ABC
မတ်လ ၈ရက်နေ့ နိုင်ငံတကာအမျိုးသမီးများနေ့ကျရောက်တိုင်းနိုင်ငံအသီးအသီးက ဆောင်ပုဒ်တခုတင်ပြီး ကျင်းပခဲ့ကြပြီး ဒီနှစ်နိုင်ငံတကာအမျိုးသမီးများနေ့ရဲ့ဆောင်ပုဒ်ကတော့ ဂတိဆို တာဂတိအတိုင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုတဲ့ ဆောင်ပုဒ် ကိုတင်ပြီးကျင်းပကြပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀၁၂ ခုနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့မှာတော့ ဆာလောင်မွတ်သိပ်မှု ပပျောက်ရေး ဆောင်ပုဒ်နဲ့ ကျင်းပခဲ့ကြပြီး ၂၁၁၀ပြည့်နှစ်မှာတုန်းက အမျိုးသမီးတွေ တန်းတူညီမျှရပိုင်ခွင့်၊ တန်းတူညီမျှအခွင့် အရေးရရှိမှုနဲ့ အားလုံးအတွက် တိုးတက်ထွန်းကားမှု ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပခဲ့ကြပါတယ်။
နိုင်ငံတကာအမျိုးသမီးများနေ့ကို ၁၉၇၅ခုနှစ်မှာ ပထမဦးဆုံးအကြိမ်သတ်မှတ်ခဲ့တာဖြစ်ပြီး အဲဒီနှစ်တုန်းက တင်ခဲ့တဲ့ဆောင်ပုဒ်ကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်တယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ၁၉၉၆ ခုနှစ်ကနေစပြီး ဒီနှစ်အထိ နိုင်ငံတကာအမျိုးသမီးများနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဒီနှစ် မတ်လ ၈ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ကမ္ဘာတဝမ်းမှာရှိတဲ့ အမျိုးသမီး အဖွဲ့အစည်းတွေ၊ လူ့အခွင့်ရေးဆိုင်ရာအဖွဲ့အစည်းတွေက အမျိုးသမီးများနေ့ ကြေညာချက်တွေကို ထုတ်ပြန်ခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းကတော့ ထောင်ကျခံနေရတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ကြေညာချက်တစ်စောင်မနေ့က ထုတ်ပြန် လိုက်ပါတယ်။
အမျိုးသမီးတွေထောင်ထဲထိန်းသိမ်းခံထားရတဲ့အချိန်မှာ အမျိုးသားတွေနဲ့တန်းတူ အကာအကွယ် တွေရရှိသင့်တဲ့အကြောင်း၊ အမျိုးသမီးတွေရဲ့ ဓလေ့၊ ရိုးရာ ယဉ်ကျေးမှုနဲ့ ခန္ဓာကိုယ်ခြားနားမှုတွေကြောင့် အထူးဆေးကုသပိုင်ခွင့် အခွင့်ရေးရရှိသင့်တဲ့ကြောင်း ကြက်ခြေနီအသင်းတာဝန်ခံ Catherine Deman ကကြေညာချက်ထဲမှာပြောထားပါတယ်။ အပြည်အပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့အနေနဲ့ ထောင်ကျခံရသူတွေ အကြမ်းဖက်နှိပ်စက်မှုတွေ ပပျောက်ဖို့ ထောင်ကျခံရသူအကျဉ်းသား ၅သိန်းလောက်ကိုနှစ်စဉ် သွားရောက်တွေ့ဆုံခဲ့တယ်လို့ ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ အာရှ-ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံ ၁၅ နိုင်ငံက အမျိုးသမီးတွေရဲ့ လူမှုရေးနဲ့ စီးပွားရေး မြင့်တင်မှုကဏ္ဍမှာ ဂျပန်နိုင်ငံက အဆင့်အနိမ့်ဆုံး ဖြစ်နေတဲ့အကြောင်း ကောက်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
MasterCard က ပြုစုထားတဲ့ကောက်တမ်းအရ နယူးဇီလန်နိုင်ငံဟာ အမျိုးသမီးတွေရဲ့ လူမှုရေးနဲ့ စီးပွားရေးမြင့်တင်မှုကဏ္ဍမှာ ထိပ်ဆုံးရောက်ရှိနေပြီး ဒုတိယနေရာမှာ သြစတြေးလျ၊ တတိယနေရာမှာ ဖိလိပိုင်နိုင်ငံ အဲဒီနောက်မှာတော့ စင်္ကာပူ၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ၊ တောင်ကိုးရီးယား၊ ဂျပန်နဲ့ အန္ဒိယတို့ဖြစ်ပြီး ဂျပန်နိုင်ငံက အောက်ဆုံးအဆင့်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
အမျိုးသမီး ပညာရေးနဲ့ အလုပ်အကိုင်ပိုင်းမှာ ဂျပန်ရဲ့ အခြေအနေမဆိုးလှပေမယ့် ခေါင်းဆောင်ပိုင်းနေရာမှာ အမျိုးသမီးတွေ နည်းပါးတဲ့အတွက် အောက်ဆုံးအဆင့် ရှိနေတာ ဖြစ်ပါတယ်။
အာရှ-ပစိဖိတ်ဒေသတစ်ခုလုံးမှာ အမျိုးသမီးတွေ ရာထူးမြင့်မားတဲ့နေရာရဖို့ အဟန့်အတားတွေရှိနေဆဲဖြစ်ပေမယ့် တက္ကသိုလ်ပညာသင်ကြားခွင့်နဲ့ အလုပ်အကိုင်ရရှိရေးတွေမှာတော့ အခွင့်အရေးတွေ အများကြီး ပိုမိုရရှိကြောင်းလည်း အဲဒီကောက်တမ်းမှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment