမမြင်ရတော့ပါဘူး။ ဘာမှမမြင်ရတဲ့ နှင်းတောထဲကို ဒီအတိုင်း တိုးဝင်သွားရတဲ့ ခံစားမှုကိုလည်း ကျမအမှတ်ရနေမိပါတယ်။

ရုတ်တရက် ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ လူကို ဘွားခနဲမြင်လို့ ထိတ်လန့်တကြား ရှောင်ခဲ့ရတဲ့ ခံစားမှုက ကျမတို့ လူ့ဘဝလိုပါပဲ။ လောက ဓံက ဗြုန်းခနဲ ဒိုင်းခနဲ မထင်မှတ်တာတွေ ပေးတတ်တယ်။ ဒါကို ကျမတို့ ရင်ဆိုင်ပြီး ရုန်းကန် အသက်ရှင်နေကြရတာပဲမို့လား။ ကလေးမြို့ရဲ့ သ ဘာဝတရားက ကျမကို အများကြီး သင်္ခန်းစာပေးခဲ့လို့ ကျမဘဝခရီးကို ရဲရဲရင်ဆိုင်နိုင်ခဲ့တာပါ။

ထို့အတူပါပဲ ကလေးမြို့သူမြို့သားတွေဟာ မေတ္တာတရားတွေကိုလည်း ပေးခဲ့တယ်။ ဒီမေတ္တာတရားက လူ့အဖွဲ့အစည်းကြီးနဲ့ ကင်းကွာ နေ ရတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းကျမိသားစုအတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့ရပါတယ်။

ကလေးမြို့ မော်လိုက်လေးအကျဉ်းထောင်ကို ၁၉၉၈ ဧပြီလမှာ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးနဲ့ အကျဉ်းထောင်ကို ဖွင့်လိုက်ပါတယ်။ ဗိုလ်ခင် ညွန့် ညွှန်ကြားချက်တွေနဲ့ နယ်ဝေးထောင်ကို တည်ဆောက်ခဲ့ရတာလို့ ကျမတို့ သိခဲ့ရပါ တယ်။ အဲဒီအချိန်က ထောင်(၄)ထောင် ဖြစ်တဲ့ က လေး၊ ခန္တီး၊ ဘူးသီးတောင်၊ မိုင်းဆတ် အကျဉ်းထောင်တွေထဲမှာ ကလေးမြို့ မော်လိုက်လေးအကျဉ်းထောင်က ထောင်ပိုင် ဗိုလ်သာ ဦးကို ဆုချီးမြှင့်ခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းကျမိသားစုအဖြစ် ကလေးမြို့ မော်လိုက်လေး အကျဉ်းထောင်ရဲ့ ပထမဆုံး ထောင်ဝင်စာအဖြစ် ကျမက ထောင်ဝင်စာ တွေ့ခဲ့သူမို့ ဗိုလ်သာဦးက ကျမကို ဆုပေးမယ်လို့ ပြောခဲ့တဲ့စကားကို အမှတ်ရမိပါသေးတယ်။

ကျမထောင်ဝင်စာ စတွေ့တော့ ကလေးမြို့ မော်လိုက်လေး အကျဉ်းထောင်ဆိုတဲ့ ဆိုင်းဘုတ်မရှိသေးပါဘူး။ နောင် ခင်ပွန်းသည် ပြန် လွတ်လို့ ပြောပြတော့ အခန်းတွေအားချင်းဖွဲ့ပြီး အကျဉ်းသားတွေ ထားခဲ့တာ။ အင်္ဂတေတောင် မခြောက်သေးပါဘူးတဲ့။ ထောင်ဗူးဝရှေ့မှာ စိုက်ပျိုး ထား တဲ့ ပိတောက်ပင် သေးသေးလေးတွေကနေ နောင်ပိတောက် ပင်တွေ ကြီးလာတဲ့အထိ ကျမထောင်ဝင်စာ တွေ့ခဲ့ရပါ တယ်။

ကလေးမြို့မှာ ဆယ်စုနှစ် နှစ်စုနီးပါး ထောင်ဝင်စာတွေ့ခဲ့ရသူက ၂ဝ၁၂ ဇူလိုင် ၃ ရက်နေ့မှာ လွတ်မြောက်လာတဲ့ ကိုအေးအောင် ဖခင် ဘဘ ဦးသောင်းစိန် ပဲဖြစ်ပါတယ်။ ၂ဝ၁၂ ဇူလိုင် ၃ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်အစိုးရသစ်က အကျဉ်းသား ၃၆ ယောက်လွှတ်ပေးတဲ့ အထဲမှာ ကိုအေးအောင် ပါဝင်ခဲ့ပါတယ်။ ကိုအေးအောင် လွတ်မြောက်သူရဲ့ အိမ်အပြန်ခရီးကို ကိုအေးအောင် မိဘကိုယ်စား ကလေးမြို့ မြို့လူထုက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

တမြို့တည်းနေ တရေတည်းသောက်လို့ဆိုရမယ့် ကိုအေးအောင်ကို သူတို့မြို့လေးရဲ့ အကျဉ်းထောင်ထဲမှာ ၁၄ နှစ်ကျော်ကြာနေခဲ့ရသူ အဖြစ် ချစ်ခင်ကြင်နာ ကြပါလိမ့်မယ်။ ကိုအေးအောင် လွတ်ခါနီး ဆေးရုံတက်ရစဉ် တုန်းကလည်း သူတို့စေတနာ သူတို့မေတ္တာကို ကို အေးအောင် သိ ရှိခံစားရအောင် ဆေးရုံကိုရောက်အောင် သွားခဲ့ကြပါတယ်။

ကျမတို့ ဆယ်စုနှစ်နဲ့ချီပြီး ထောင်ဝင်စာတွေ့နိုင်ခဲ့တာလဲ ကလေးမြို့ မြို့လူထုရဲ့စာနာထောက်ထားမှု၊ အားပေး ကူညီမှုကြောင့် ဖြစ်ပါ တယ်။ ဘဘဦးသောင်းစိန်က ဒူးအရွတ်ပြတ်သူမို့ ဒုတ်ကောက်နဲ့ လမ်းလျှောက်ရပါတယ်။ ခုလို မိုးတွင်းဆို လမ်းပျက်တတ်တာမို့ ကား ပေါ်ကနေ ခရီး သည်အားလုံး လမ်းဆင်းလျှောက်ရပါတယ်။ ကားဆရာနဲ့ ကားစပယ်ယာရော ခရီးသည်တချို့ကပါ ဘဘ ဦးသောင်းစိန် ကို လမ်းမ လျှောက် ခိုင်းပါဘူး။ ကားပေါ်မှာပဲ နေခိုင်းပါ တယ်။ ဒါက ကားဆရာတွေ၊ ကားအသင်းဂိတ်ပိုင်တွေကအစ ထားတဲ့ စေတနာ၊ မေတ္တာ တွေဖြစ် ပါတယ်။

ထောင်ဝင်စာအတွက် ဈေးဝယ်ရင်လဲ ကလေးမြို့ မြို့မဈေးထဲက ဈေးသည်တွေ လက်ဆောင်ပေး တတ်သလို ပိုပိုသာသာလေးလည်း ထည့် ပေး တတ်ပါတယ်။

ကလေးမြို့ဒေသထွက် စားစရာတွေထဲက “ချင်း” ငရုတ်သီးကို ထောင်ထဲကလူတွေ သိပ်ကြိုက်ကြပါတယ်။ သူ့အစပ် က တခြားငရုတ်သီးလို မဟုတ်ပါဘူး။ စပ်စရာရှိရင် မျက်မျက်စက်စက် စပ်တာပါ။ “အစပ်ဆိုတာ အစာအဟာရချို့တဲ့ သူများအတွက် ဆာလောင်မွတ်သိပ်ခြင်းကို ပြေ ပျောက်စေတယ်။ အ စပ်ကလေးနဲ့ အာခံတွင်းမြိန်တယ်” လို့ ကျမ မှတ်သားဖူးတယ်။ ဒါကြောင့်လဲ ထောင်ဝင်စာမှာ ချင်းငရုတ်သီးဟာ မပါ မဖြစ် ပါ ကိုပါရတယ်။

ဒီလို ငရုတ်သီးကနေ ထောင်ထဲကသားငယ်အကြိုက် ပစ္စည်းတွေ တနင့်တပိုးဆွဲပြီးသွားတဲ့ ဘဘဦးသောင်းစိန်ကိုလေးဘီးကားဆရာက ထောင် ဗူးဝအထိ ပစ္စည်းကူသယ်ပေးတတ်ပါတယ်။

အကျဉ်းထောင်နံရံကြီးတွေ၊ ထောင်ဝန်ထမ်းတွေက တားဆီးပိတ်ပင်ထားလို့မရတဲ့ ပစ္စည်းဆိုတာ စိတ်ခံစားမှုနဲ့ ယုံကြည်ချက်စကားတွေ ဖြစ် ပါတယ်။ ဒီစကားကို ထောင်ဝန်ထမ်းတွေ စောင့်ကြည့်နားထောင် နေတဲ့ကြားကနေ အကျဉ်းထောင်ထဲက ထောင်ဝင်စာတွေ့ဆုံချိန် မှာ မိသား စုက အထဲကသူကို ရတဲ့နည်းနဲ့ ပြောရပါတယ်။ ဒီစကားတွေက အထဲကသူတွေအတွက် စိတ်ခွန်အားဖြစ်ရပါတယ်။

ထောင်ဝင်စာကတဆင့် ကိုအေးအောင် စိတ်ခွန်အားဖြစ်မယ့်စကားကိုပဲ ဘဘဦးသောင်းစိန် ပြောခဲ့ပါ တယ်။ သားငယ် လွတ်မြောက်လာ ရင် ဝတ်ဖို့ ပုဆိုး၊ အင်္ကျီကို ကြိုတင်စုဆောင်းခဲ့တယ်။ အများစုလွတ်ပြီး ကိုအေးအောင် တယောက် တည်း ကျန်ခဲ့ရတဲ့ ဖြစ်စဉ်က အကြိမ် ကြိမ်မို့ အိမ်ပြန်ရောက်တဲ့နေ့ လွတ်တဲ့နေ့လို့ မာန်တင်းရင်း သားငယ်ကိုထောင်ဝင်စာတွေ့ခဲ့တဲ့ ဘဘဦးသောင်းစိန်ရဲ့ “အိုစာမရှိရင်နေ မင်းစာရှိရ မယ်” ဆိုတဲ့ စကားက မုန်းတီးမှု မဟုတ်ပါဘူး။ မုန်းတီးမှုကို ဆန့်ကျင်တဲ့ စကားသာဖြစ်ပါတယ်။

ကိုအေးအောင် လွတ်မြောက်ပြီဆိုတဲ့သတင်းကို BBC သတင်းထောက် ကိုနေလင်းက ကျမကိုအသိ ပေးခဲ့ပါတယ်။ လွတ်မြောက်သူရဲ့ ပ ထမ ဆုံး ဓာတ်ပုံက ကျမရင်ကို လှုပ်ရှားသွားစေပါတယ်။ ကိုအေးအောင်ရဲ့ နုနယ်ပျိုမြစ်မှုတွေထောင်ထဲမှာ ကျန်ခဲ့ပြီ။ ထောင်ဝင်စာမှာ တွေ့ကြ တော့ “ဖေဖေ နောက်လာရင် စာအုပ်တွေပဲ များများ သယ်ခဲ့ပါ။ သားလေ့လာဖို့ သိပ်နောက် ကျသွားပြီ” ဆိုတဲ့ စကားက သူ့ဖခင် ဘဘဦး သောင်း စိန်ကိုသာ မျက်ရည်ကျစေတာ မဟုတ်ဘဲ ကြားရသူ ကျမကိုပါ မျက် ရည် ကျ စေခဲ့ပါတယ်။

၁၄ နှစ်ကျော်ကြာ ထောင်ထဲမှာနေခဲ့ရသူ နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြင်ပကမ္ဘာကို ရောက်လာတဲ့နေ့ ပထမဆုံး အင်တာဗျူးတွေကနေ ကို အေးအောင် အဖြေစကားကို နားထောင်ကြည့်တော့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် မပြတ်အောင် သူလေ့လာခဲ့တာကို ကျမ ဂုဏ်ယူ မိ ပါတယ်။

“ကျနော်တို့ ထောင်ကျတော့ နိုင်ငံရေးဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။ အခြေအနေရဲ့လိုအပ်ချက်ကနေ တောင်းဆိုတာတွေရှိလို့ ကျနော်တို့ လုပ် ခဲ့ကြတာ။ နိုင်ငံရေးကို ဆက်လုပ်သင့်တယ်လို့ ကျနော့်ကို ထောင်ကသင်ပေးလိုက်တယ်။ ကျ နော်နိုင်ငံရေးကို လေ့လာရပါဦးမယ်။ သမ္မတ ဦးသိန်းစိန်ကို ကျနော်တို့ အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ရသူ လို့ ပြောတယ်။ ကျနော်က ဒေါ်အောင်ဆန်းစု ကြည်ကို ယုံကြည်တော့ သူ့စကားကို ယုံပါတယ်။ ဟိုတုန်းက စနစ်ဟောင်းကို ဖြိုဖျက်ဖို့ သ တ္တိလိုတယ်။ ဒီနေ့စနစ်သစ်ကို တည်ဆောက်ဖို့ ပညာ လိုတယ်။ ကျနော် ပညာကို ဆက်သင် ချင်တယ်။” တဲ့။

“ကိုယ်စိုက်ပျိုးတာကို ကိုယ်ရိတ်သိမ်းရတယ်” ဆိုတဲ့စကား သွေးထွက်အောင် မှန်လိုက် တာလို့ မှတ်ချက်ချမိတဲ့နေ့က ကိုအေးအောင်ရဲ့ အိမ် အပြန်ခရီးပါပဲ။ မင်္ဂလာဒုံလေဆိပ်မှာ ကိုအေးအောင်ကို စောင့်ကြိုနေသူတွေ လေ ဆိပ် အဆောက်အဦးထဲ ပြည့်လျှံနေခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က “ကိုအေးအောင်ရဲ့ ပေးဆပ်စွန့်လွှတ်မှုကို ဂုဏ်ပြုချင်လို့ ကျနော်တို့ ကြိုဆိုကြတာပါ။ ဂုဏ်ပြုကြတဲ့ ဒီမြင်ကွင်းကို ကိုအေးအောင်မြင်ရင် အမောပြေမှာပါ။” လို့ သတင်း ထောက် အမေးကို ဖြေဆိုခဲ့ပါတယ်။

ခြိမ့်ခြိမ့်သဲ ကြိုဆိုကြသူတွေကြားမှာ ကိုအေးအောင်ရဲ့ မိဘနှစ်ပါး အပြုံးကိုယ်စီနဲ့ပါ။ ပန်းစည်းကိုင်ထားတဲ့ ကိုအေးအောင်ရဲ့ မိဘနှစ်ပါး ၁၄ နှစ်လုံးလုံး ထောင်ဝင်စာခြင်းထဲမှာ မေတ္တာတရားတွေပါထည့်ပြီး ဆွဲခဲ့ကြတာ။ ယနေ့ထောင်ဝင်စာခြင်းကိုချပြီး အားပေးထောက် ခံသူ တွေရဲ့ လက်ဆောင်ပန်းစည်းကို ကိုင်ခွင့်ရခဲ့ပါပြီ။ ဒီအတွက် ကျမတို့ ဂုဏ်ယူကြည်နူးမိပါတယ်။

၈၈ အရေးတော်ပုံအပြီး ရွှေတိဂုံ အနောက်ဘက်မုခ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ၈ နှစ်သားအရွယ် သား ငယ် ကိုအေးအောင် နားထောင်ချင်လို့ ပုခုံးပေါ်ထမ်းပြီး ချီပိုးခဲ့ရတဲ့ ဘဘ ဦးသောင်းစိန်ရဲ့ ပုခုံးတွေ သန်မာန်ခဲ့လို့ ခေတ်ဝန်ကိုထမ်းပြီး ခေတ်ခရီး ကို လျှောက်နိုင်ခဲ့တာပါ။

ကိုအေးအောင်ရဲ့ အိမ်အပြန်ခရီးဟာ ဝင်းလက်တောက်ပြောင်တဲ့ သမိုင်းစာမျက်နှာတိုးအောင် ပြုလုပ်ခဲ့ တယ်လို့ ကျမ ယုံကြည်လျက်ပါ။

No comments: