Tuesday, March 26, 2013

ကရင်နီဒုက္ခသည်စခန်းမီးလောင်၍သေဆုံးသူ ၃၇ ဦးဟုစခန်းကော်မီတီအတည် ပြု

ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ မတ်လ ၂၆ ရက် ၂၀၁၃

ထိုင်းနိုင်ငံ၊ မြန်မာ နယ်စပ် မယ်ဟောင်ဆောင် ခရိုင်တွင်းရှိ ဗာန်းမဲဆူရင်း ခေါ် ကရင်နီ အမှတ် (၂) ဒုက္ခသည် စခန်းတွင် မတ်လ ၂၂ ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ သေဆုံးသူ ၃၇ ဦး ရှိကြောင်း ပင်မ စခန်းကော်မီတီ အတွင်းရေးမှူး (၁)က အင်္ဂါနေ့တွင် မဇ္ဈိမသို့ အတည်ပြု ပြောကြားလိုက်သည်။

သေဆုံးခဲ့ရသူ အရေအတွက်ကို ထိုင်းသတင်း မတ္တိချွန် က ၄၅ ဦးထက် မနည်းဟု ရေးသားပြီး တရုတ်ဆင်ဟွာ သတင်းအား ကိုးကား၍ မတ်လ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ၆၀ ဦးကျော်ဟု ဆိုခြင်းကို
ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

“မီးလောင်ကျွမ်း ပြီးနောက် သေဆုံးရတာက ၃၆ ဦးပါပဲ။ ဒဏ်ရာ ပြင်းထန်လို့ ချင်းမိုင်ကို ပို့လိုက်တဲ့ တဦးက တနင်္ဂနွေနေ့က ထပ်ဆုံးသွားတော့ ၃၇ ဦး ဖြစ်သွားတယ်” ဟု အတွင်းရေးမှူး (၁)မနော်ထူးလွဲ (Naw Htoo Lweh) က ပြောသည်။

မီးလောင် ဒဏ်ရာ ပြင်းထန်၍ ဆေးရုံသို့ ပို့ရသည့် အရေအတွက်မှာ ၇ ဦး ရှိခဲ့သည်။ ဒဏ်ရာ မပြင်းထန်သူများမှာ ရာဂဏန်းခန့် ရှိနိုင်မည် ဖြစ်သော်လည်း စိုးရိမ်ရသည့် အခြေအနေမဟုတ်၍ ၎င်းတို့ကို ဒုက္ခသည် စခန်း၌ပင် ရှိနေကြောင်း မနော်ထူးလွဲ က ဆက်ပြောသည်။

ကရင်နီ ဒုက္ခသည်စခန်း နှစ်ခု ရှိကာ အမှတ် (၁) ဒုက္ခသည် စခန်း ဗာန်းမယ် နန်းဆွယ် နှင့် အမှတ် (၂) ဒုက္ခသည် စခန်း ဗာန်းမဲဆူရင်းတို့ ဖြစ်ကြသည်။ ပင်မကော်မီတီမှာ ၎င်းစခန်း နှစ်ခုလုံးကို ထိန်းချုပ် ကွပ်ကဲကာ စခန်း (၁)နှင့် (၂)တို့တွင်လည်း စခန်း ကော်မီတီများ သီးသန့်ရှိကြောင်း ၎င်းက ရှင်းပြသည်။

ထိုဒုက္ခသည် စခန်းတွင် ရပ်ကွက် (၄) ခုရှိသည့်အနက် လောင်ကျွမ်းခံရသည့် အမှတ် (၁) နှင့် (၄) တို့မှာချောင်းတခု ခြားကာ ထိုချောင်းကို ကျော်၍ တဖက်ကမ်းသို့ မီးကူးစက် လောင်ကျွှမ်း ခဲ့ခြင်း ဖြစ်ကာ မီးလောင်ရခြင်း အကြောင်းရင်းကိုမူ စုံစမ်း စစ်ဆေးနေဆဲဟုလည်း “အကြောင်းရင်းကိုတော့ စုံစမ်း စစ်ဆေးဆဲ ကာလမှာပဲ ရှိနေသေးတော့ ပြောလို့မရသေးပါဘူး။ ကျမ တဦးတည်းရဲ့၊ ဒုက္ခသည်စခန်း နေထိုင်တဲ့သူ တဦးရဲ့ မှတ်ချက်ပြောလို့ရတာကတော့ တရပ်ကွက်နဲ့ တရပ်ကွက်က ရေချောင်းကို ဖြတ်ရတယ်နော်၊ အဲဒါကို ဘယ်လို တဖက်ကို ကူးပြီး လောင်သွားတယ်ဆိုတာလည်း သံသယ ရှိတာပေါ့” ဟု မနော်ထူးလွဲ က ဆက်ပြောသည်။

မီးလောင်မှုတွင် အိမ်ခြေပေါင်း ၃၉၅ လုံး လောင်ကျွမ်းခံရကာ ၂၅ လုံးမှာ မီးကူးစက်ခြင်းမှ ကာကွယ်ရန် ဖျက်ချခဲ့ရ၍ အိုးအိမ်မဲ့ ဖြစ်ရသည့် ဒုက္ခသည် ဦးရေပေါင်း ၂,၃၃၀ ဦး ရှိကြောင်း အတွင်းရေးမှူး(၁)က ဆိုသည်။

မီးောလင်ပြီးနောက် စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေး အကူအညီများကို နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေး အဖွဲ့ (IRC) မှ ကူညီနေပြီး အစားအသောက်များကို ထိုင်းမြန်မာ နယ်ခြား ကော်မီတီ (TBBC) က ထောက်ပံ့လျက် ရှိသော်လည်း လုံလောက်မှု မရှိသေးကြောင်း သိရသည်။

လတ်တလောတွင် အစားအစာနှင့် သောက်ရေ သုံးရေ အရေးတကြီး လိုအပ်လျက်ရှိသည်။ ထို့ပြင် အိုးအိမ်မဲ့ ဒုက္ခသည်များ အနေဖြင့် ဖြစ်သလို တဲထိုး နေထိုင်ရ၍ နေ့ပူ ညချမ်းလှသည့် ယခုရာသီ ဥတု၌ ကလေးငယ်များ၏ ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်းလည်း ပင်မ စခန်းကော်မီတီ အတွင်းရေးမှူး (၁) နော်ထူးလွဲ က ပြောဆိုသည်။

No comments: