Thursday, March 28, 2013

NLD အဖွဲ့ဝင် တသောင်းကျော်နုတ်ထွက် ဆိုသည့်သတင်းမှာ မဖြစ်နိုင်ကြောင်း ဦးဥာဏ်ဝင်းပြော

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်း NLD ပါတီဝင် ၁ သောင်းကျော် နုတ်ထွက်သွားကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက်ပိုင်း ဒီသတင်းနဲ့ပတ်သက်လို့ မဖြစ်နိုင်ကြောင်း NLD ဗဟိုအလုပ် အမှုဆောင် ဦးဥာဏ်ဝင်းကပြောပါတယ်။

“ကျနော်တို့ဆီကို နုတ်ထွက်စာတစောင်မှ မရောက်ပါဘူး။ နောက် တသောင်းဆိုတာလည်း ဖြစ်နိုင်ခြေမရှိဘူး။ ကယားကို ကျနော်တို့ ပုံစံပေးထားတာကိုက သုံးလေးထောင်ပဲရှိပါတယ်" လို့ ဦးညဏ်ဝင်းက ပြောပါတယ်။

မတ်လ ၈ ရက်နေ့က ကယားပြည်နယ် ၇ မြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် ၁ သောင်းကျော်ဟာ NLD ညီလာခံ စတင်ကျင်းပတဲ့ သောကြာနေ့မှာပဲ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်သွားကြပြီ ဖြစ်ပါတယ်လို့ ဘီဘီစီ ကနေ ရေးသားဖော်ပြထားတဲ့အပေါ်မှာ ယခုလို တုန့်ပြန်ပြောဆိုသွားတာ ဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၁ သောင်းကျော် မရှိသေးကြောင်းနှင့် ပါတီဝင်အနေဖြင့် ပါတီဝင် လျှောက်လွှာပုံစံနှင့်တကွ လျှောက်ထားပြီးမှသာလျှင် ပါတီဝင်အဖြစ် သတ်မှတ်ကြောင်း ပါတီဝင် အနေဖြင့် ထောင်ဂဏန်းမျှသာ ရှိသေးကြောင်း ဦးဥာဏ်ဝင်းက ကန္တာရဝတီတိုင်း(မ်) ကို ဆက်ပြောပါတယ်။

ကယားပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများကလည်း ဖားဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ်သို့ ကွင်းဆင်းစုံစမ်းရာမှာ ဖားဆောင်းမြို့နယ်တွင် ၂၀၀ ဦး၊ မယ်စဲ့မြို့နယ်တွင် ၁၇၂ ဦးသာလျှင် ပါတီဝင်ဖို့ လျှောက် ထားကြောင်း၊ လျှောက်ထားသူများနှင့် ပါတီဝင်ကဒ်ရထားသူများမှာ နုတ်ထွက်သွားခြင်းမရှိကြောင်း ၊ ဗဟိုမှ ထုတ်ပယ်ခြင်းခံလိုက်ရသည့် သူများနှင့် တချို့သော သူများသာလျှင် နုတ်ထွက်သွားကြောင်း ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဖြစ်သူ ဒေါက်တာ ဒေါ်ခင်စည်သူက ပြောပါတယ်။

ဒေါက်တာဒေါ်ခင်စည်သူက "ကျမတို့ document စုလိုက်တာကတော့ သက်သေပါပဲ ကျမတို့ မယ်စဲ့နဲ့ ဖားဆောင်းကို သွားတဲ့အခါမှာ စုံစမ်းကြည့်လိုက်တော့ မယ်စဲ့ NLD ရုံးရော ဖားဆောင်း NLD ရုံးရော သူတို့မနုတ်ထွက်ပါဘူး ပြောတယ်။ သက်သေခံတွေအနေနဲ့လည်း နုတ်မထွက်ကြောင်း စာပေးလာပါတယ်" လို့ ပြောပါတယ်။

ပါတီဝင်တချို့အနေနဲ့ နုတ်ထွက်သွားရခြင်းမှာ ပြည်နယ်က ကျင်းပတဲ့ညီလာခံမှာ ပါတီဝင်တွေကို ဖိတ်ကြားခြင်းမရှိခဲ့ခြင်းကြောင့် နုတ်ထွက်ခဲ့ကြတာလို့ ပါတီကနေလည်း နုတ်ထွက်သွားပြီဖြစ်သလို ဗဟိုကနေလည်း ထုတ်ပယ်ထားလိုက်ပြီဖြစ်တဲ့ ဦးဒယ်နီယာက ယခုလို ပြောပါတယ်။

"လူ ၁၀ ယောက်နဲ့ပဲ ညီလာခံလုပ်သွားတာပဲလေး အဲဒါကြောင့်ကျနော်တို့က မကျေနပ်လို့ ထွက်တာပါ။ ဒါမျိုးတွေရှိလို့ ဒီလိုဖြစ်နေတာပေါ့ ။ ကျနော်တို့ဆီမှာ မရှိလို့လားဆိုတော့ ဖြစ်နေလို့ပဲ ဒီလိုဖြစ်တာပေါ့။ အဲဒါကိုကျနော်တို့က တောင်းဆိုတဲ့ဟာကိုလည်း သူတို့အရေးမယူတဲ့အပြင် ကျနော်တို့ ပါတီကနေ နုတ်ထွက်လိုက်တယ်။ ထုတ်ပစ်လိုက်တယ်ဆိုတဲ့ အမိန့်စာပါ ထွက်လာတာပါ" လို့ ပြောပါတယ်။

ဗဟိုအဖွဲ့ချုပ်မှ ၎င်းဦးဒယ်နီယာနှင့် ပါတီဝင်တချို့ကို ထုတ်ပယ်ထားပြီးဖြစ်ပါတယ်။ ၎င်းထုတ်ပယ်ထားခြင်းခံရသည့် သူများတချို့နှင့်ပါတီမှ နုတ်ထွက်သွားသည့် တချို့အဖွဲ့ဝင်များက တခြားပါတီတခုသို့ ပြန်လည်ဖွဲ့စည်းဖို့ အစီအစဉ်ရှိနေတယ်လို့ ပါတီမှ နုတ်ထွက်သွားသည့် ပါတီဝင်တဦးက ပြောပါတယ်။

ကယားပြည်နယ်မှာ NLD အဖွဲ့တွေ အနေနဲ့ ယခုကဲ့သို့ ကြုံတွေနေကြရတဲ့ အခြေအနေပေါ်မှာ ကယားပြည်နယ်သား တဦးအနေဖြင့် ပြည်နယ်ဂုဏ်သိက္ခာ ကျဆင်းစေတယ်လို့ UKSY ညီညွတ်သော ကရင်နီပြည် လူငယ်များအဖွဲ့မှ အဖွဲ့ဝင် ကိုဖိုးခွားက ယခုလို ပြောပါတယ်။

"ဒါကတော့ ကျနော်တို့ပြည်နယ် ဂုဏ်သိက္ခာ ကျဆင်းစေတယ်ပေါ့ဗျာ။ ဒါပေမယ့် သူတို့ရဲ့ပါတီတွင်း ဖြစ်နေတဲ့ ပြဿနာကို ကျနော်တို့အနေနဲ့တော့မသိဘူးလေး။ ဒီလောက်အထိ သူတို့ရဲ့ပြဿနာတွေ အရှည်တက်နိုင်အောင် ဖြစ်တဲ့ကိစ္စ ဘာတွေလည်းဆိုတာ ကျနော်တို့မသိနိုင်ဘူး။ ခရေစေ့တွင်းကျ မသိတဲ့အတွက်ကြောင့် ကျန်တာတွေပြောဖို့က ခက်တယ်။ ဒီလိုကွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ ပြည်နယ်အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ပြည်နယ်ဂုဏ်သိက္ခာ ကျဆင်းစေတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်" လို့ ပြောပါတယ်။

No comments: