Wednesday, March 27, 2013

ပဋိပက္ခကြောင့် နိုင်ငံရေးပါတီတွေ သတိပေးခံရ

ABC

ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခမှာ ​နိုင်ငံရေးပါတီဝင်လူငယ်တချို့ပါဝင်တဲ့အတွက် ​အစိုးရတာဝန် ​ရှိသူတွေက ​နောက်နှောင်မပါဝင်ဖို့အတွက် ​နိုင်ငံရေးပါတီတချို့ကိုခေါ်ယူသတိပေး ​လိုက်တယ်လို့ ​သိရပါတယ်။

ပီးခဲ့တဲ့ ​ မတ်လ ​၂၄ ​ရက်နေ့က ​ရန်ကုန်မြို့ ​တာမွေ ​မြို့နယ်ထဲမှာရှိတဲ့ ​အရက်ဆိုင်တဆိုင်မှာ ​ပြဿနာ ​ဖြစ်ပွားခဲ့ပြီး ​နိုင်ငံရေးပါတီအဖွဲ့ဝင်တချို့ကပါဝင်ခဲ့တဲ့အတွက်နောက်နှောင် ​အခုလိုမျိုး ​ပြဿနာ ​တွေကြားမှာဘယ်နိုင်ငံရေးပါတီတွေအနေနဲ့မှဝင်မပါဖို့ ​ရန်ကုန်တိုင်းဒေသကြီး ​၀န်ကြီးချုပ်ဦးမြင့်ဆွေက ​မနေ့က ​နိုင်ငံရေးပါတီတွေကိုခေါ်ယူပြီးတော့သတိပေးလိုက်တာ ​ဖြစ်ပါတယ်။ ​အခုလို ​၀န်ကြီးကနေ ​ခေါ်ယူသတိပေးလိုက်တဲ့အကြောင်းကို ​ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ​တာဝန်ရှိသူ ​ဒေါ်သန်းသန်းနုကအခုလိုရှင်းပြပါတယ်။

"ဒီနေ့ ​သူတို့ခေါ်တာကတော့ ​အခြေအနေကိုရှင်းပြတာပေါ့။ ​လုံခြုံရေး ​အခြေအနေပြီးတဲ့ ​ခါကျတော့ ​ကောလဟာလတွေ ​ဖြစ်နေတယ်မလား။ ​၀န်ကြီးချုပ်က ​ပြောတာကအဲဒီလိုဖြစ်နေတယ် ​ဆိုတာက ​တကယ်တော့ ​သူများတွေက ​အဲဒါ ​ဘာသာရေးပြဿနာပေါ့နော်။ ​တကယ်တော့ ​ဘာသာရေးပြဿနာ ​မဟုတ်ဘူးတဲ့။ ​အရက်ဆိုင်မှာ ​ထအော်တာကနေသူများကို ​ဆန့်ကျင်တဲ့ ​စကားမျိုးတွေ ​ဖြစ်ပြီးဆူဆူပူပူ ​ဖြစ်တာလို့ ​၀န်ကြီးချုပ်က ​ရှင်းပြတယ်။ ​ဆူပူတဲ့အထဲမှာ ​နိုင်ငံရေးပါတီတွေပါလို့။ ​နိုင်ငံရေးပါတီ ​တချို့ပါတဲ့ ​အတွက်ကြောင့်အဲဒီနိုင်ငံရေးပါတီကို ​သတိပေးတာပေါ့ကွယ်။”

ဝန်ကြီးအနေနဲ့ကတော့ ​ဘယ်နိုင်ငံရေးပါတီတွေပါဝင်တယ်ဆိုတာကို ​လူနာမည်ဖေါ်ပြတာမျိုး ​မလုပ်ခဲ့တဲ့အကြောင်း၊ ​လူငယ်ပါတီဝင်တွေကလုပ်နေတာတွေ့ကို ​လူကြီးတွေအနေနဲ့ ​သိနိုင်မှာမဟုတ်ပေ မယ့် ​ကိုယ့်ပါတီဝင် ​လူငယ်တွေကို ​ထိန်းသိမ်းပေးဖို့ ​၀န်ကြီးချုပ်ကပြောခဲ့တာ ​ဖြစ်ပါတယ်။

အခမ်းအနားကို ​တက်ရောက်ခဲ့တဲ့အမျိုးသားဒီမိုကရေစီပါတီသစ် ​တာဝန်ရှိသူ ​ဦးကျော်ကလည်း ​ဘယ်လိုသတိပေးခံရတဲ့အကြောင်းကိုအခုလိုရှင်းပါတယ်။ ​“နိုင်ငံအတွက် ​နှေင့်ယှက်မယ့်ဟာတွေကို ​ဖြစ်စေမယ့်ဟာတွေကို ​ဒါတွေကို ​ပါတီတွေအနေနဲ့ပါတီဝင်တွေက ​လုပ်နေတာတွေကိုတားဆီးပေးဖို့ ​နောင်မဖြစ်အောင်ထိန်းသိမ်းပေးဖို့ ​ပြောတယ်။”

တွေ့ဆုံမှုကို ​ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးမှာ ​ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ​ပါတီပေါင်း ​၂၉ ​ကတာဝန်ရှိသူတွေ ​တက်ရောက်ခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက်မေငယ်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: