Monday, March 25, 2013

မြန်မာ ၁၄ဦးကို ထိုင်းအာဏာပိုင်နဲ့ အဖွဲ့တွေကယ်တင်ခဲ

ABC

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ​ရောင်းစားခံထားရတဲ့ ​မြန်မာနိုင်ငံသား ​၁၄ဦးကို ​ထိုင်းအာဏာပိုင်တွေနဲ့ ​မြန်မာအဖွဲ့အစည်းတွေက ​ကယ်တင်လိုက်နိုင်တယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​မတ်လ ​၂၂ရက်နေ့နဲ့ ​၂၃ ​ရက်နေ့တုန်းက ​ထိုင်းနိုင်ငံတောင်ပိုင်း ​Trang-ထရန်ခရိုင်၊ ​Kantang-ကတန်မြို့မှာရှိတဲ့ ​ဘိုခါလှေဆိပ်မှာ ​ထိုင်းရဲ ​အထူးထောက် ​လှမ်းရေး ​တပ်ဖွဲ့(DSI)က ​ထိုင်းနိုင်ငံရောက် ​မြန်မာနိုင်ငံသား ​များအဖွဲ့ ​(MAT)နဲ့ ​ထိုင်းအစိုးရ ​တာဝန်ရှိသူတွေ ​ပူးပေါင်းပြီး ​ကယ်တင်နိုင်ခဲ့တာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အခုကယ်တင်လိုက်နိုင်တဲ့ ​မြန်မာနိုင်ငံသားတွေထဲက ​၁၁ဦးကို ​မတ်လ ​၂၂ ​ရက်နေ့ညနေမှာ ​ကယ်တင်နိုင်ခဲ့ပြီး ​ကျန် ​သုံးဦးကိုတော့ ​မတ်လ ​၂၃ ​ရက်နေ့မနက်မှာ ​ဘိုခါ ​လှေဆိပ်က ​လှေ၂စီးပေါ် ​ကနေ ​ကယ်တင်ခဲ့တာ ​ဖြစ်ပါတယ်။ ​သူတို့တွေဟာ ​မကွေးတိုင်း ​မင်းဘူးခရိုင်၊ ​ဇမ္ဗုမြို့နယ်၊ ​ဗုံမနိုးကျေးရွာသားတွေ ​ဖြစ်တယ်လို့ ​သိရပါတယ်။

သူတို့တွေဟာ ​ရန်ကုန်မှာ ​အလုပ်လုပ်ဖို့လာရင်း ​ကားထဲမှာ ​အရှည်ကြီးဆိုတဲ့ ​ပွဲစားတစ်ဦးက ​ဆွဲဆောင်ခေါ်ယူခဲ့ပြီး ​အခုလိုလှေဆိပ်မှာရှိတဲ့ ​ပွဲစားကိုမျိုးဆီကို ​ပို့ပေးခဲ့တာလို့ ​ဗုံမနိုးရွာသား ​ကိုဘိုချစ်ကပြောပါတယ်။

“ကျနော်တို့ကို ​အဲဒါထိုင်းကို ​အလုပ်လုပ်လိုက်မလားဆိုပြီးတော့ ​ခေါ်တယ်၊ ​ကျနော်တို့ကလည်း ​ဘာလုပ်ရမှာလည်း ​ဆိုတော့ ​ကြက်သားကုမဏီ ​ပွဲရုံထဲမှာ ​အလုပ်လုပ်ရမယ်တဲ့၊ ​တလကို ​ဘတ်(၁၀၀၀၀)ရတယ်တဲ့၊ ​ဒါဆိုရင် ​ကျနော်တို့လိုက်မယ်၊ ​လမ်းစားရိတ်ဘယ်လောက်လဲဆိုတော့ ​သူက၅သိန်းခွဲပဲယူမယ်လို့ ​ပြောတယ်ခင်ဗျ၊ ​ဒီရောက်တော့ ​သူကဗမာငွေ ​၇သိန်းခွဲနဲ့ ​တွက်ပြီးတော့ ​ဘတ် ​(၂၅၀၀၀) ​ကျနော်တို့ကို ​တောင်းတယ်၊ ​သူတောင်းတဲ့အတိုင်း ​ကျနော်တို့က ​ပေးပါမယ်ဆိုပြီးတော့ ​သူပြောတဲ့ ​ကြက်သားကုမဏီ ​လုပ်ငန်းထဲကို ​တောင်းဆိုတယ်၊ ​ဒါပေမယ့် ​ကျနော်တို့ကို ​သူ့အကြွေး ​မကျေမချင်း ​မင်းတို့ဘယ်မှ ​မသွားရဘူး ​လှေပေါ်ပဲလိုက်ဆိုပြီးတော့ ​ကျနော်တို့ကို ​လှေထဲကို ​ဇွတ်အတင်းထည့်တယ်၊ ​ဘယ်လိုမှ ​ပြောလို့မရဘူး ​ကမ်းရောက်ရင် ​လှေထဲပဲပြန်ပြန်ထည့်တယ်”
ဒီလိုလှေမလိုက်ရင် ​လှေဆိပ်က ​ပွဲစားလုပ်သူကိုမျိုးနဲ့ ​တပည့်အပေါင်းအပါတွေ ​ရိုက်နှက်တာ ​ခံရတယ်လို့လည်း ​လွတ်မြောက်လာသူတွေက ​ပြောပါတယ်။

“ကျနော်ကလှေမလိုက်ချင်ဘူး၊ ​ကြက်ဆီသွတ်ဘူး ​ရုံပဲလုပ်မယ်ပြောတော့ ​ကျနော့်ကို ​ဝိုင်းထိုးကြတယ်၊ ​ဓါးတွေနဲ့ ​ခုတ်တယ်၊ ​အဲဒါခုတ်ပြီးသွားတော့ ​ကျနော်လက်ဒဏ်ရာကြီးနဲ့ ​(၇)လ ​လာတဲ့သူတိုင်းကို ​ထမင်းချက်ကျွေးရတယ် ​အဲဒီအချိန်မှာ ​ကျနော့်မျက်စိရှေ့မှာပေါ့၊ ​လူတွေကို ​ခေါ်ခေးခဲ့ပြီးတော့ ​အဲဒီလိုပဲ ​ညှင်းပမ်းနှိပ်စက်မှုတွေ၊ ​သတ်ဖြတ်တာတွေ ​အဲဒီမှာကျနော် ​(၇)ယောက်လောက် ​တွေ့ဖူးပါတယ်၊ ​ထွက်ပြေးလို့ဆိုပြီးတော့ ​(၂)ယောက်မိလာတယ် ​အခန်းထဲခေါ်ပြီးတော့ ​သစ်ပင်ကြီးတပင်မှာ ​ကြိုးနဲ့ချည်၊ ​ချည်ပြီးတော့ ​သူ့တပည့်တယောက်ကို ​ဟိုအပေါ်က ​ခါချဉ်အုံကြီးကိုဖြုတ်ခိုင်းပြီးတော့ ​ခါချဉ်အုံကြီးကို ​ကိုယ်ပေါ်ကိုချ၊ ​ကိုမျိုးဆိုတဲ့သူက ​ဓါးမြှောင်ထုတ်ပြီးတော့ ​ခွဲပြီးသွားတော့ ​အဲဒီခွဲထားတဲ့ ​ဗိုက်ထဲကို ​ဘော့ပင်မီးရှို့ပြီးတော့ ​အစက်ချတယ်၊ ​အဲဒီမှာတင်ပဲ ​ပွဲချင်းပြီးသေသွားတယ်အကို”
တချို့အပြစ်ကြီးတဲ့သူတွေဆိုရင် ​လှေသချိုင်းလို့ခေါ်တဲ့ ​လှေအပျက်တွေအပေါ်မှာ ​သေနတ်နဲ့ ​ပစ်သတ်ရင်သတ်၊ ​မဟုတ်ရင် ​ကျောက်ခဲဆွဲပြီး ​ရေထဲကို ​ကန်ချလေ့ရှိကြောင်းလည်း ​သူကပြောပါတယ်။

အခုအချိန်အထိ ​ထွက်ပြေးတိမ်းရှောင်နေတဲ့ ​ပွဲစားကိုမျိုးနဲ့အဖွဲ့ကို ​ထိုင်းရဲတပ်ဖွဲ့ ​က ​ဆက်လက် ​ရှာဖွေ ​နေဆဲဖြစ်တယ်လို့လည်း ​သိရပါတယ်။ ​မတ်လအတွင်းမှာပဲ ​အခု ​ကယ်တင်လိုက်နိုင်တဲ့ ​သူတွေအပါအဝင် ​စုစုပေါင်း ​မြန်မာနိုင်ငံသား ​(၂၉) ​ဦးကို ​ကယ်တင်နိုင်ခဲ့တယ်လို့ ​ သိရှိရကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: