Thursday, March 28, 2013

တရုတ်နယ်စပ် ကားဈေးကွက် မီးသတ်ကားအဝယ်လိုက်

သျှမ်းသံတော်ဆင့်
ပူပြင်းခြောက်သွေ့သည့် နွေကာလသို့ ရောက်ရှိလာချိန်တွင် မီးဘေးကာကွယ်ရန် အတွက် မြန်မာပြည် ဘက်မှ တရုတ်လုပ် မီးသတ်ကားက အဆွဲများနေသည်ဖြစ်ရာ တရုတ်နယ်စပ်ရွှေလီကားဈေးကွက်တွင် မီးသတ်ကား များ အဝယ်လိုက်နေကြောင်း ကားပွဲစားများ အဆိုအရ သိရသည် ။

ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအကြား ဧရာဝတီမြစ်ရိုးတစ်လျှောက် မြို့ရွာများမှ ဒေသခံများက ၄င်းတို့ ဒေသအတွင်း အသုံးပြုရန် ကိုယ်ထူကိုယ်ထ ၀ယ်ယူခြင်း ဖြစ်ကြောင်း ကားပွဲစားတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည် ။

“ကချင်ပြည်နယ်ဆိုရင် ဗန်းမော် ၊ ရွှေကူနယ်တစ်ဝိုက်ပေါ့။ အဲဒီကနေမြစ်ရိုးတစ်လျှောက် မန္တလေး အထိပေါ့။ အဲဒီနယ်ခံတွေ အဝယ်များတယ်။ အဟောင်းရော အသစ်ရော အဝယ်လိုက်တယ် ” ဟု သူက ဆိုသည်


မီးသတ်ကားအသစ် တစ်စီးလျှင် တရုတ်ယွမ်ငွေ တစ်သိန်းခွဲဝန်းကျင် (ကျပ်သိန်း ၂၀၀ ကျော်) နှင့် အဟောင်း တစ်စီးလျှင် ယွမ် ၈ သောင်း ၀န်းကျင် (ကျပ်သိန်း ၁၀၀ ကျော် ) ပေါက်ဈေး ရှိကြောင်း သိရသည် ။

ကိုယ်တိုင် ကားလာဝယ်သူ ဗန်းမော်ဒေသခံ တစ်ဦးက - “ အခုဆို ရပ်ကွက်တိုင်းလိုလို ရပ်ကွက်ပိုင် မီးသတ် ကားတွေဝယ်ထားကြတယ်။ ဋ္ဌာနဆိုင်ရာတွေလည်း ကိုယ်ပိုင်ဝယ်တယ်။ မီးလောင်လို့ မီးသတ်ကား အလာ စောင့်နေရတာနဲ့ အကုန်လုံးပြာ ကျတဲ့အထိ ဖြစ်ဖြစ်နေလို့ ရွာတွေကအစပေါ့ဗျာ ကိုယ်ပိုင်မီးသတ်ကားတွေ ၀ယ်ထားကြတယ် ” ဟု ဆိုသည် ။

ယခုအခါ တရုတ်နယ်စပ် ရွှေလီကားဈေးကွက်တွင် မီးသတ်ကားအပြင် သစ်တင်ရန် တုန်းဖုန်းအမျိုး အစား ကားများ ၊ ၄ လုံးထိုးကားနှင့် ထော်လာဂျီများ အဝယ်လိုက်နေကြောင်း သိရသည် ။

No comments: