Sunday, July 8, 2012

၂၀၁၅ ရွေးကောက်ပွဲ ဝင်ဖြစ်ရင် တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသား ပါတီ များသာ အနိုင်ရအောင် ကြိုးပမ်းမည်ဟု UNA ပြော

ကော့လီ

၂၀၁၅ ရွေးကောက်ပွဲကိုသာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ရင် တိုင်းရင်းသား ဒေသ တွင်မှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကသာ အနိုင် ရရှိအောင် ကြိုးပမ်း သွားမယ်လို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA) က ပြောကြားလိုက် တယ်လို့ သိရပါတယ်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင် ပါတီဝင် များနဲ့ စင်ပြိုင် အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ ဒီကနေ့ ဇူလိုင်လ ၇ ရက် နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတုန်းက အခုလို ပြောဆိုလိုက်တာ ဖြစ်တယ် လို့ ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့ တဲ့ ရှမ်း တိုင်းရင်း သားများ ဒီမိုကရေ စီအဖွဲ့ချုပ် တည်ထောင်သူ ၁၅ ဦးမှာ ပါဝင်တဲ့ လူငယ် ခေါင်းဆောင် တစ်ဦး ကကော့လီကို ပြော ပြ ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လိုပါဝင် ဆောင်ရွက်လုပ်ဆောင်မလဲ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး ပါတီအ ပေါ်ဘယ်လိုလသဘောထားသလဲ၊ လက်ရှိအစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေ အကြား ငြိမ်းချမ်းရေး တည် ဆောက်မှု အပေါ် ဘယ်လို ရှုမြင်သလဲ ဆိုတာတွေကို စင်ပြိုင် အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့က မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိ ရပါတယ်။

UNA ဘက်ကလည်း – ၁၉၉၀ တုန်းကလို အတိုက်အခံ အင်အားစုတွေက မဲအပြတ်အသတ်နဲ့ ၂၀၁၅ မှာ ထပ်ပြီး အနိုင်ရရင်တောင် အစိုး ရက အာဏာလွှဲပေးပါ့မလား ဆိုတာ အများကြီးစဉ်းစားစရာရှိကြောင်း၊ ၂၀၁၅ ဆိုတာ အတော်ဝေးသေးတာမို့ ရွေးကောက်ပွဲ ဝင်မဝင် ဆုံးဖြတ်ဖို့ စောလွန်းကြောင်း၊ ယေဘုယျ အားဖြင့်တော့ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲကို ဖြတ်သန်းကြရမှာဖြစ်ကြောင်း၊ တိုင်း ရင်းသားဒေသ တွေမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရအောင် ကြိုးစားသွား ကြမှာဖြစ်ကြောင်း၊ NLD လို ပါတီကြီးတစ်ခုနဲ့ ပူးပေါင်းဖို့ကိုတော့ လွှတ်တော်ထဲ ရောက်မှ ဆွေးနွေးကြရမှာဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ပတ်သက်လို့ လက်ရှိအစိုးရရဲ့ ဆောင်ရွက်နေမှုဟာ အောင်မြင်ဖို့ လမ်းစကို နင်းမိရုံသာ ရှိကြောင်း၊ အစိုးရနဲ့ တပ်မ တော် ကြားတိကျသေချာတဲ့ သဘောတူညီချက်တွေ ရရှိအောင် အရင်ဆောင်ရွက်ပြီးမှ တစ်ဘက်တိုင်းရင်းသားတွေနဲ့ ဆွေးနွေးသင့် ကြောင်း၊ သမ္မတ ညွှန်ကြားချက်ကို အောက်ခြေတပ် အဖွဲ့အစည်းက မလိုက်နာနေသမျှ တိုင်းရင်းသားတွေနဲ့ အစိုးရကြား ယုံကြည်မှု တည်ဆောက် နိုင်မှာ မဟုတ်ကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုမရှိဘဲ အပစ်ခတ်ရပ်စဲဖို့ မဖြစ်နိုင်၊ အပစ်အခတ် မရပ်စဲဘဲ ငြိမ်း ချမ်းရေး မတည် ဆောက်နိုင်၊ တစ်ဆင့်တက်ပြီး နိုင်ငံရေးဆွေးနွေးဖို့၊ အားလုံးပါဝင်တဲ့ ပင်လုံကဲ့သို့သော ညီလာခံမျိုးကျင်းပဖို့ မဖြစ်နိုင် ကြောင်း UNA ဘက်က ပြန်လည် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တကယ်လို့ UNA က လွှတ်တော် ကိုယ်စားလှယ်တွေ ရှိရင် သူတို့ AIPMC မှာ ပါဝင်ဖို့ ကမ်းလှမ်းသွားပါတယ်။ ပြီးတော့ UNA ခေါင်း ဆောင် ခွန်ထွန်းဦး အနေနဲ့ အခွင့်အခါသင့်ရင် သူတို့နိုင်ငံတွေဆီ သွားရောက်လည်ပတ်ဖို့ ဖိတ်ကြားသွားပါတယ် လို့ တွေ့ဆုံဆွေးနွေး ပွဲကို တက် ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ခေါင်းဆောင် တစ်ဦးက ကော့လီကို ပြောပြပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ပြည်လမ်း ကိုးမိုင်ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ် ရုံးမှာ ပြုလုပ် ခဲ့ပြီး UNA ဘက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီး တိုင်းရင်းသားများ ကွန်ဂရက် အပြင် မှတ်ပုံတင်ခြင်း မပြုရသေးတဲ့ ကချင်ပြည်နယ် အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်၊ ကရင် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် တို့က ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

စင်ပြိုင် အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့က မစ္စ အီဗာ ကူဆူမာ ဆန်ဒါလီ၊ မစ္စတာ ခရာဆတ် ဦးဆောင်တဲ့ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘော ဒီးယား နိုင်ငံများက အတိုက်အခံ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၈ ဦး လာရောက်ကြတယ်လို့ သိရပါတယ်။

စင်ပြိုင် အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ဟာ အာဆီယံ နိုင်ငံများက အတိုက်အခံ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထား တဲ့ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

No comments: