Saturday, July 21, 2012

ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုကြောင့် ဆန်ပြုတ်သာ သောက်သုံးနေရ

KNG

ကချင်ပြည်နယ် မြောက်ပိုင်းရှိ ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုကြောင့် ဆန်ဈေးနှုန်းများလည်း အဆမတန်ထိုးတက်ပြီး ထမင်းအစား ဆန် ပြုတ်ကိုသာသောက်သုံးနေရသည်ဟု ပူတာအို ဒေသခံများပြောသည်။

ဆန်ပြတ်လပ်မှုကြောင့် အချို့ဒေသခံများသည် အဓိကအစားအစာမဟုတ်သော သရေစာများ ဆန်ပြုတ်များကို စားသုံးနေပြီး တချို့ဒေ သခံ များမူ အစားအစာပြတ်လပ်မှုကြောင့် ကျန်းမာရေးထိခိုက်ကာ သေဆုံးသူရှိလာကြောင်း ပူတာအိုမြို့ခံ ဆရာဖုန်ဆားရ် (Sara Hpung Sar) ကပြောသည်။

“ပြီးခဲ့တဲ့ အပတ်ဆိုရင် ၆ နှစ်အရွယ် ကလေးတစ်ယောက်သေသွားတယ်။ အဖေကရွှေမှော်သွား.. ကလေးကများ.. အမေက နေ့တိုင်းနေ့စား သွားလုပ်ပြီး ရတဲ့ပိုက်ဆံနဲ့ သူ့တို့ကို ဆန်ပြုတ်ပြုတ်ထားပေးပြီး နေ့စားပြန်သွားတယ်။ အဲဒါ ကိုကလေးအကြီးကောင်တွေပဲစားပြီး ကလေး ငယ်က သိပ်မစားရတော့ အဲလိုနဲ့ အစာငတ်ပြီး နေမကောင်းဖြစ်ပြီး သေသွားတာလေ။ အဲလိုမျိုးအစာငတ်တာကြောင့် အချို့က ထွက်ပေါက် ရှာ တော့တာလေ။ လီဆူးတွေ အများပိုင်းက တနိုင်းဘက်သို့သွားကြကုန်ပြီ” ဟု အထက်ပါဆရာကပြောသည်။

ပူတာအိုသို့ ဆန်တင်သွင်းနေရန် အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တင်းမာမှုကြောင့် လမ်းပမ်းဆက်သွယ်ရေးအခက်အခဲနှင့် အ ကျဉ်းထောင်များတိုးလာခြင်းကြောင့် ၎င်းတို့၏ ရိက္ခာများကို ပြည်သူလူထုစားသုံးနေသောဆန်စပါးများမှ မျှပေးရသောကြောင့် ဇူလိုင်လ ဆန်း ပိုင်းမှစ၍ ပိုမိုဆန်ပြတ်လပ်လာခြင်းဖြစ်ကြောင်းသိရသည်။

ဆန်ရှားပါးမှုကြောင့် ဆန်ဈေးနှုန်းများအဆမတန်ထိုးတက်နေပြီး ရောင်းသူမရှိဖြစ်နေသောကြောင့် အခက်ခဲကြုံနေရသည်ဟု ပူတာအိုမြို့ခံ ဆရာဖုန်ဆားရ် (Sara Hpung Sar) ပြောသည်။

“မြစ်ကြီးနားက ဆန်တွေလည်းသယ်ခွင့်မပြုဘူးတဲ့။ ၁ အိတ် ၂ အိတ်ပဲ တင်ခိုင်းတာတဲ့ ဘာကြောင့် လဲတော့ မသိဘူး။ လမ်းမကောင်းလို့တော့ ပြောတာပဲ။ အဲဒါကြောင့် ရှိတာလေးကိုပဲ လှည့်ပတ်စားနေရတယ်။ ရောင်းပေးတဲ့ သူတွေ တောင်မရှိဘူး။ တစ်ခါတလေ ဈေးမှာရောင်းပြီဆိုရင် အားလုံးလုပြီးယူကြတယ်။ အဲဒီမှာ မရလိုက်ရင်တော့ ဘယ်လောက်ဈေးကြီး ရင် လည်းတဆင့်သည်က ယူရပြီလေ။ တဆင့်သည် မဟုတ်ဘူး ဆိုရင် တပြည်ကို ကျပ် ၄၀၀၀ ဖြစ်တယ်။ တဆင့်သည်မှာဆိုရင် တပြည်ကို ကျပ် ၆၀၀၀၊ ၈၀၀၀ ပေးရတယ်။ ၈၀၀၀ နဲ့ဝယ်တာတောင် ရောင်း ပေးတဲ့သူမရှိဘူး။ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်မေးပြီးတော့ ၀ယ်စားရတဲ့ အချိန်လည်းရှိတယ်” ဟု ပြောသည်။

ဆန်ပြတ်လပ်မှုကြောင့် မြစ်ကြီးနားကနေတဆင့် ဆန်သယ်ယူလာသူများကိုလည်း လမ်းခရီးတွင် အစိုးရစစ်သားများက စစ်ဆေးပြီး ဆန် အိတ် များကို သိမ်းယူထားသည်ဟု သတင်းများထွက် ပေါ်နေ သောကြောင့် ဒေသခံများဆန်သယ်ယူခြင်း မပြုလုပ်ရဲပဲဖြစ်နေသည်။

ထိုသို့အခက်ကြုံနေချိန် တဖက်တွင်လည်း ပူတာအိုခရိုင် စည်ပင်အဖွဲ့မှ ဆိုင်ကယ်ဘီးခွန်များကို အဓမ္မကောက်ခံနေခြင်းကြာင့် ဒေသခံ များ အခက်ခဲပိုမိုရင်ဆိုင်နေရကြောင်း ဒေသခံများပြောသည်။

ပူတာအိုတွင် နှစ်စဉ် ဇွန်လနှင့် ဇူလိုင်လများတွင် ထိုသို့ဘီးခွန်ကောက်ခံမှုရှိသော်လည်း ယခုနှစ်တွင် ယခင်နှစ်ထက် ပိုပေးဆောင်နေရပြီး အခွန် မဆောင်သောသူများကို အရေးယူမှုပြုလုပ်နေကြောင်း ဒေသခံတစ်ဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

“အရင်နှစ်က ကျပ် ၁၅၀၀ ကောက်တယ်။ ဒီနှစ်တော့ ကျပ် ၃၀၀၀ ကောက်တယ်။ မထည့်မနေရ မထည့် ရင်တော့ ရဲစခန်းကိုရောက်ရတယ်။ ရဲစခန်းကိုရောက်တော့ ၄-၅ ရက်ရုံးချိန်းအဲလိုမျိုးလေ။ အဲဒါကြောင့် မပေးချင်လည်း ဂိတ်မှာ ပေးလိုက်တာပေါ့။ တခါတလေတော့ ကျပ် ၃၅၀၀ လည်းရောက်သွား ဦးထုပ်မ ဆောင်း တာတွေရှိရင်တော့ ကျပ် ၅၀၀၀ လည်းပေးရ။ တခါတလေတော့ စည်ပင်မှ စာရွက် ၁၅၀၀ ကျပ် ဆိုပြီး ကပ်ထားတာကို ပေးလိုက်တယ်။ ဒါပေမဲ့ ကောက်တာက ကျပ် ၃၀၀၀ လေ။ စာ ရွက်တောင် မပေး လိုက်တာလည်းရှိတယ်” ဟု ဒေသခံ တစ်ဦး ကပြောသည်။

ပူတာအိုဒေသတွင် ဒေသခံများသည် တောင်ယာ၊ လယ်၊ အသီးအနှံများ စိုက်ပျိုးခြင်းဖြင့် နယ်မြေထွက် ဆေးမြစ်များဖြင့် တူးဖော်ရောင်း ချ ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းနေသည်။

ပူတာအိုခရိုင်သည် ဆန်စပါးဖူလုံသောဒေသဟုပြောသော်လည်း ယခုနှစ်တွင်မူ အစိုးရနှင့် ကချင်လွတ် မြောက်ရေးအဖွဲ့ KIO တိုက်ပွဲများ ကြောင့် အခက်ခဲအမျိုးမျိုးရင်ဆိုင်နေရပြီး နှစ်ဖက်တင်းမာမှုများကြောင့် ဒေသခံများ စားဝတ်နေရေးအတွက် လွတ်လပ်စွာ သွားလာလုပ် ကိုင်စားသောက်ရန် အခက်ကြုံနေရကာ လုံခြုံရေးအတွက်လည်း စိုးရိမ်ပူပန်နေကြသည်။

No comments: