Monday, July 2, 2012

စစ်တပ်က အသိမ်းဆည်းခံ ခြံရှင်များထံမှ ပိုင်ဆိုင်မှု သက်သေနှင့် စာရင်း ကောက် ယူ

ကောင်းဝါ

မြန်မာနိုင်ငံ တောင်ဘက်အစွန် ကော့သောင်းမြို့ရှိ ဥယျာဉ်ခြံမြေအချို့ တပ်ပိုင်မြေအဖြစ် သတ်မှတ်ခံရသည့် ကိစ္စကို အထက်အာဏာ ပိုင် များထံ တင်ပြရန် စီစဉ်နေသည့် ခြံရှင်များအား ပိုင်ဆိုင်မှု သက်သေနှင့် စာရင်းများကို စစ်တပ်က ကောက်ယူသွားခဲ့သည်ဟု ခြံရှင်များက ပြောသည်။

ဇွန်လ ၂၁ ရက်နေ့တွင် ရွှေပြည်သာရပ်ကွက်ရှိ ဥယျာဉ်ခြံမြေ ဧက ၄၀ ကျော်ကို ခမရ ၃၄၂ က အုတ်တိုင်များ စိုက်ထူကာ တပ်ပိုင်မြေ အဖြစ် သတ်မှတ်လိုက်ပြီးနောက်၊ ယနေ့ မွန်းလွဲပိုင်းတွင် အထက်ပါ တပ်ရင်းမှ ဗိုလ်ကြီးတဦးနှင့် တပ်ကြပ်တဦးက ခြံစိုက်ခင်း ဧက၊ ခြံရှိ သီးနှံပင် အမျိုးအစား၊ အပင်အရေအတွက်၊ စတင်စိုက်ပျိုးသည့်ခုနှစ် စသည့် စာရင်းများကို မှတ်တမ်းကောက်ယူသွားကာ၊ မြေဂရမ်ကို တောင်းယူ သွားခြင်း ဖြစ်သည်။

“ကျမတို့ ခြံပိုင်မှာ ငှက်ပျောပင်တို့ အုန်းပင်တို့ စာရင်း လာယူသွားတယ်၊ မြေဂရမ်ကို တောင်းတော့ ကျမတို့ မိတ္တူဆွဲပြီး ပေးလိုက်ပါတယ်၊ ဘယ်နှစ်ခုနှစ်မှာ လုပ်သလဲလို့ မေးတယ်။ သူတို့က ဘယ်လိုပြောသလဲ ဆိုတော့ ခင်ဗျားတို့ မြေ တွေကို ကျနော်တို့ မသိမ်းပါဘူးတဲ့၊ ဒါပေမဲ့ သူတို့က သိမ်းမဲ့ပုံမျိုး သဘောမျိုး သက်ရောက်နေတယ်လို့ ကျမမြင်တယ်” ဟု ခြံ ရှင် အမျိုးသမီးကြီးတဦးက ပြောသည်။

သူမ၏ အဆိုအရ ၎င်းပိုင်ခြံမှာ ၁၉၇၇ ကပင် စတင် စိုက်ပျိုးလာခဲ့ပြီး၊ ၁၉၈၄ ခုနှစ်တွင် မြေဂရမ်များ ကျကာ နှစ်စဉ် နိုင်ငံတော်သို့ မြေခွန် များ ပေးဆောင်လျက် ရှိသည်။

ခြံရှင် ငါးဦးပိုင် ခြံမြေ ဧက ၄၀ ကျော်တွင် ရာဘာ၊ အုန်း၊ ကွမ်း၊ သီဟိုဠ်ပင်များ စိုက်ပျိုးထားပြီး၊ ကာလတန်ဖိုးအာဖြင့် သိန်းတထောင် ကျော် ရှိသည်ဟု ခြံရှင်များက ခန့်မှန်းကြသည်။

၂၀၁၁ ခုနှစ်တွင်လည်း အထက်ပါ တပ်အနီးရှိ ဥယျာဉ်ခြံရှင် ၉ ဦးပိုင်သည့် မြေဧက ၆၀ ကျော်ကို ၎င်းတပ်က တပ်မြေအဖြစ် သိမ်းယူရန် အုတ် တိုင်များ လာရောက် စိုက်ထူခဲ့ပြီး ခြံရှင်များက အာဏာပိုင်များထံ တင်ပြရာမှ ၂၀၁၂ ခုနှစ်တွင် ပြန်လည် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

စစ်တပ်က ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ခြံရှင်များအား ခြိမ်းခြောက်ခြင်း ဖြစ်ပြီး၊ အထက်သို့ မပေါက်ကြားအောင် အောက်ခြေ၌ ညှိနှိုင်း သည့် သဘော ဖြစ်ကြောင်း ခြံရှင်များ အရေးကို လိုက်ပါဆောင်ရွက်နေသည့် ကော့သောင်းမြို့ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တိုင်းစည်း ရုံးရေးမှူး ကိုသန်းထွန်းက ပြောသည်။

“လောလောဆယ်ကတော့ တပ်ပိုင်မြေ ခမရ ၃၄၂ တပ်ဆီက လာစိုက်ထားတဲ့တိုင် မရုပ်ပေးတဲ့ ကာ လပတ်လုံးဟာ သူတို့မြေ ဖြစ်သွားပြီ၊ အ ခုကမှတ်တမ်းတွေနဲ့ လာယူတဲ့ ပုံစံမျိုးနဲ့ လာခြိမ်းခြောက်တယ်၊ အောက်ခြေမှာ ပြန်ညှိမယ့် ပုံစံ မျိုးပေါ့ခင်ဗျာ၊ တကယ်လို့ အလျော်အစား လုပ် ရင်လက်ခံ မခံ စမ်းတဲ့သဘောပေါ့” ဟု ပြောသည်။

စစ်တပ်မှ အုတ်တိုင်များ လာရောက် စိုက်ထူထားပြီးနောက် ခြံထွက်သီးနှံများကို ခြံရှင်များအား ခူးယူခွင့် ပြုထားသော် လည်း ထပ်မံတိုးချဲ့စိုက် ပျိုးခွင့် မပြုတော့ကြောင်း ခြံရှင်များက ပြောသည်။

ကော့သောင်းမြို့တွင် ကမ်းရိုးတမ်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၄၂၊ ခမရ ၂၆၂၊ ခမရ ၄၃၂၊ လက်နက်ကြီး တပ်နှင့် စစ်ဗျူ ဟာတို့ အခြေချလျက်ရှိပြီး ၁၉၉၃ ခုနှစ်မှ ၁၉၉၉ ခုနှစ်ထိ တပ်တည်ရန်အတွက် မြေဧက ၁၅၀ ကျော်ကို သိမ်းယူခဲ့ပြီး ဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောသည်။



No comments: