Thursday, July 19, 2012

မြန်မာအစိုးရစစ်တပ်မှ KIO အရာရှိ ၂ ဦးအား ဖမ်းဆီး

KNG

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား အနီး တောင်ဘက် ဟူးကပ်ကျေးရွာရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ အရပ်ဘက် အုပ်ချုပ်ရေး အ ရာရှိ ၁ ဦးနှင့် စစ်ဘက် ဗိုလ်ကြီး ၁ဦးကို မြန်မာအစိုးရစစ်တပ်မှ ဇူလိုင် ၁၆၊ တနင်္လာ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်းသိရှိရသည်။

ကချင်လွပ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၅)နယ်မြေမှ မိုးကောင်းတိုက်နယ်ခွဲ ဒု-အုပ်ချုပ်ရေးအရာရှိ ဂွမ်ဘားစင်ရောင်နှင့် ဗိုလ်ကြီး ဒဘန် ခွန်းဆိုင်း တို့နှစ်ဦးကို ဟူးကပ်ကျေးရွာတွင်း သွားလာနေချိန် မြန်မာအစိုးရတပ် ခလရ (၃၇) မှ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း KIA အရာရှိတ ဦး KNG ကချင်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

“အဲဒီနေရာက သူ့ရဲ့ စစ်ဆင်ရေး နေရာဖြစ်တယ်။ စစ်ရေးစီမံခန့်ခွဲမှုအရ ဆန်နဲ့ပတ်သက်တဲ့ ကိစ္စ တွေ သွားလုပ် ပေးတဲ့ချိန်မှာဟုတ်တယ်။ သွား တာက သူတို့ ၃ ယောက်ဟုတ်တယ်တဲ့။ ၁ ယောက်က လွှတ်သွားတာတဲ့။ မိုးကောင်း တိုက်နယ်ခွဲ ဒု-အုပ်ချုပ်ရေးအရာရှိ ဂွမ်ဘားစင် ရောင်ရဲ့ ကိုယ်ရံတော် (PA) က လွှတ်မြောက်လာတယ်” ဟု KIA အရာရှိ ပြော သည်။

ယခုချိန်တွင် ၎င်းတို့ ၂ ဦးအား မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

မြန်မာအစိုးရတပ်များသည် ထိုသို့ဖမ်းဆီးရမိသော KIA တပ်ဖွဲ့ဝင်များကို လူမဆန်စွာ နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်နေခြင်းကြောင့် ထို ၂ဦး ကိုလည်း လွှတ်မြှောက်မည့် အလားလာမတွေ့ရတော့ကြောင်း KIA အရာရှိဆက်ပြောသည်။

“ဖမ်းဆီးပြီးတော့ သူတို့ကြိုက်သလို စီရင်တာကို ခံရတော့မှာပဲလေ။ လွှတ်ပေးမယ်လို့တော့ မမျှော် လင့်တော့ပါဘူး။ ခလရ ၃၇ က ဒု-တပ်ရင်း မှူးကိုယ်တိုင် မနေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကိုခေါ်သွားတာ” ဟုဆိုသည်။

ဇွန်လ ၁၀ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) တပ်ရင်း (၁၇)မှ အစိုးရတပ်မှ ဖမ်းဆီးရမိသော တပ်ကြပ်ကြီး ဘလာဘ ရန် မိုင်ကိုလည်း လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့နှင့် အစိုးရတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသောကြောင့် အစိုးရတပ်ဖက်မှဒဏ်ရာရသူများနှင့် KIA တပ်တွင်း သို့ အ ညံ့ခံလာသူများရှိကြောင်း သိရှိရသည်။

“KIO အဖွဲ့ကလည်း ဖမ်းထားတာ ရှိပါတယ်။ အခုလွှတ်ပေးဖို့ အယောက် ၄၀ နီးပါးရှိတယ်။ ဘယ်လို လွှတ်ပေးမယ် ဆိုတာက ဦးအောင်မင်းနဲ့ဆွေးနွေးနေတယ်” ဟု လိုင်ဇာအုပ်ချုပ်ရေးအရာရှိ တစ်ဦးပြောသည်။

KIA နှင့် မြန်မာအစိုးရသည် ၁၉၉၄ ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့ကြသည်။

သို့သော် အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့ရာ နှစ် ဖက် စစ်သုံ့ပန်းလှဲလှယ်ရာတွင် အစိုးရဖက်မှ KIA စစ်သုံ့ပန်း ဒု-တပ်ကြပ်ကြီးအား ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ၁၇ နှစ်ကြာ ငြိမ်းချမ်း ရေး သဘောတူညီချက်ပျက်ပြားသွားကာ လွန်ခဲ့သည့်နှစ် ဇွန်လ ၂၀ ရက်နေ့မှစ၍ တိုက်ပွဲများ အဆက် မပြတ် ဖြစ်ပွားလျက် ရှိသည်။

No comments: