Tuesday, March 26, 2013

အစိုးရစစ်တပ်နဲ့ ကချင်စစ်တပ် တိုက်ပွဲဆက်လက်ဖြစ်ပွား

ABC

မြန်မာအစိုးရစစ်တပ်နဲ့ ​ကချင်လွတ်လပ်ရေးတပ်တို့ ​ ရှမ်းပြည်နယ်မြောက်ပိုင်း ​KIA ​တပ်မဟာ ​၄ ​ထိန်းချုပ် ​နယ်မြေအပါအ၀င် ​ကေအိုင်အေ ​တပ်စခန်းအနီးတွေမှာထိပ်တိုက် ​တိုက်ပွဲတွေ ​ဖြစ်ပွားနေတယ်လို့ ​သိရပါတယ်။

မတ်လ ​၂၅ရက်နေ့ ​ညနေပိုင်းက ​ကေအိုင်အေ ​တပ်မဟာ ​၄ ​ထိန်းချုပ်မှုအောက်မှာရှိတဲ့ ​တပ်ရင်း ​၁၇ရှေ့တန်းတပ်များ ​အခြေစိုက်ရာနေရာကို ​အစိုးရအရှေ့မြောက်ပိုင်းတိုင်း ​ရမခ ​လက်အောက်ခံ ​ခလရ ​၁၄၅ ​နဲ့ ​၂၉၀ ​တပ်ရင်းတို့က ​ချဉ်းကပ်လာရာကနေ ​ ထိပ်တိုက် ​တိုက်ပွဲတွေ ​ဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်လို့ ​ကေအိုင်အေပြောရေးဆိုခွင့် ​ရှိသူဦးလနန်ကပြောပါတယ်။

"ဒီအချိန်မှာတော့ ​အစိုးရတပ်ရဲ့ ​စစ်ရေးလှုပ်ရှားမှု ​နေ့တိုင်းလုပ်နေကြတယ်။ ​သွားသွားလာလာ ​စစ်ကြောင်း ​နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ​လှုပ်ရှားရင်းလှုပ်ရှားရင်း ​ကျွန်တော်တို့တပ်နဲ့ ​နီးတဲ့အခါကျတော့ ​မလွဲမရှောင်သာ ​တိုက်ပွဲတွေ ​ဖြစ်ကြတာပေါ့။"

အစိုးရနဲ့ ​KIO ​ဟာ ​တွေ့ဆုံဆွေးနွေးပွဲတွေ ​ပြုလုပ်နေဆဲကာလတွေမှာ ​နှစ်ဖက်ကြား ​တိုက်ခိုက်မှုတွေ ​လျော့ကျသွားပေမယ့် ​အခုချိန်ထိ ​တိုက်ပွဲတွေက ​ဆက်ဖြစ်နေတုန်းပဲလို့လည်း ​ဦးလနန်ကဆက်လက် ​ပြောပြပါတယ်။

"ဖြစ်တာတော့ ​ဖေဖေါ်ဝါရီလအတောအတွင်း ​ကနေ ​အခုထိ ​ဖြစ်တဲ့နေရာတွေကတော့ ​တပ်မဟာ(၁) ​ဧရိယာမှာလည်းဖြစ်တယ်။ ​တိုက်ပွဲဖြစ်လာရတဲ့အကြောင်းတရားကတော့ ​KIO ​ရှိတဲ့ ​နေရာကို ​သူတို့ ​အနီးကပ်ချဉ်းကပ်လာတဲ့အတွက်ကြောင့် ​ဖြစ်ရတဲ့ ​တိုက်ပွဲတွေလို့ပြောလို့ရတယ်။"

KIO ​ဌာနချုပ်သို့ ​တက်လာတဲ့ ​စစ်မြေပြင် ​သတင်းတွေအရတော့ ​ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် ​KIA ​ဘက်ကတော့ ​ထိခိုက်ကျဆုံးမှု ​မရှိဘူးတဲ့အကြောင်း ​အစိုးရဘက်ကအခြေအနေကိုတော့သူတို့အနေနဲ့ ​မသိကြောင်း ​ဦးလနန်က ​ဆက်ပြောပါတယ်။

"ဇန်န၀ါရီလကတော့တိုက်ပွဲအပြင်းထန်ဆုံးကာလလို့ပြောလို့ရတယ်။ ​အဲဒီတုန်းက ​တိုက်ပွဲ ​အရေအတွက် ​ကတော့ ​တော်တော်များမှာပါ။ ​ဒါပေမယ့် ​ဇန်န၀ါရီလကနေပြီးတော့ ​မတ်လ ​အခုရက်ပိုင်းအထိတော့ ​တိုက်ပွဲပေါင်းဆယ်ကြိမ်မကဘူး။"

KIO ​နဲ့ ​ပြည်ထောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်မှု ​လုပ်ငန်းကော်မတီ ​တို့ပြီးခဲ့တဲ့ ​ မတ် ​၁၁၊ ​၁၂ ​နေ့တွေမှာ ​အလွတ်သဘော ​တွေ့ဆုံဆွေးနွေးပြီးနောက်လာမယ့် ​ဧပြီလ ​၁၀ ​ရက်နေ့မတိုင်မီ ​မှာ ​ထပ်မံဆုံတွေ့ကြဖို့ ​နှစ်ဘက် ​သဘောတူထားတဲ့အကြောင်း၊ ​အစိုးရဖက်က ​ပြည်တွင်း ​မြစ်ကြီးနား ​မနောကွင်းမှာတွေ့နိုင်ဖို့ ​စီစဉ်နေတယ်လို့ဆိုပေမယ့်လည်း ​KIO ​ဘက်ကတော့ ​ဘယ်နေရာဆိုတာတိတိကျကျ ​မသိသေးဘူးလို့ ​ဆိုပါတယ်။

No comments: