Thursday, March 28, 2013

ပဲခူတိုင်းမှာ ပဋိပက္ခ ပြန့်နှံ့နေ၊ ကြိုတင်ကာကွယ်မှုလုပ်ဖို့ ကုလပြော

ABC

ပဲခူးတိုင်း ​အနောက်ခြမ်းဒေသက ​အုတ်ဖို၊ ​မင်းလှနဲ့ ​ကြို့ပင်ကောက်မြို့နယ်တွေမှာ ​မတ်လ ​၂၆ရက်နေ့က ​ပုဒ်မ ​၁၄၄ ​ထုတ်ပြန်ခဲ့ပြီးနောက် ​အခြေအနေတွေဟာ ​ငြိမ်သက်မှုမရှိပဲ ​မနေ့ကအထိ ​ဆူပူအကြမ်းဖက်မှုတွေ ​ဆက်လက်ဖြစ်ပွားခဲ့တဲ့အတွက် ​ညနေပိုင်းမှာ ​ဇီးကုန်းမြို့နယ်နဲ့ ​နတ်တလင်း ​မြို့နယ်တွေမှာ ​ပုဒ်မ ​၁၄၄ကို ​ထုတ်ပြန်ခဲ့သလို ​အကြမ်းဖက်မှုတွေ ​ဆက်မဖြစ်အောင် ​ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့ ​ကုလသမဂ္ဂက ​ပြောလိုက်ပါတယ်။

ပဲခူးတိုင်းတွင်းရှိ ​မြို့နယ် ​၅ခုမှာ ​ပုဒ်မ ​၁၄၄ ​ထုတ်ပြန်ထားတဲ့အကြောင်းရင်းကတော့ ​ နတ်တလင်းမှာ ​နေအိမ် ​၈လုံး၊ ​ဆိုင် ​ခန်း၁၂ခန်း၊ ​ဘာသာရေးအဆောက်အဦး ​၁ခုနဲ့ ​ဇီးကုန်းမြို့နယ်မှာ ​နေအိမ် ​၁၄လုံး၊ ​ဘာသာရေးအဆောက်အဦး ​၁ခု ​ပျက်စီးခဲ့ပြီး ​လုံခြုံရေး ​တပ်ဖွဲ့ဝင်တွေက ​သေနတ် ​ပစ်ဖောက် ​လူစုခွဲခဲ့ရ ​သလို ​ဇီးကုန်း ​မြို့မှာ ​လူ ​၁၀ဦးကို ​ဖမ်းဆီးထားပြီးနောက် ​ထုတ်ပြန်ရတာလို့ ​အစိုးရက ​တရားဝင် ​ထုတ်ပြန်ခဲ့ပါတယ်။

ပဋိပက္ခတွေ ​ဆက်ဖြစ်နေတဲ့အတွက် ​မူဆလင်လူမျိုးတွေ ​တိမ်းရှောင်နေကြတယ်လို့ ​ ဇီးကုန်းဒေသခံ ​မူဆလင်တဦးက ​အခုလိုပြောပါတယ်။

ဟုတ်ပါတယ်၊ ​နတ်တလင်းတို့၊ ​ကြို့ပင်ကောက်တို့၊ ​အုတ်ဖိုတို့က ​ကျနော်တို့ထက်အရင်လေ၊ ​အရင်စဖြစ်တာ ​အိုးသည်ကုန်း၊ ​ရေကျော်၊ ​ပြီးမှကျနော်တို့ ​အဓိက ​ညနဲ့ ​ဒီနေ့ပေါ့နော်၊ ​မီးတော့မရှို့ဘူး၊ ​အိမ်တွေ၊ ​ဗလီတွေဖျက်လို့ ​ညကဖြစ်တာတော့ ​၃နာရီကနေ ​၅နာရီထိ၊ ​နေ့ခင်းပိုင်းက ​၂နာရီကနေ ​၄နာရီ ​၁၅ ​လူတွေကတော့ ​အားလုံးရှောင်ရတယ်၊ ​မြို့ပေါ်မှာ ​မူဆလင်တွေမရှိတော့ဘူး၊ ​ဗလီကတော့ ​ညကတော့ ​အတွင်းနေရာကတော့ ​ဘာမှမရှိတော့ဘူး၊ ​အပြင်က ​တိုင်တွေဘာတွေကျန်တယ်၊ ​နေ့ခင်းကျတော့ ​တိုင်တွေဘာတွေကအစ ​ဖျက် ​လိုက်တယ်လို့ ​ကြားတယ်လေ။ 

ဇီးကုန်းမြို့မှာ ​၂၆ရက်နေ့ညပိုင်းကတည်းက ​လူအင်အား ​၃၀၀လောက်နဲ့ ​ဗလီတွေကို ​လာရောက်ဖျက်ဆီးခဲ့တာ ​ဖြစ်ပြီး ​ပေါင်းတည်မြို့မှာလည်း ​ကောလဟလသတင်းတွေကြောင့် ​စိုးရိမ်မှုတွေ ​ရှိနေတယ်လို့ ​ပြောပါတယ်။

ဇီးကုန်းမြို့နယ်မှာ ​အကြမ်းဖက်မှုတွေကြောင့် ​ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့မူဆလင်လူမျိုး ​၉၀ကျော်ကို ​ဗုဒ္စဘာသာဝင် ​ မညှင်းကျေးရွာသူကြီးက ​ကူညီစောင့်ရှောက်ပေးထားတယ်လို့ ​ဒေသခံမူဆလင်တဦးက ​အခုလို ​ပြောပါတယ်။

သူကြီးဦးတင်အေးဆိုတာ ​မြို့မျက်နှာဖုံးပေါ့၊ ​ဒီမညှင်းကျေးရွာဆိုတာပေါ့နော်၊ ​အဲဒါလေးမှတ်တမ်းတင်ပေးပါ၊ ​ကျနော်တို့အားလုံး ​ဒီမှာ ​သူ့စရိတ်နဲ့သူ ​ကောင်းမွန်စွာကျွေးတယ်၊ ​ကောင်းမွန်စွာအိပ်ခိုင်းတယ်၊ ​ဒီနေ့ဆိုရင် ​ကျနော်တို့ ​မူဆလင်တွေအားလုံး ​ဒုက္ခသည် ​၉၀ကျော်ပေါ့နော် ​အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်နော်၊ ​အဲဒီ ​၉၀ကျော်က ​ဒီမှာ ​ကြက်သားဟင်းနဲ့ ​ဆိတ်သားဟင်း ​အားလုံးကိုကျွေးမွေးပြီးတော့ ​စောင့်ရှောက်ထားပါတယ်၊ ​သူက ​ဗုဒ္စဘာသာပါ။ 

ဇီးကုန်းမြို့မှာ ​ဖြစ်ပွားခဲ့တဲ့အခြေအနေတွေကို ​ဓါတ်ပုံမှတ်တမ်းရယူနေတဲ့ ​ဒေသခံတဦးကို ​လုံခြုံ ​ရေးတပ်ဖွဲ့ဝင်တွေ ​ပစ်ခတ်ခဲ့တဲ့အတွက် ​ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ​ဆေးရုံတင်ထားရတယ်လို့လည်း ​ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေဖြစ်တဲ့ ​ပြည်မြို့နဲ့ ​အနီးတ၀ိုက်ရွာတွေမှာ ​ပဋိပက္ခတွေ ​ဖြစ်ပွားလာမှာကို ​တားဆီးတဲ့အနေနဲ့ ​ည၉နာရီကစပြီး ​ပုဒ်မ ​၁၈၈ ​ညမထွက်ရအမိန့်ကို ​ထုတ်ပြန်လိုက်တယ်ဆိုတာကို ​အသံချဲစက် ​တွေနဲ့ ​ အသိပေး ​ကြေညာခဲ့တယ်လို့လည်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။



အကြမ်းဖက်မှုတွေ ​အရှိန်မြင့်မလာအောင် ​ကြိုတင်ကာကွယ်မှု ​လုပ်ဖို့ ​ကုလသမဂ္ဂပြော


မန်မာအစိုးရအနေနဲ့ ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မူဆလင်တွေအကြားမှာ ​အကြမ်းဖက်မှုတွေ ​အရှိန်မြင့်မလာရအောင် ​ကြိုတင်ကာကွယ်မှုတွေ ​လုပ်သင့်နေပြီဖြစ်တယ်လို့ ​မြန်မာနိုင်ငံအခြေစိုက် ​ကုလသမဂ္ဂအကြီးတန်းအရာရှိတစ်ယောက်က ​တိုက်တွန်းလိုက်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ​ကုလသမဂ္ဂအရာရှိ ​Ashok ​Nigam ​က ​ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ​မြန်မာနိုင်ငံမှာ ​ဖြစ်ပွားခဲ့တဲ့ ​ဖြစ်ရပ်တွေဟာ ​အတော်လေး ​ဆိုးဝါးလွန်းတယ်လို့လည်း ​ပြောပါတယ်။

မူဆလင်တွေရဲ့ ​နေအိမ်တွေကို ​အစွမ်းထက်ထက်ကြမ်းကြမ်းတမ်းတမ်း ​ပစ်မှတ်ထားခဲ့တာတွေဖြစ်သလို ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မူဆလင်တွေအကြား ​အကြမ်းဖက်ဖို့ ​သွေးထိုးလှုံ့ဆော်မှုတွေလည်း ​ရှိနေခဲ့တယ်လို့လည်း ​သူက ​ပြောပါတယ်။

မိတ္ထီလာမှာတင် ​အကြမ်းဖက်မှုတွေဖြစ်ခဲ့တာမဟုတ်ပဲ ​ကျန်တဲ့နေရာတွေမှာပါဖြစ်ခဲ့ပြီး ​အရင်က ​ဗုဒ္ဓဘာသာဝင်တွေကြားထဲမှာ ​အေးအေးချမ်းချမ်းနေလို့ရခဲ့ရာကနေ ​အခုလိုရုတ်တရက်အကြမ်းဖက်မှုတွေဖြစ်လာရတာကြောင့် ​မူဆလင်တွေ ​ကြောက်လန့်နေကြရာမှာပဲဖြစ်တယ်လို့လည်း ​ကုလသမဂ္ဂအရာရှိ ​Ashok ​Nigam ​က ​ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်ခဲ့မှုမှာ ​ထူးဆန်းနေတာက ​အတိုက်ခိုက်ခံခဲ့ရသူတွေ ​အတွေ့ဖူး ​မသိဖူးသူတွေက ​အဓိကပါဝင်ပြီး ​အကြမ်းဖက်နေတာဖြစ်တယ်လို့လည်း ​မီတ္ထီလာမြို့ကို ​ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ ​ကုလသမဂ္ဂ ​ကိုယ်စားလှယ် ​ဗီဂျေးနမ်ဘီးယားက ​မှတ်ချက်ပေးထားတယ်လို့လည်း ​သိရပါတယ်။

ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မူဆလင်တွေအကြား ​အကြမ်းဖက်မှုတွေဟာ ​ပဲခူးတိုင်း ​အုတ်ဖို၊ ​မင်းလှနဲ့ ​ကြို့ပင်ကောက်မြို့တွေမှာဖြစ်ပွားခဲ့ရာကနေ ​အခုအခါမှာတော့ ​ဇီးကုန်းမြို့နဲ့ ​နတ်တလင်းမြို့တွေကိုပါ ​ကူးစက်နေပြီဖြစ်တယ်ဆိုတဲ့ ​သတင်းတွေလည်း ​ထွက်ပေါ်နေပါတယ်။

No comments: