Thursday, March 28, 2013

ပဲခူးတိုင်း ဇီးကုန်းနှင့် နတ္တလင်းတွင် ပုဒ် ၁၄၄ ထုတ်ပြန်

အေး​နိုင်

ပဋိပက္ခဖြစ်ပွားနေတဲ့ ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်နဲ့ နတ္တလင်းမြို့နယ်တွေမှာ ဒီနေ့ ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြန်လိုက်ပါတယ်။

ဇီးကုန်းမြို့နယ်မှာ မတ် ၂၆ ရက်နေ့ည သန်းခေါင်မတိုင်မီမှာ ဆူပူဖျက်ဆီးလိုသူတွေဟာ မြို့ပေါ်က ဗလီ၊ မွတ်စလင်တွေရဲ့အိမ်ခြေတွေနဲ့ ဈေးဆိုင်တွေကို ဖျက်ဆီးခဲ့ကြပြီး လူတွေကတော့ ထိခိုက်သေကျေမှုမရှိဘူးလို့ မြို့ခံက ပြောပါတယ်။

ဇီးကုန်းမှာ ဗလီတလုံးနဲ့ မွတ်စလင်အိမ်ခြေ ၅၀ လောက်ရှိရာ မနေ့ညပိုင်းက တကြိမ်၊ ဒီနေ့ နေ့ခင်း ၂ နာရီလောက်မှာတကြိမ် ရာနဲ့ချီတဲ့လူအုပ်က လာရောက်ဖျက်ဆီးတာလို့ ဆိုပါတယ်။

“ဖျက်နေတုန်းတော့ လုံခြုံရေးက ရဲရော စစ်တပ်ရော ဘာမှမတွေ့ဘူး။ မူဆလင် အိမ်ရှင်တွေက ကြားထားပြီးပြီ၊ ၉၆၉ အရ ဗလီတွေ၊ စီးပွားရေးတွေနဲ့ အိမ်တွေဖျက်မယ်ဆိုပြီးလေ။ သူတို့လည်း မသယ်နိုင်တာတွေထား တံခါးတွေပိတ်ပြီး နီးစပ်ရာ ရွာတွေဆင်းပြီး အသက်မသေပြီးရောဆိုပြီး သွားနေရတယ်။ လူ့အခွင့်အရေးတွေချိုးဖောက်နေရင်တော့. ဒါကြီးက ကျမတို့မှာ လက်ပိုက်ကြည့်နေရတယ် ၀မ်းအနည်းဆုံးပဲ။”

ဖျက်ဆီးပြီးကာနီးမှာ သေနတ်ဖောက်သံ ၂ ချက်ခန့် ကြားရပြီးနောက် လူငယ်တဦး ၀မ်းဗိုက်ရှပ်မှန်ဒဏ်ရာရသလို ဓာတ်ပုံရိုက်တဲ့ အန်အယ်လ်ဒီလူငယ်တဦးလည်း ခေါင်းပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

နတ္တလင်းမြို့အခြေအနေနဲ့ပတ်သက်ပြီးလည်း ဒေသခံတဦးက ဖျက်ဆီးမှုတွေဟာ ကြိုတင် အစီအစဉ်ရှိရှိ လုပ်တာဖြစ်ပုံရတယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

“၁၁ နာရီလောက်မှ စဖြစ်လိုက်တယ်။ တာပေါ်လမ်းကနေ အနောက်ဘက်ကနေ မြို့ပေါ်တက်လာကြတာ၊ အများကြီးပဲ။ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ရဲတွေကလည်း ဖယ်ပေးလိုက်တယ်။ သူတို့ထဲပါလာသူတွေက မီးမရှို့ဘူး၊ ဗလီကိုပဲဖြိုလိုက်တယ်။ ရဲနဲ့ စစ်တပ်ရောက်တယ်။ ဒါပေမယ့် မထိန်းဘူး။ သူတို့က လွှတ်ပေးနေသလိုကြီး။ မြို့နာတာပေါ့။ ဒီမိုကရေစီလမ်းကြောင်း လျှောက်နေချိန်မှာ ဒီလိုမျိုးမဖြစ်စေချင်ဘူး။ လူအုပ်စုက အရမ်းများတယ်။ အစီအစဉ်ချထားသလိုမျိုးကြီး။”

ပေါင်းတည်မြို့ဘက်မှာလည်း အလားတူ ဖျက်ဆီးမယ်ဆိုတဲ့အသံတွေကြားတာ ၄ ရက်ရှိပြီ ဖြစ်ပြီး မြို့ခံတွေအကြား ထိတ်လန့်နေကြသလို မွတ်စလင်တွေ ပြောင်းရွှေ့ပုန်းအောင်းနေကြတယ်လို့ ပေါင်းတည်ဒေသခံတဦးက ပြောပါတယ်။

အလားတူဖြစ်ရပ်မျိုးတွေဟာ ကြို့ပင်ကောက်မြို့မှာ မတ် ၂၅ ရက်ည၊ အုတ်ဖိုမြို့မှာ မတ် ၂၄ ရက်နေ့ ညတွေမှာလည်း ဖြစ်ခဲ့သလို မင်းလှမြို့နယ် လက်ပံရေကျော်ကျေးရွာအုပ်စု တာကွေ့ကျေးရွာနဲ့ စစ်ကွင်းကျေးရွာတို့မှာလည်း ဆူပူအကြမ်းဖက်ဖျက်ဆီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အုတ်ဖိုမြို့နယ် အိုးသည်ကုန်းအုပ်စုမှာဖြစ်ပွားတဲ့ ဆူပူအကြမ်းဖက်မှုမှာ ပါဝင်တယ်လို့ ယူဆရသူ ၅ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင်းက မိတ္ထီလာမြို့နယ်၊ ၀မ်းတွင်း၊ မလှိုင်နဲ့ သာစည်မြို့နယ်တွေမှာ ဖြစ်ပေါ်ခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးကို ကူးစက် ပျံ့နှံတာဖြစ်ပြီး ကြို့ပင်ကောက်မြို့နယ်၊ အုတ်ဖိုမြို့နယ်နဲ့ မင်းလှမြို့နယ် တွေမှာလည်း မတ် ၂၆ ရက်နေ့က တားမြစ်မိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

No comments: