Thursday, March 28, 2013

ပဲခူးတိုင်း သဲကုန်းနှင့် မိုးညိုတွင် ဗလီနှင့်အိမ်များ ဖျက်ဆီးခံရ

အေး​နိုင်

ပဲခူးတိုင်းအတွင်းမှာ အကြမ်းဖက်ဖျက်ဆီးမှုတွေ မနေ့ညက ဆက်လက်ဖြစ်ပွားရာမှာ သဲကုန်းမြို့နယ် ပုတီးကုန်းကျေးရွာနဲ့ မိုးညိုမြို့က ဗလီတွေနဲ့ မွတ်စလင်အိမ်တွေ ဆိုင်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။

ပုတီးကုန်းမှာ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရော်ဘာကျည်ဆန်နဲ့ ပစ်ခတ် လူစုခွဲလို့ ၇ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ပြည်မြို့မှာတော့ ကောလာဟလတွေ ပျံ့ပေမယ့် အကြမ်းဖက်ဖျက်ဆီးမှု မဖြစ်သလို ပေါင်းတည်မြို့မှာလည်း ဖျက်ဆီးမယ့်သူတွေကို မြို့ခံလူငယ်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲ၊ စစ်တပ်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ပူးပေါင်းအဖွဲ့က တားဆီးပြီး လူ ၁၀ ယောက်ကို ဖမ်းဆီးချုပ်နှောင်ခဲ့တာကြောင့် ဖျက်ဆီးတဲ့အဖြစ်ကို မရောက်ရှိခဲ့ပါဘူး။

ဒီအခြေအနေတွေနဲ့ ပေါင်းတည်ရဲစခန်းကို မတ် ၂၈ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ မေးမြန်းထားပါတယ်။

ပေါင်းတည်ရဲစခန်းမှာ ညက ၁၀ ယောက်ကို ဖမ်းထားတယ်ကြားပါတယ်။ သူတို့ ဘယ်လိုဖြောင့်ချက်ပေးလဲ၊ သူတို့ဆီက ဘာတွေ စစ်ဆေးတွေ့ရှိလဲ ဆိုတာ သိချင်လို့ပါ။

“အခု ကျနော်တို့ စစ်ဆေးနေတုန်းပဲရှိသေးတယ်။”

မေး- သူတို့ကို နတ္တလင်းဘက်မှာ ဖျက်တဲ့သူတွေက ညွှန်ကြားလိုက်တယ်လို့ ဖြောင့်ချက် ပေးကြတယ်လို့ ကြားတယ် ဟုတ်ပါသလား။

ဖြေ- အခုလောလောဆယ်တော့ ကျနော်တို့ စစ်ဆေးနေတုန်းပဲ။

မေး- မနေ့ညတုန်းက မိုးညိုနဲ့ ပုတီးကုန်းမှာလည်း ဗလီတွေ၊ အိမ်တွေနဲ့ ဆိုင်တွေ ဖျက်တယ်လို့ကြားရတယ် ဟုတ်လား။

ဖြေ- အဲဒါတော့ အတိအကျတော့ မသိရဘူးခင်ဗျ။ ကြားတာပဲရှိတယ်။

မေး-အဲဒါဆို ညက ပေါင်းတည်မှာ ဖမ်းဆီးတဲ့ ဖြစ်စဉ်လေးကိုပဲ ပြောပြပါ။

ဖြေ- အဲဒါကတော့ စခန်းမှူး၊ မြို့နယ်မှူးနဲ့ တွေ့လိုက်ပါ။

မေး- ဒီလိုပါ ဖြစ်စဉ်ကျောရိုးကိုတော့ ကျနော်သိထားပြီးပါပြီ။ ညက ရွာတွေဘက်က တက်လာတဲ့လူအုပ်ထဲက ၁၀ ယောက်ကို ဖမ်းထားတယ်ဆိုတာ ဟုတ်တယ် မဟုတ်လား။

ဖြေ- လောလောဆယ်တော့ အဲဒါဟုတ်ပါတယ်။

မေး- သံတူးရွင်းတွေ၊ တူတွေ ကိုင်ထားတယ်ဆိုတာ ဟုတ်လား။

ဖြေ- အဲဒါတော့မဟုတ်ပါဘူး။ တုတ်တွေကိုင်ထားတာပါ၊

မေး- မနေ့ညက အစ်ကိုတို့ ရဲတပ်ဖွဲ့နဲ့အတူ မြို့ကိုစောင့်ရှောက်တဲ့ ကွန်ရက်အဖွဲ့ဝင်တွေကို ဖျက်ဆီးမယ့် အုပ်စုက ခြိမ်းခြောက်နေတယ်။ ဒီ ၁၀ ယောက်ကို ပြန်လွတ်အောင် လုပ်မပေးရင် မြို့ကို ဒုက္ခပေးမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ကြားပါတယ်။ ဒီအတွက် ဘာကူညီဆောင်ရွက်ပေးမလဲ။

ဖြေ- ဟုတ်ကဲ့ပါ – ကျနော်တို့က လုံခြုံရေးဆောင်ရွက်နေတာပဲဗျ။

မေး- အဲဒီမှာ စစ်တပ်လည်း ရှိတယ်လို့ ကြားပါတယ်။
ဖြေ- ဟုတ်ပါတယ်ခင်ဗျ။

မေး- ဒါဆို လုံခြုံရေးအင်အားက စိုးရိမ်စရာ မရှိဘူးပေါ့။

ဖြေ- ဟုတ်ကဲ့- လုံခြုံရေးအင်အားကတော့ ကောင်းပါတယ်။

No comments: