Thursday, March 28, 2013

ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် ပန်ဝါဖက်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲဖြစ်

Kachin news

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၇ နယ်မြေနှင့် တပ်ရင်း ၁၀ နယ်မြေ ပန်ဝါဘက်တို့တွင် ယမန်နေ့ အစိုးရတပ်များ လှုပ်ရှားလာသောကြောင့် KIA စတင်ပစ်ခတ်ခဲ့ခြင်းမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲသည် မတ်လ ၂၅ ရက် ယမန်နေ့ ညနေပိုင်း ၃ နာရီခွဲတွင် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၁၀ နယ်မြေ ပန်ဝါဒေသ မြန်မာ-တရုတ်နယ်စပ် မှတ်တိုင် ၅ အနီး KIA အထူးမူဘိုင်းတပ်ဖွဲ့များ တည်ရှိရာသို့ အစိုးရတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်(BGF) တပ်ပေါင်းစုတပ်ဖွဲ့များ ထိုးစစ်ဆင် ချဉ်းကပ်လာသောကြောင့် KIA တပ်ဖွဲ့များ ဗုံးဖောက်လိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပန်ဝါဒေသရှိ အထက်ပိုင်း KIA အရာရှိတစ်ဦးကပြောသည်။

“ကျနော်တို့ နေရာယူထားတဲ့ စခန်းမှာ သူတို့ ရောက်လာလို့ ကျနော်တို့ remote ဗုံးနဲ့ ဖောက်လိုက်တာ။ အဲတော့ သူတို့ဘက်နေပြီး လက်နက်ကြီး မော်တာနဲ့ပြန်ပစ်တယ်။ ၃၀ မိနစ်လောက်ပစ်ခတ်ကြတယ်။ အဲဒီနောက် မနေ့ညကနေ တစ်ညလုံး နေရာယူနေကြတာ အခုထိပဲ။ ဒီမနက်လည်း လက်နက်နဲ့ အင်အားတွေ လာတိုးချမယ်ဆိုပြီး ဇုတ်လန်းဘက်မှာ ကား ၆၀ ရောက်နေတယ်တဲ့” ဟု အထက်ပါ KIA အရာရှိက KNG ကချင်သတင်းဌာန သို့ပြောသည်။

ထို့ပြင် ယမန်နေ့ မနက် ၆ နာရီမှ ၈ နာရီထိ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၁၇ နယ်မြေတွင်လည်း KIA တပ်ဖွဲ့များရှိနေသည့် မန်ကန်း-လွယ်ဟူးမုန်း နေရာသို့ အစိုးရတပ် ခမရ ၃၂၄ တပ်ဖွဲ့များ ထိုးစစ်ဆင် ချဉ်းကပ်လာသောကြောင့် KIA တပ်ဖွဲ့များ ပစ်ခတ်လိုက်ခြင်းမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာ ၄ မှ အမည်မဖော်လိုသူ အထက်ပိုင်း KIA အရာရှိတစ်ဦးကပြောသည်။

၎င်းနေရာတွင်သာ မတ်လ ၂၄ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲမှ ၅ နာရီဝန်းကျင်ထိ KIA တပ်မဟာ ၄ လက်အောက် တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ရှိသော ခလရ ၁၄၅ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“၂၄ ရက်နေ့တော့ အစိုးရတပ်တွေ မန်လွမ်ဘက်ကနေ ကျနော်တို့နေတဲ့ နေရာကို တက်လာလို့ ပစ်လိုက်တာ။ ၂ နာရီလောက်ပစ်ခတ်ကြပြီး သူတို့တပ်ဖွဲ့ နောက်ဆုတ်သွားတယ်။ သူတို့နောက်ဆုတ်သွားတော့ သိန်းဒန်ဘက်ကနေ နောက်အစိုးရစစ်ကြောင်း တစ်ခုပြန်တက်လာတယ်။ အဲဒီပြန်တက်လာတဲ့အဖွဲ့နဲ့ မနေ့က မနက်ပိုင်းမှာ ပြန်ပစ်ခတ်ကြတယ်။ သူတို့လဲ ပြန်နောက်ဆုတ်သွားတယ်။ အစိုးရတပ်ဖွဲ့တွေက ကျနော်တို့နေရာယူနေတဲ့ နေရာတိုင်းမှာ လိုက်လိုက်နေတာ။ သူတို့လိုက်လို့ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တော့ ပစ်ခတ်ဖြစ်သွားတာ” ဟု အထက်ပါ KIA အရာရှိက ပြောသည်။

မတ်လ၂၄ ရက်တွင် တပ်ရင်း ၁၇ နယ်မြေ အခြားတစ်နေရာ KIA တပ်ဖွဲ့များ နေရာယူနေသည့် နမ်ယူးဘွမ်အနီးတွင်လည်း ညနေ ၄ နာရီခွဲချိန်တွင် အင်အား ၁၀၀ ခန့်ရှိသော အစိုးရ ခလရ ၂၉၀ တပ်ဖွဲ့များနှင့် ချဉ်းကပ်လာသောကြောင့် KIA တပ်ဖွဲ့များ ပစ်ခတ်လိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ဖြင့် မတ်လ ၂၄ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ လက်အောက် တပ်ရင်း ၁၇ နယ်မြေတွင် ၂ နေရာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ တို့အကြား မတ်လ ၁၁-၁၂ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်တပ်ပိုင်းဆိုင်ရာ အေက်ခြေတပ်ဖွဲ့များ အထိ ညှိနှိုင်းမှုရရှိအောင် ညွန်ကြားသွားရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

အစိုးရဘက်မှ ထိုးစစ်ဆင်လာသော်လည်း KIA ဌာနချုပ်မှ ၎င်းတို့ဘက်မှ ပစ်ခတ်မှုမရှိလျှင် ပစ်ခတ်မှုမပြုလုပ် ရန် ညွန်ကြားထားကြောင်းသိရသည်။ ဖေဖ၀ါရီလ ၄ ရက်နေ့ဆွေးနွေးပွဲအပြီး အစိုးရတပ်နှင့် KIA ရှေ့တန်းမျက်နှာတွင် ပစ်ခတ်မှုများလျော့လာရန် ညှိနှိုင်းမှုများအချို့ရှိခဲ့သော်လည်း ယခု ပြန်လည်တင်းမာလာခြင်းဖြစ်သည်။

သို့သော် အစိုးရတပ်ဘက်မှ KIA တပ်ဖွဲ့များရှိနေသည့် ရှေ့တန်းစခန်း တည်ရှိရာနယ်မြေတိုင်းတွင် လက်နက်ဖြည့်ခြင်း၊ စစ်အင်အားတိုးချခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများပြုလုပ်မှုရှိနေသောကြောင့် ထိပ်တိုက်ရင် ဆိုင်ခဲ့ချိန် ယခုလို အခြေအနေအရ KIA ဘက်မှပစ်ခတ်ခြင်းဖြစ်သည်ဟု တပ်မဟာ ၄ KIA အရာရှိတစ်ဦးကပြောသည်။

No comments: