Tuesday, March 26, 2013

ရှမ်းမြောက်ပိုင်းတွင် အစိုးရတပ် လှုပ်ရှားမှုရှိ၊ ပလောင်၊ KIA တို့နှင့် တိုက်ပွဲဖြစ်

ဖနိဒါ

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း အစိုးရ စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုများ ရှိနေ၍ ၎င်းတို့တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)မှ အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော် က ပြောသည်။

မန်တုံ၊ ကုတ်ခိုင်၊ နမ်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ နမ့်ခမ်းမြို့နယ်များအတွင်း အစိုးရ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကျောက်မဲမြို့နယ် စစ်ဆင်ရေးနှင့်ကွပ်ကဲရေး (စကခ) ၁ နှင့်သိန္နီ (စကခ) ၁၆ လက်အောက်ခံ တပ်ရင်းများမှ စစ်အင်အား အနည်းဆုံး ၂,၀၀၀ ကျော်မှ ၃,၀၀၀ ခန့်ထိ လှုပ်ရှားနေပြီး မတ်လ ၂၃ ရက်နေ့ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု မိုင်ဘုန်းကျော် က မဇ္စျိမကို ပြောသည်။

“ကျနော်တို့ တအာင်းဒေသမှာ သူတို့ အစိုးရ စစ်ကြောင်းတွေက တဖက်ကို ၃၊ ၄၊ ၅၊ ၆ ကြောင်း ပုံမှန်ရှိတယ်။ ထိုးစစ် လှုပ်ရှားနေတဲ့ ကိစ္စတွေကို သမ္မတ ဦးသိန်းစိန်တို့၊ ဦးအောင်မင်းတို့ အနေနဲ့ မြန်မာ့တပ်မတော်ကို ညွန်ကြားချက်တွေ ထုတ်သင့်တယ်။ တကယ်ငြိမ်းချမ်းရေး လုပ်ချင်တယ် ဆိုရင် ဒီလို မလုပ်သင့်ဘူး။ နိုင်ငံရေပြုပြင်မှု လုပ်တဲ့ ဦးသိန်းစိန်အနေနဲ့ အထူးစဉ်းစားသင့်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ တအာင်း (ပလောင်)ဒေသအတွင်း အစိုးရ စစ်တပ်များ ထိုးစစ်ဆင် လှုပ်ရှားလာမှုအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်း မတ်လ ၂၂ ရက်နေ့က PSLF မှ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် အနောက်ဘက် နမ့်လိတ်တောင်ကြောတွင် အစိုးရတပ်ရင်း ၅၀၂ တပ်ဖွဲ့နှင့် အခြား တပ်ရင်းအင်အား ၂၀၀ ခန့်သည် PSLF နှင့် ကချင် လွတ်မြောက်ရေးတပ် KIA ပူးပေါင်းတပ်များ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုင်းဘုန်းကျော်က ဆိုသည်။ ထိုတိုက်ပွဲတွင် အစိုးရတပ်မှ ၁၀ ဦးကျော် ကျဆုံးခဲ့ပြီး ၎င်းတို့တပ်မှ ထိခိုက် ကျဆုံးမှု မရှိခဲ့ဘဲ မတ်လ ၂၃ ရက်နေ့တွင်လည်း တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည် ၎င်းက ဆိုသည်။ ထို တိုက်ပွဲများနှင့်ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

တနင်္ဂနွေနေ့ ညနေပိုင်းတွင် KIA တပ်မဟာ ၄၊ တပ်ရင်း ၁၇ နယ်မြေ၊ ဂမ်မင်ဘွမ်တွင် အစိုးရ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နံနက် ၆ နာရီ ချိန်တွင်လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေသည်ဟု KIA သတင်းရပ်ကွက် တခုမှ ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တအာင်းတပ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲပေါင်း အနည်းဆုံး ၄ ကြိမ်ဖြစ်ပွားခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း အစိုးရတပ်များနှင့် တိုက်ပွဲအကြိမ်ပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ပြီး ယခုနှစ် မတ်လအတွင်း တိုက်ပွဲပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့ကြောင်း PSLF က ဆိုသည်။

မတ်လ ၂၃ ရက်နေ့က မန်တုံမြို့တွင် စတင်ကျင်းပနေသော ၁၁ ကြိမ်မြောက် “တအာင်း စာပေနှင့်ယဉ်ကျေးမှု ညီလာခံ” သို့ လူဦးရေ သုံးသောင်းကျော် တက်ရောက်နေပြီး ၎င်းတို့၏ လုံခြုံရေးအတွက် အထူးစိုးရိမ်ကြောင်း မိုင်းဘုန်းကျော်က ပြောသည်။ အင်္ဂါနေ့တွင် ညီလာခံ ပြီးဆုံးမည် ဖြစ်သည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ် PSLA သည် ၁၉၆၃ ခုနှစ် ကတည်းက စစ်အစိုးရအား လက်နက်ကိုင်တော်လှန်ခဲ့သော်လည်း ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် လက်နက်ချခဲ့သည်။ တချို့အဖွဲ့ဝင်များက ၁၉၉၂ ခုနှစ်တွင် PSLF ကို ဖွဲ့စည်း၍ ကွတ်ခိုင်၊ မန်တုံ၊ နမ်ခမ်း၊ နမ်ဆန်၊ မိုင်းလုံ၊ မိုးမိတ်မြို့နယ်များတွင် တပ်ရင်း ၆ ရင်းဖြင့် လှုပ်ရှားနေသည်ဟု သိရသည်။

No comments: